အာရှအံ့မခန်း၊ ၀ါရှင်တန်သဘောတူညီချက်နဲ့ ကုထုံးဟောင်း/ကုထုံးသစ်

အာရှအံ့မခန်း၊ ၀ါရှင်တန်သဘောတူညီချက်နဲ့ ကုထုံးဟောင်း/ကုထုံးသစ်
မူဆယ် ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင်သို့ ရောက်ရှိလာသော သစ်သီးတင်ကားများပေါ်ရှိ ဖရဲသီးများ တရုတ်ကုန်သည်များက ဝယ်ယူရန် ကြည့်ရှုနေသည်ကို COVID-19 ကာလမတိုင်မီက တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းထွန်းနေလှိုင်)
မူဆယ် ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင်သို့ ရောက်ရှိလာသော သစ်သီးတင်ကားများပေါ်ရှိ ဖရဲသီးများ တရုတ်ကုန်သည်များက ဝယ်ယူရန် ကြည့်ရှုနေသည်ကို COVID-19 ကာလမတိုင်မီက တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းထွန်းနေလှိုင်)
Published 19 December 2021
သန်းစိုး (ဘောဂဗေဒ)

အခုချိန်မှာ စီးပွားရေးပေါ်လစီ ကိစ္စမျိုး အလေးပေးပြောနေခြင်းထက် လက်တွေ့အလုပ်ဖြစ်မယ့် ရေတိုစီးပွားရေးကုထုံးတွေ အကောင်အထည်ဖော်ခြင်းကသာ အကျိုးဖြစ်ထွန်းမှု မြန်မြန်ဆန်ဆန် ရလာနိုင်မယ်လို့ ယူဆပါတယ်။ နိုင်ငံတကာ စီးပွားရေးအခင်းအကျင်းအရဆိုရင် အခြေခံကုန်စျေးနှုန်းတွေ မြင့်တက်နေခြင်း၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ကုန်ကြမ်းစျေးနှုန်းတွေ မြင့်တက်နေခြင်း၊ အခြေခံစက်မှုကုန်ကြမ်းတွေ စျေးမြင့်နေခြင်း၊ နိုင်ငံတိုင်း ဘတ်ဂျက်တိုးမြှင့်သုံးစွဲနေရခြင်း၊ နိုင်ငံတိုင်း အင်ဖလေးရှင်းဖြစ်နေခြင်းတွေ စတဲ့ စီးပွားရေးဖြစ်စဉ်တွေ တူညီနေကြပါတယ်။

စီးပွားရေးနဲ့ပတ်သက်ပြီး အာရှနိုင်ငံတွေ ကနဦးအစမှာ ဘယ်လို ကျားကန်ဆောင်ရွက်ခဲ့ရသလဲဆိုတဲ့ အပိုင်းကနေ လေ့လာသင်ယူစရာ၊ အတုယူစရာတွေ ရှိလာမယ်လို့ ဒီနေရာမှာ ပြောချင်ပါတယ်။ အာရှနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု ကနဦး ပထမအဆင့်မှာ ကိုယ့်နိုင်ငံရဲ့ ရှိရင်း စွဲအရင်းအမြစ်တွေကနေ စတင်ခဲ့ကြတာဟာ ဒီလိုနိုင်ငံတကာ စီးပွားရေးအကျပ်အတည်းဖြစ်နေချိန်မှာ မိမိတို့နိုင်ငံအတွက် လက်တွေ့အလုပ်ဖြစ်မယ် ထင်ပါတယ်။ အာရှနိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှု ကနဦးအစရဲ့ ထင်သာမြင်သာရှိတဲ့ လုပ်ဆောင်ချက်တွေဟာ ပထမအဆင့်မှာ ပို့ကုန်တိုးချဲ့တယ်။ ပို့ကုန်ရငွေကို အကျိုးရှိရှိ အသုံးချတယ်။ ရလာတဲ့ နိုင်ငံရဲ့စုစုပေါင်းဝင်ငွေကို စုဆောင်းမှု အတင်းအကျပ်လုပ်တယ်။ မိမိနိုင်ငံရဲ့ အခြေခံစားသောက်ကုန်၊ လူသုံးကုန်စည်တော်တော်များများရဲ့ စျေးကွက်ကို ပြည်ပသွင်းကုန်တွေ ဝင်မလာအောင် ကန့်သတ်ထားတယ်။ ပို့ကုန်ဝင်ငွေကို အရင်းအနှီး ကုန်စည် တရဟောတင်သွင်းတယ်။ ဒီလိုဖြစ်စဉ်တွေဟာ လက်တွေ့ကျပြီး အသုံးချမယ်ဆိုရင် အခုအထိ ထိရောက်နေဦးမယ်လို့ ယူဆတဲ့အတွက် ဒီဆောင်းပါးကို အကျဉ်းချုပ် တင်ပြရခြင်းဖြစ်ပါတယ်။

အာရှရဲ့ လှေကားထစ်

Industrial ဖွံ့ဖြိုးမှုလှေကားနဲ့ ပတ်သက်ပြီး အာရှကျားတွေနဲ့ပတ်သက်ပြီး အနှစ်ချုပ်ရရင် တွေ့ရှိချက် သုံးခုရှိကြောင်း ပညာရှင်တွေက မှတ်တမ်းတင်ထားပါတယ်။ အာရှကျားနိုင်ငံတွေကို သုံးမျိုးခွဲလိုက်ပါတယ်။

ပထမတွေ့ရှိချက်က

သယံဇာတ ရှားပါးနိုင်ငံတွေဟာ ပထမအစမှာ Light Industry နဲ့စတယ်။ ပေ့ါပေါ့ပါးပါး နည်းပညာ အဆင့်မြင့်မှုမလိုအပ်တဲ့ စက်မှုလုပ်ငန်း။ ပေ့ါပေါ့ပါးပါးနဲ့ နည်းပညာ၊ အရင်းအနှီး အများကြီးမလိုအပ်ဘဲ အလုပ်သမားအများကြီးခန့်ပြီး ကုန်စည်အများအပြားထုတ်လုပ်နိုင်တဲ့ လုပ်ငန်းမျိုးကို Light Industry လို့ ခေါ်ပါတယ်။ အထည်ချုပ်လုပ်ငန်းများ၊ ဖိနပ်လုပ်ငန်းများ၊ ကလေးကစားစရာအရုပ် စတဲ့လုပ်ငန်းများကို ဆိုလိုခြင်းဖြစ်ပါတယ်။ ပြည်တွင်းက အလုပ်သမားများများကို အလုပ်ခန့်နိုင်ခြင်းနဲ့အတူ လုပ်ခလစာဟာလည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေထက် နည်းပါတယ်။ ကုန်ကျစရိတ်နည်းလို့ ဖွံ့ဖြိုးပြီး နိုင်ငံတွေက သူတို့ရဲ့ စက်မှုလုပ်ငန်းကို  နည်းပညာမြှင့်နေချိန်မှာ အဲဒီလို နည်းပညာနိမ့် အလုပ်များများခန့်၊ Mass Production တွေ ထုတ်လုပ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေကို တင်ပို့ကြတာဖြစ်ပါတယ်။

အဲဒီကရတဲ့ဝင်ငွေဟာ နှစ်မျိုး ထွက်လာပါတယ်။ အလုပ်သမားတွေရဲ့ လုပ်ခလစာဝင်ငွေနဲ့ ပို့ကုန် ဝင်ငွေ (တစ်နည်း နိုင်ငံခြားငွေ) ဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ လုပ်ခလစာဝင်ငွေကို ဘဏ်တွေမှာ စုဆောင်းကြပါတယ်။ တစ်ဦးချင်းစုဆောင်းမှုဟာ ငွေပမာဏ နည်းတယ် ဆိုပေမဲ့ တစ်ဦးချင်းတွေ အားလုံးကို ပေါင်းလိုက်ရင် နိုင်ငံသားစုဆောင်းမှု ဖြစ်လာပါတယ်။ အဲဒီအမျိုးအစား စုဆောင်းမှုဟာ လုပ်ငန်းတွေအတွက် အရင်းအနှီးတွေ ပြန်ဖြစ်ပါတယ်။ ဘဏ်တွေကတစ်ဆင့် ချေးငှားမှုတွေ ပြန်ဖြစ်ပါတယ်။ ချေးငှားမှုတွေ၊ အရင်းအနှီးတွေကတစ်ဆင့် စီးပွားရေး လုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုအဖြစ် ပြန်အသွင်ပြောင်းသွားခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်တွင်းစုဆောင်းမှု အထူးဦးစားပေးပြီး စုဆောင်းမှုက ရတဲ့ငွေနဲ့ နှစ်ပိုင်းသုံးတယ်။ တစ်ပိုင်းက HR မှာ။ တစ်ပိုင်းက ပြန်လည်ရင်းနှီးမြှုပ်နှံပါတယ်။

ဒုတိယပို့ကုန်ဝင်ငွေ။ ပို့ကုန်ဝင်ငွေတွေအားလုံးကို အစိုးရက တစ်နည်းတစ်ဖုံ မက်လုံးပေးပြီး ပြန်အသုံးချပါတယ်။ စက်မှုလုပ်ငန်း တင်းပြည့်ကျပ်ပြည့် အသွင်မပြောင်းခင်မှာ ပို့ကုန်ဝင်ငွေ တစ်နည်း နိုင်ငံ ခြားငွေအားလုံးကို သူတို့ စက်မှုကိရိယာအသစ်တွေ၊ စက်မှုကုန်ကြမ်းတွေ၊ အရင်းအနှီး ကုန်စည်တွေသာ ပြန်တင်သွင်းကြတာဖြစ်ပါတယ်။ ပို့ကုန်ဝင်ငွေကနေရတဲ့ငွေကို အဲဒီလို အရင်းအနှီးကုန်စည်တွေ၊ စက်မှုကုန်ကြမ်းတွေပြန်ဝယ်ပြီး မိမိတိုင်းပြည်မှာ ပြန်ထုတ်လုပ်၊ ပြန်တင်ပို့နဲ့ ပို့ကုန်ဝင်ငွေ တဖြည်းဖြည်းများလာ၊ ဖွံ့ဖြိုးမှုခြေလှမ်းကို စတင်ကြတာဖြစ်ပါတယ်။ Capital Goods တွေ ဝယ်တယ်။ နည်းပညာနဲ့ပတ်သက်ပြီး ဝယ်ယူတယ်။ အခြေခံအဆောက်အအုံတွေ ဖြည့်ဆည်းဖို့လိုအပ်တဲ့ ကုန်ကြမ်းတွေ ဝယ်ပါတယ်။

ဒီလိုနည်းနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်မှုလှေကားထစ်ကို တောင်ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်၊ စင်ကာပူနိုင်ငံတွေ တက်ခဲ့ကြတာပါ။ ပြန်ကြည့်လိုက်တော့ တောင်ကိုရီးယားအပါအဝင် ဖွံ့ဖြိုးမှုအစမှာ FDI ရဲ့ အရေးပါမှုမရှိခဲ့တာကြောင့် ဒီသင်ခန်းစာကိုယူတတ်ရင် လက်ရှိ ကိုဗစ်ကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအကျပ်အတည်းဖြစ်နေတဲ့ ဒီလိုအချိန်မျိုးမှာ ဘယ်လိုစတင်သင့်သလဲ သင်ခန်းစာယူသင့်ပြီး လက်တွေ့ကျကျ ဆောင်ရွက်ရင်ရနိုင်မယ့်အပိုင်းကို တင်ပြရခြင်းဖြစ်ပါတယ်။

သယံဇာတပေါတဲ့နိုင်ငံကတော့ ပထမအစမှာ Primary Goods ကို တင်ပို့တယ်။ Primary Goods ဆိုတာ ဆန်ကို ဆန်အတိုင်း၊ ရော်ဘာကို ရော်ဘာအတိုင်း၊ သတ္တုကုန်ကြမ်းကို သတ္တုကုန်ကြမ်းအတိုင်း၊ ငါး၊ ပုစွန်ကို ငါးပုစွန်အတိုင်း၊ မြေပဲ၊ ပဲတီစိမ်း စတဲ့ပဲကိုလည်း ဒီအတိုင်း တင်ပို့ခြင်းကို ပြောတာဖြစ်ပါတယ်။ အဲဒီ အခြေခံကုန်စည်တွေကို တင်ပို့ပြီး ထပ်ဆင့်တန်ဖိုးမြှင့်၊ ထုတ်လုပ်၊ ထုတ်ပိုး၊ သန့်စင်၊ စည်သွပ်ပြုပြင်ပြီး ပြန်တင်ကြတာဖြစ်ပါတယ်။ လယ်ယာ၊ သစ်တော၊ သတ္တု Primary ထွက်ကုန်ကို Processing လုပ်ပြီး တစ်ဆင့်မြှင့်ပို့ကုန်တင်ပို့တွေ လုပ်ကြတာဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေတော့ ထိုင်း၊ မလေးရှားတို့ဖြစ်ပါတယ်။ အစားအသောက်ကုန်စည်တွေ၊ ဆန် အရည်သွေးမြင့်လာတာတွေ၊ လူသုံးကုန်တွေစတဲ့ Intermediate Goods တွေ ထုတ်လုပ်တင်ပို့ကြတာဖြစ်ပါတယ်။ အဲဒီ ပြည်ပပို့ကုန်ရငွေကနေ Capital Goods တွေဝယ်တယ်။ နည်းပညာတင်သွင်းတယ်။ ဒါဟာ ရိုးရှင်းတဲ့လုပ်ငန်းစဉ်များ ဖြစ်ပါတယ်။

ပို့ကုန်ရငွေနဲ့ အဲဒီစီးပွားရေး လုပ်ငန်းကနေ အလုပ်အကိုင်ဖန်တီးပေးနိုင်တယ်။ ရလာတဲ့လုပ်ခလစာ ဝင်ငွေကို အတင်းအကျပ် စုဆောင်းစေခြင်း၊ မက်လုံးပေးစုဆောင်းစေခြင်းတွေ အစိုးရက ဦးဆောင်ပြီးလုပ်တယ်။ လုပ်ခလစာဝင်ငွေတွေဟာ နိုင်ငံဝင်ငွေဖြစ်သလို စုဆောင်းမှုကနေတစ်ဆင့် ရင်းနှီးမြှုပ်နှံမှု ပြန်ဖြစ်ပါတယ်။ လုပ်ခလစာဝင်ငွေဟာ လာမယ့်မျိုးဆက်အတွက် ရင်းနှီးမြှုပ်နှံမှုတွေဖြစ်လာပါတယ်။ ပညာရေးကဏ္ဍမှာ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးမှု HR ကို ဆွဲတင်ပါတယ်။ ပညာရေးကနေ မွေးထုတ်ပေးလိုက်တဲ့ ကျွမ်းကျင်လုပ်သားတွေကြောင့် ထုတ်လုပ်မှုက တစ်ဖန်ပြန်တိုးတက်လာပါတယ်။ ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ဖို့ ရင်းနှီးမြှုပ်နှံခြင်းဟာ အာရှဟာ စံပြဖြစ်သွားခဲ့ပါတယ်။ ထိုင်း၊ မလေးရှား၊ အင်ဒို၊ ဖိလစ်ပိုင် (နောက်ပိုင်း အာရှကျားတွေထဲ ဒီ နိုင်ငံတွေ ထည့်ထားပါတယ်။)

ထူးခြား တရုတ်

စက်မှုဖွံ့ဖြိုးမှုလှေကားထစ်ကို သွားတဲ့နေရာမှာ ထူးခြားတဲ့ပုံစံကတော့ တရုတ်နိုင်ငံဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှစတင်ခဲ့တဲ့ တရုတ်စီးပွားရေး ပြုပြင်ပြောင်းလဲမှုဟာ ထူးခြားမှုမဟုတ်တဲ့ လယ်ယာကဏ္ဍကနေ စတင်ခဲ့တာပါ။ လယ်ယာမြေ ပြုပြင်ပြောင်းလဲမှု စတင်လုပ်ခဲ့ပြီးတဲ့နောက် လယ်ယာသီးနှံ ထုတ်လုပ်၊ ဖြန့်ချိ၊ တင်ပို့မှုနဲ့ ပတ်သက်မှုတွေရဲ့ ကန့်သတ်ချက်တွေအားလုံးကို ဖြေလျှော့ပေးခဲ့တာဖြစ်ပါတယ်။ ဒီလို လုပ်နေတဲ့တစ်ချိန်တည်းမှာ တရုတ် အရှေ့ဘက်ကမ်းရိုးတန်း အထူးသဖြင့် ဟောင်ကောင်နားတစ်ဝိုက်မှာ စက်မှုဇုန်တွေ အများအပြားတည်ထောင်လိုက်ပါတယ်။ စက်မှုဇုန်မှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းတွေအားလုံးကို မြေ၊ အဆောက်အအုံ၊ အခွန်စတဲ့ အခမဲ့မက်လုံးနည်းမျိုးစုံနဲ့ ဆွဲဆောင်ခဲ့တာဖြစ်ပါတယ်။ တရုတ်ဟာ စျေးပေါတဲ့ ထုတ်ကုန် အားလုံးနီးပါး ထုတ်ပါတယ်။ အဝတ်အထည်၊ နာရီ၊ ဖိနပ်အမျိုးမျိုး၊ အီလက်ထရွန်နစ်နဲ့ရေဒီယို၊ ကက်ဆက်၊ စားသောက်ကုန်၊ အချိုနဲ့ မုန့်မျိုးစုံ စတဲ့ Light Industry ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၀ နဲ့ ၁၉၉၀ ဝန်းကျင်ကာလမှာ ဟောင်ကောင်၊ ဂျပန် စက်မှုလုပ်ငန်းတော်တော်များများဟာ တရုတ်ဘက်ကို ရွှေ့သွားခဲ့ကြပါတယ်။ ၁၉၉၀ နောက်ပိုင်း အမေရိကန်ကော်ပိုရေးရှင်းကြီးတွေလည်း ရောက်လာခဲ့ပါတယ်။

တရုတ်ဟာလည်း ရလာတဲ့ ပို့ကုန်ငွေကို အရင်းအနှီးဖြစ်လာအောင် ချုပ်ကိုင်ထားတယ်။ တရုတ်က ပိုပြီး လူလည်ကျတယ်လို့ ဆိုရမှာပါ။ သူ့ နိုင်ငံထဲတင်သွင်းတဲ့ ပို့ကုန်နဲ့ပတ်သက်ပြီး ပြည်တွင်းထုတ်လုပ်သူတွေ ထိခိုက်မယ့်ကုန်စည်တွေ ကန့်သတ်မှုတွေ လုပ်တယ်။ အထူးသဖြင့် အခြေခံကုန်စည်တွေ၊ စားသောက်ကုန်စည်တွေပါ။ အခုချိန်ထိလည်း လုပ်နေတုန်းပါပဲ။ ၁၉၉၀ နောက်ပိုင်းနှစ်မှာ အမေရိကန်က MFN သတ်မှတ်လိုက်ပြီးတဲ့နောက် အမေရိကန် ကုမ္ပဏီတော်တော်များများ တရုတ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ တရဟောလုပ်လိုက်တာဟာ တရုတ်အတွက် နောက် ၁၀ နှစ်မှာ အမေရိကန်က နည်းပညာတော်တော်များများ ရလိုက်တာဟာ မဟာအခွင့်အလမ်းတစ်ရပ်ဖြစ်ခဲ့တာပါ။ ဥပမာ အိုင်ဘီအမ်ကနေ လီနိုဗိုကွန်ပျူတာလိုမျိုး၊ အိုင်ဖုန်းကနေ ဖုန်းအမည်အမျိုးမျိုး စတဲ့ အီလက်ထရွန်နစ်နည်းပညာဟာ အမေရိကန်ဆီကလာတဲ့ ကလုံးတွေဖြစ်ပါတယ်။ အမေရိကန်ရဲ့ MFN ကြောင့် တရုတ်ပို့ကုန် တော်တော်များများ အမေရိကန် စားသုံးသူစျေးကွက်ထဲ အကြီးအကျယ် နေရာယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယ တွေ့ရှိချက်

နိုင်ငံတကာက ပေးထားတဲ့ ကုန်သွယ်မှုအခွင့်အလမ်းပေါ့။ အထူးသဖြင့် အမေရိကန်ကပါ။ ကွန်မြူနစ်ဆန့်ကျင်ရေး အိုင်ဒီရော်လော်ဂျီ အောက်ကနေ အမေရိကန်ဟာ သူ့နိုင်ငံထဲတင်သွင်းမယ့် သွင်းကုန်တွေကို အထူးအခွင့်အရေးပေးပြီး ခွင့်ပြုပေးထားတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ တော်တော်များများဟာ အဲဒီကလည်း ပို့ကုန်အခွင့်အလမ်းတွေ၊ အခွင့်အရေးတွေ တော်တော်များများ ရကြပါတယ်။ ဒါကြောင့်လည်း အာရှကျားတွေနဲ့ပတ်သက်ရင် Export Orientrial Policy က ခေတ်စားခဲ့တာဖြစ်ပါတယ်။ ပို့ကုန်အခွင့်အလမ်းကြောင့် အာရှကျားတွေအားလုံး အမေရိကန်ကျေးဇူး မကင်းပါဘူး။ အထူးသဖြင့် အာဆီယံနိုင်ငံ အားလုံးနီးပါးဖြစ်ပါတယ်။

ဒါကြောင့် အမေရိကန်ရဲ့ နိုင်ငံရေးအိုင်ဒီယာက Market First က အရင်လာတယ်။ စျေးကွက်က ပထမ လာတယ်။ ပြီးမှ ရင်းနှီးမြှုပ်နှံမှုက လိုက်တာဆိုတဲ့ အိုင်ဒီယာဖြစ်ပါတယ်။ အမေရိကန်ဟာ စျေးကွက်ဖွင့်ပေးပြီး သြဇာလွှမ်းမိုးဖန်တီးတာပါ။ ကွန်မြူနစ်ကြောက်တဲ့ နိုင်ငံအားလုံး စျေးကွက်အခွင့်အလမ်း ရသွားခဲ့ကြတာဖြစ်ပါတယ်။ အမေရိကန် စျေးကွက်ကြောင့် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားစတဲ့နိုင်ငံတွေ အသီးသီးရပြီးတဲ့နောက် တရုတ်က လိုက်ပါတယ်။ ပြီးတော့မှ ဗီယက်နမ် လိုက်တာဖြစ်ပါတယ်။

ဂျပန် ဖွံ့ဖြိုးလာပြီးတဲ့နောက် အာရှနိုင်ငံတွေဆီလာတဲ့ မော်ဒယ်ကတော့ Capital First ပြီးမှ Market က လိုက်လာတယ်။ ဂျပန်ဟာ ငွေနဲ့ ပေါက်ပြီး အာရှကိုလာတာလို့ပဲပြောရအောင်။ ထောက်ပံ့ငွေ၊ ချေးငွေ အဲဒီကတစ်ဆင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလာတာဖြစ်ပါတယ်။ ဂျပန်က သူ့စျေးကွက် တော်ရုံမဖွင့်ပေးပါဘူး။ ဒါကြောင့် ပိုက်ဆံက ပထမ၊ စျေးကွက်က နောက်မှဆိုတဲ့ အိုင်ဒီယာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရုတ်ကြီးရဲ့ ထူးခြားချက်က Market လည်း First မဟုတ်ပါဘူး။ စျေးကွက်ကိုလည်း မဖွင့်ပေးပါဘူး။ တရုတ်နိုင်ငံ ထဲတင်သွင်းမယ့် နိုင်ငံခြားကုန်စည်တိုင်းဟာ လွယ်လွယ်နဲ့ ဘယ်တော့မှ မရပါဘူး။ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေ အမြဲတမ်းဖြစ်တယ်ဆိုတာ စျေးကွက်ပထမ မဟုတ်ဘူး ဆိုတာကို ပြောချင်တာပါ။ ပြောချင်တာက တရုတ်ဟာ သူ့နိုင်ငံထဲ စျေးကွက်ကို မဖွင့်ပေးပါဘူး။ ပိုက်ဆံ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစတဲ့ ရင်းနှီးမြှုပ်နှံမှုလို့ပြောတာထက် ဖွံ့ဖြိုးဆဲနိုင်ငံတွေလည်း တော်ရုံ Invest မလုပ်ပါဘူး။ FDI ထက် ချေးငွေကို ဦးစားပေးတာပါ။ ဒါကြောင့် တရုတ် ကြွေးမြီတွေ တတိယနိုင်ငံတွေမှာ များနေရခြင်းဖြစ်ပါတယ်။

တတိယ တွေ့ရှိချက်

တတိယတွေ့ရှိချက်ကတော့ အာရှကျားနိုင်ငံတွေရဲ့ Good Governance အကျိုးသက်ရောက်မှုဖြစ်ပါတယ်။ ခိုင်မာအားကောင်းတဲ့ ဗျူရိုကရက်တွေကြောင့်၊ ဗျူရိုကရေစီ ယန္တရားကြောင့်လို့ ဆိုထားတယ်။ စီးပွားရေးတိုးတက်မှုဟာ သူ့ချည်း သီးသန့်မဟုတ် Good Governance ကြောင့်လို့ ပူးတွဲတင်ပြတာပါ။ အာရှကျားတွေရဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ဟာ အစိုးရတွေ ဘယ်လိုပြောင်းပြောင်း၊ နိုင်ငံရေး မငြိမ်မသက်မှုတွေ ဘယ်လိုဖြစ်ဖြစ်၊ အာဏာလုပွဲတွေ ဘယ်လိုဖြစ်လာဖြစ်လာ တိုင်းပြည်ရဲ့အင်စတီကျူးရှင်း အခန်းကဏ္ဍကို တည့်မတ်သွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးမှုဟာ သူ့ချည်းမဟုတ် Good Governance နဲ့ပါလို့ ဆိုလိုရင်းဖြစ်ပါတယ်။

အံ့မခန်းနဲ့ Look East

အာရှအံ့မခန်းကြောင့် နိုင်ငံတကာမျက်နှာစာမှာ အရှေ့ကိုကြည့် Look East ပေါ်လစီဟာ ၁၉၉၀ ကာလတွေအထိ ရေပန်းစားခဲ့ပါတယ်။ ၁၉၉၀ ကာလများအတွင်း အနောက်နိုင်ငံ အထူးသဖြင့် အမေရိကန်နိုင်ငံ စီးပွားရေးကျဆင်းမှုကနေ ပြန်လည်ကုစားဖို့ စီးပွားရေးသီအိုရီတွေ၊ တိုးတက်မှုမော်ဒယ်တွေ ပြန်လေ့လာတဲ့အခါ အာရှကျားမော်ဒယ်ကို တွေ့ရှိခဲ့ပေမဲ့ အာရှအံ့မခန်းကို ပြန်အမီလိုက်ဖို့ အနောက်အရင်းရှင်နိုင်ငံများဟာ သူ့နည်းသူ့ဟန်နဲ့ စီးပွားရေးကို ပြန်လည်ကုစားကြတာ ဖြစ်ပါတယ်။ ၁၉၈၆ နောက်ပိုင်းကာလမှာ မီလ်တန်ဖရိုင်းမင်း၊ ဖရိုက်တို့ရဲ့ Free Market အယူအဆနဲ့ အနောက်ဟာ ရေဂင်သက်ချာဂိုဏ်းနဲ့ ပြန်လည်ဆန်းသစ်တာပါ။ အဲဒီမှာ PPP တွေ၊ NPM သီအီုရီတွေ၊ Privatization တွေ ခေတ်စားလာခြင်း ဖြစ်ပါတယ်။ စီးပွားရေးပြန်လည်ကုစားဖို့ ၀ါရှင်တန်သဘောတူညီချက် (Washington Consensus) ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအိုင်ဒီရော် လော်ဂျီနဲ့ ပြန်လွှမ်းမိုးမှု စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအယူအဆဟာ အာရှနိုင်ငံတွေက အနောက်ကို မလွန်ဆန်နိုင်တော့ ဖွင့်လိုက်တဲ့စျေးကွက်ကြောင့် ၁၉၉၇ အာရှအကျပ်အတည်းနဲ့တွေ့မှပဲ တစ်ခန်းရပ်တော့တယ်။ အာရှ အံ့မခန်းမော်ဒယ်ကိုလည်း ပြန်လည်ဆန်းစစ်ခဲ့ကြပါတယ်။ နို့ပေမဲ့ အာရှကျားများရဲ့ စီးပွားရေးတွေ့ရှိချက်ကတော့ အခုလို ကိုဗစ်ကာလ စီးပွားရေး အကျပ်အတည်းဖြစ်နေချိန်မှာ သုံးတတ်ရင် အလုပ်ဖြစ်နေသေးတယ် ဆိုတာကို သတိပြုသင့်ပါတယ်။

Most Read

Most Recent