(၁) တစ်ခုသောစနေနေ့က ကျွန်တော်သည် စူပါမားကက်တစ်ခုသို့ ရောက်ရှိခဲ့ပါသည်။ ကျွန်တော့်အမျိုးသမီးက ဝယ်ခြမ်းထားသော ပစ္စည်းများအတွက် ကောင်တာတွင် ငွေပေးချေနေတုန်း ကျွန်တော်နှင့်သားက အပြင် ဘက်မှာ ခဏစောင့်နေပါသည်။ စူပါမားကက်၏ အဝင်ဝ၌ အဝင်အထွက် လူမှန်သမျှကို လက်အုပ်ချီနေသော ၁၀ နှစ်ကျော်အရွယ် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရပါသည်။ သူ့ကို ပိုက်ဆံတောင်းသော ကလေး တစ်ယောက်ဟု ကျွန်တော်ထင်လိုက်မိသည်။ ကျွန်တော် သူ့ကိုကြည့်လိုက်သောအခါ သူ၏မျက်ဝန်းထဲတွင် မျှော်လင့်ချက်သမ်းသော အရိပ်အယောင်များကို တွေ့လိုက်ရပါသည်။ သူ့၏ရှေ့တွင် ခွက်တစ်ခွက်ချထားလျှင် ပိုက်ဆံတောင်းသောကလေးတစ်ယောက်ဟု သေချာပေါက်ပြောနိုင်သော်လည်း ခွက်ကိုလည်း မတွေ့ရပေ။ ထို့ကြောင့် ထိုကလေးကို ကျွန်တော် ပိုက်ဆံပေးရန် ဝန်လေးနေမိပါသည်။
ကျွန်တော်သည် “အဲဒီကောင်လေးက ပိုက်ဆံတောင်းတဲ့ ကောင်လေးလား” ဟု သား ကို မေးကြည့်လိုက်သည်။ ရှစ်နှစ်သားအရွယ် ကျွန်တော်၏သားမှာ ကျွန်တော်မေးသော မေးခွန်းကို ကောင်းစွာမဖြေနိုင်ပါ။ သူသည်လည်း ထိုအဖြေကို သိရှိဟန်မတူ။ ထို့ကြောင့် အမျိုးသမီး ငွေရှင်းပြီး ဆိုင်ထဲမှ ထွက်လာသောအခါ “အဲဒီကောင်လေးက ပိုက်ဆံတောင်းတဲ့ ကောင်လေးလား”ဟု ကျွန်တော် မေးလိုက်မိသည်။ “မဟုတ်ဘူး။ ငှက်ပျောသီးရောင်းတဲ့ ကောင်လေး။ သူ့အနားမှာ ငှက်ပျောသီးတွေတွေ့တယ် မဟုတ်လား။ သူလက် အုပ်ချီတာက သူ့ငှက်ပျောသီးတွေကို ဝယ်ပါဆိုတဲ့ အဓိပ္ပာယ်”ဟု အမျိုးသမီးက ရှင်းပြသည်။ ကျွန်တော်သည် သူ့ကိုလှမ်းကြည့်လိုက်သောအခါ သူ့အနားမှာ ဒေါက်ထောက်ထားသော စက်ဘီးတစ်စီးကို တွေ့လိုက်ရသည်။ ထိုစက်ဘီး၏ လက်ကိုင်တွင် ငှက်ပျောသီးဖီးများ ချိတ်ထားသည်ကို တွေ့လိုက်ရ၏။
“သြော် သူငှက်ပျောသီးရောင်းတဲ့ပုံစံက လက်အုပ်ချီပြီးရောင်းတာပါလား” ဟု တအံ့တသြဖြစ်မိသွားသည်။ ကျွန်တော်သည် လက်အုပ်ချီကာ ပိုက်ဆံတောင်းသော ကလေးများကိုသာ တွေ့ဖူးသော်လည်း လက်အုပ်ချီကာ စျေးရောင်းသည့် ကလေးတစ်ယောက်ကိုတော့ အခုမှ ပထမဆုံးတွေ့ရှိခဲ့ခြင်းပင် ဖြစ်ပါသည်။ စျေးရောင်းသည် ဆိုခြင်းမှာ မိမိရောင်းသောပစ္စည်းကို တစ်ဖက်သားအား တန်ရာတန်ကြေးပေး၍ ရောင်းချခြင်းဖြစ်သည်။ တစ်ဖက်သားကလည်း ကြိုက်မှဝယ်မည်။ မကြိုက်လျှင် ဝယ်စရာမလိုပေ။ ထို့ကြောင့် ထိုကလေးသည် ဘာဖြစ်လို့များ သူ၏ရောင်းကုန်ဖြစ်သော ငှက်ပျောသီးများ ရောင်းချရအောင် တစ်ဖက်သားကိုဘာဖြစ်လို့များ သိမ်ငယ်စိတ်ဖြင့် လက်အုပ်ချီနေရသည့်အပေါ်တွင်လည်း ဘဝင်မကျဖြစ်မိသည်။ လူကြီးတစ်ယောက်က သူ့သဘောနှင့်သူ လက်အုပ်ချီသည်ကို ပြောစရာမရှိသော်လည်း ၁၀ နှစ် စွန်းစွန်းအရွယ် ကလေးတစ်ယောက်အဖို့ ထိုကဲ့သို့သော စျေးရောင်းခြင်းမျိုးက သိမ်ငယ် စိတ်ဝင်စေသည်ဟု ထင်မြင်မိပါသည်။
(၂) တစ်ချိန်တုန်းက ကျွန်တော်တို့ မြန်မာ့ လူ့ဘောင်ရှိကလေးများသည် သိမ်ငယ်စိတ် ယခုထက်ပိုသည်ဟုပင် ထင်မြင်မိပါသည်။ ထိုကဲ့သို့သော ဖြစ်ရခြင်းသည် မြန်မာ့လူ ဘောင်၌ ကျင့်သုံးခဲ့သော ပညာရေးစနစ် ကြောင့်ဟုဆိုလျှင် လုံးဝမှန်ကန်သည်ဟု မဆိုနိုင်သော်လည်း အတိုင်းအတာတစ်ခုအထိတော့ မမှားနိုင်ရာ။ ရှေးခေတ်ဘုန်းတော်ကြီး သင်ပညာရေးမှ စတင်ခဲ့သော မြန်မာ့လူ့ဘောင်၏ ပညာရေးတွင် ဆရာကို ရိုသေရ သည်။ ဆရာဖြစ်သူ၏ရှေ့က ဖြတ်သွားဖြတ်လာပြုလျှင် ဦးခေါင်းငုံ့၍သွားလာကြရသည်။ ထိုအထိ ကိစ္စမရှိ။ သို့သော် ပညာရေး၏ အဓိကအားနည်းချက်က ဆရာဖြစ်သူ၏ သင်ကြားပြသခြင်းအပေါ်တွင် ဝေဖန်ချက်၊ အမှား တစ်စုံတစ်ရာတွေ့သဖြင့် ထောက်ပြချက်မျိုးဆိုလျှင် ဆရာများက ပညာစမ်းသည်ဟု ထင်မြင်ကြခြင်းပင် ဖြစ်သည်။ ဆရာလုပ်သူက မိမိ၏အမြင်နှင့် ကွဲပြားပြီးထွက်ပေါ်လာသော ကျောင်းသား၏အမြင်ကို လက်ကမ်းကြိုဆိုရမည့်အစား နာမ်နှိမ်ပစ်လိုက်ခြင်းပင် ဖြစ်ပါသည်။ ထိုသဘောကို စာရေးဆရာမောင်သစ် ဆင်းရေးသားသော “ကြောက်စိတ်”စာအုပ် တွင် တွေ့နိုင်ပါသည်။
ဆရာကြီးမြကေတု ရေးသားသော “မင်းတုန်းမင်းနှင့် ငါးခြောက်ပြား” သင်ခန်းစာနှင့် ပတ်သက်ပြီး စံကျောင်းဆရာတော် ဦးစန္ဒိမာအပေါ် အမြင်တစ်မျိုးဖြင့် ရေးသားထားသော ကျောင်းသားတစ်ဦး၏အမြင်ကို ဆရာဖြစ်သူကို ထိုအမြင်မှားတယ်ဆိုပြီး ကျောင်းသားအများ၏ရှေ့တွင် ဝန်ခံခိုင်းခြင်းပင် ဖြစ်သည်။ အတန်းထဲရှိ ကျောင်းသားများမှာလည်း ထိုကျောင်းသား၏အမြင်ကို သဘောတူညီကြသော်လည်း ဆရာဖြစ်သူကို စောဒကမတက်ရဲ။ ထိုကဲ့သို့ အတွေးသစ်တစ်ခုဖြင့် ဖြန့်ထွက် တွေးလာသော ကျောင်းသား၏အရေးအသား အပေါ် ကြိုဆိုမှုပြုပြီး “ဒီအရေးအသားက အဆင်ပြေပါ တယ်။ ဒါပေမဲ့ စာမေးပွဲမှာတော့ မရေးစေချင်ဘူး” ဟု ပြေပြေပြစ်ပြစ်ပြောရမည့်အစား ဆရာက ထိုကျောင်းသားကို ကြိမ် လုံးစာကျွေးခဲ့ပါသည်။ ထိုကျောင်းသားသည်လည်း သိပ်မကြာခင် ကျောင်းပြောင်းသွားသည်ဟု သိရပါသည်။ ကျောင်းခန်းထဲတွင် ကျောင်းသားများအားလုံးဆီက အမြင်အမျိုးမျိုး ထွက်ပေါ်လာသည်ကို ညှိနှိုင်းဖြေရှင်းပေး မည့်အစား မိမိ၏အမြင်တစ်ခုတည်းဖြင့် ရေးသားထားသော မှတ်စုကိုခေါ်ပေးကာ အလွတ်ကျက်ခိုင်းသော မြန်မာ့ပညာရေးစနစ်၏ အလွဲတစ်ခုဟု ထင်မြင်မိပါသည်။
သည်ဘက်ခေတ်တွင်လည်း သင်ခန်းစာများအပေါ်တွင် ဖြန့်ထွက်တွေးတောခြင်းမျိုးကို လှိုက်လှိုက်လှဲလှဲ အားမပေးသေးပါ။ ၁၀ တန်း မြန်မာစာသင်ကြားသော သူငယ်ချင်းတစ်ယောက်နှင့် လက်ဖက်ရည်ဆိုင်အတူ ထိုင်ရင်း ၁၀ တန်းသင်ရိုးတွင်ပါဝင်သော “အိမ်ရှေ့ကိုယ်တော်ကြီး” စကားပြေနှင့် ပတ်သက်ပြီးပြောမိသည်။ ကနောင်ကိုယ်တော်ကြီးသာ လုပ်ကြံမခံရလျှင် သူ့ကျွန်မဖြစ်ဟူသော ရှေးမြန်မာကြီးများ၏ အယူအဆနှင့် ပတ်သက်ပြီး ဆွေးနွေးဖြစ်သည်။ “အဲဒီတုန်းက အင်္ဂလိပ်က နေမဝင်အင်ပါယာဖြစ်နေပြီ။ မြန်မာပြည်ကို တိုက်တာတောင် အိန္ဒိယတပ်နဲ့ တိုက်သွားတာ။ ကနောင်မင်းသားကြီးမရှိရင် သူ့ကျွန်မဖြစ်ဆိုတာကို မင်းလက်ခံသလား” ဟု ကျွန်တော်က သူ့ကို မေးမိပါသည်။ “မင်း ပြောတာအမှန်ပဲ။ ဒါပေမဲ့ ကလေးတွေကို အဲဒီလို သင်လို့မရဘူးလေ။ အဲဒီလိုသင်လိုက် ရင် မျိုးချစ်စိတ်ဆိုတာကို သူတို့ဘယ်သိတော့ မလဲ”ဟု တုံ့ပြန်ပါသည်။ သူပြောသည့် မျိုး ချစ်စိတ်ဆိုသည်မှာ မည်သည့်ပေတံနှင့်တိုင်း တာသလဲသည်ကို ကျွန်တော်မမေး ဖြစ်တော့ပါ။
(၃) ကျွန်တော်တို့ ဒုတိယတန်းကျောင်းသား ဘဝက အဖြစ်အပျက်တစ်ခုကို မှတ်မိသေးသည်။ ကျွန်တော်တို့ နယ်ကျောင်းသို့ ပညာရေးမှူးလာစစ်မည်ဟု ကြားလိုက်ရသည်။ လာစစ်သူက လက်ထောက်ပညာရေးမှူးသာ ဖြစ်ပါသည်။ လက်ထောက်ပညာရေးမှူး လာမည်ဆိုသဖြင့် ကျွန်တော်တို့၏ အတန်းပိုင်ဆရာမကလည်း ကြောက်နေသည်။ ဆရာမက ကျွန်တော်တို့ကို “ဒီနေ့ ပညာရေးမှူးလာ စစ်မယ်။ ကောင်းကောင်းနေကြနော်” ဟု ပြောသဖြင့် ကျွန်တော်တို့မှာ ထိုနေ့တစ်နေ့လုံး ကြောက်ရွံ့စိတ်နှင့် နေခဲ့ရသည်။ ကျောင်းအိမ်သာသို့ပင် အပေါ့မသွားရဲလောက်အောင် ပညာရေးမှူးဆိုသော ပုဂ္ဂိုလ်ကြီးကို ကြောက်လန့်ခဲ့ရသည်။ အခုပြန်တွေးကြည့်တော့ရယ် စရာကောင်းလှသော်လည်း ကလေးဘဝတုန်းကတော့ တကယ်ပင် ကြောက်လန့်ခဲ့ပါသည်။ ကျွန်တော်တို့ငယ်ဘဝတုန်းက မြန်မာ့ပညာရေးစနစ်၏ နေ့ရက်များသည် ပညာရေးမှူး ကိုကြောက်ရ၊ ကျောင်းအုပ်ကြီးကိုကြောက်ရ၊ မိမိ၏အတန်းကို မသင်ကြားသော်လည်း အရိုက်ကြမ်းသော ဆရာကို ကြောက်ရနှင့် ကုန်လွန်ခဲ့ရပါသည်။
နှစ်ပေါင်းများစွာကြာမြင့်ပြီး အခုမှ ပြန်တွေးကြည့်လိုက်တော့ ကျွန်တော်တို့၏ ငယ်ဘဝကို အကြောက်တရားကို စိုးမိုးခဲ့ခြင်း ကြောင့်ပင်ဖြစ်ပါသည်။ ထိုအကြောက်တရား၏ အကျိုးဆက်ကြောင့် ငှက်ပျောသီးရောင်းသည့် ကလေးလို မြင်သူတကာကို လက်အုပ် ချီချင်သောစိတ်များ ရံဖန်ရံခါ ပေါ်ပေါက်လာခြင်းမှာ မဆန်းကြယ်ဟု ထင်မြင်မိပါသည်။ ပညာရေးမှူးသာမက ပညာရေးဝန်ကြီးပဲ လာစစ်စစ် ကလေးများအနေနှင့် ရှိုးတိုးရှန့်တန့် မဖြစ်ဘဲ ရဲရဲတင်းတင်း ရှိဖို့လိုအပ်ပါသည်။ ကလေးများ ရဲတင်းသည်ကို လက်ခံပါသည်။ ရိုင်းသည့်အဆင့်အထိသို့ မရောက်အောင်သာ ပြုပြုင်ပေးရပါမည်။
အခုတော့ ပညာရေးစနစ်များသည်လည်း ပြောင်းလဲသင့်သလောက်တော့ ပြောင်းလဲခဲ့ပါပြီ။ ကလေးများသည်လည်း ကျွန်တော်တို့ ငယ်ဘဝတုန်းကလောက် အကြောက်တရား၏ စိုးမိုးခြင်းကို မခံစားရ တော့ပါ။ မနှစ်တုန်းက Grade-11 သင်ရိုးသစ် အင်္ဂလိပ်စာအတွက် အစိုးရအထက်တန်း တစ်ကျောင်းမှာ ကျွန်တော်သင်တန်းတစ်ခု သွားတက်ဖြစ်သည်။ ထိုသင်တန်းမှာ ကျောင်းအုပ်ဆရာမကြီးတစ်ယောက်ပြောခဲ့သော စကားကို ကျွန်တော် မှတ်မိသေးသည်။ “ဟိုတုန်းကသာ မူလတန်းကလေးတွေက ကျောင်းကိုကြောက်တာ။ အခု မူလတန်းကလေးတွေကို ကျောင်းတက်ရမှာကို မ ကြောက်တော့ဘူး။ ကျောင်းတက်ရမှာကို ပျော်နေပြီ” ဟု ပြောပါသည်။ ကလေးများ ကျောင်းတက်ရမှာ မကြောက်ဘဲ ကျောင်းတက်ရမှာပျော်နေသည်ဆိုခြင်းမှာ လူ့အဖွဲ့အစည်းအတွက် မင်္ဂလာရှိသော ကိစ္စတစ်ခု ပင်ပဲ ဖြစ်ပါသည်။
ကလေးဘဝက သိမ်ငယ်စိတ်ဝင်ခဲ့လျှင် လူကြီးဘဝအထိ လိုက်ပါတတ်ကြောင်းကို ဆရာကြီးရွှေဥဒေါင်း ရေးသော တစ်သက်တာ မှတ်တမ်းတွင် ဖတ်ရှုခဲ့ရသည်။ ဆရာကြီးပင်လျှင် ငယ်စဉ်က အငုံစိတ် (inferiority complex) ဝင်ခဲ့ပြီး အသက်ကြီးခါမှ အင်္ဂလိပ်ဝတ္ထုကောင်းကြီးများဖတ်ရှုပြီး သိမ်ငယ်စိတ် ပျောက်အောင် ကြိုးစားအားထုတ်ရသည်ဟု ဆိုခဲ့ပါသည်။ ကလေးများ၏ အငုံစိတ်သည် အိမ်၏ စီးပွားရေး၊ ငယ်ဘဝ၌ သင်ယူခဲ့ရသော ပညာရေးအခြေအနေတို့နှင့်များစွာ ဆက်စပ်မှုရှိပါသည်။ ဆရာသင်ပြပေးသော မှတ်စုကို ၏-သည် မရွေး ရေးသားနိုင်သော သူကိုမှ စာတော်သည်ဟု ထင်ကြသော ဆရာ ဆရာမများ၏ အမြင်ကိုလည်း ပြန်လည်ဆန်း စစ်ဖို့လိုအပ်ပါပြီ။
ကလေးများကို လွတ်လပ်စွာ တွေးတောစေနိုင်ပြီး အမြင်ကို တည့်မတ်ပေးနိုင်သော ပညာရေးစနစ်မျိုးကိုသာ မြန်မာ့လူ့ဘောင် အနေနှင့် လက်ကမ်းကြိုရပါမည်။ သို့သော် တချို့နေရာများ၌ ဆရာမရေးပေးသော အက် ဆေးရေးသည့် ကျောင်းသားကို အမှတ်ပိုပေးပြီး မိမိ၏စိတ်ကူးယဉ်ဖြင့် ရေးသားသော ကလေးမျိုး အမှတ်လျှော့ခံနေရဆဲပင် ဖြစ်ပါသည်။ ကလေးများကို အမှတ်ပေးစည်းမျဉ်း၏ ခြိမ်းခြောက်ခြင်းဘေးမှ ကင်းဝေးရအောင် ပညာရေးစနစ်၌ နည်းလမ်းရှာသင့်ပါသည်။ ပညာရေးဆိုသည်မှာ လက်တွေ့မပါဘဲ သဘောတရားချည်းဆိုလျှင် အကျိုးကျေးဇူး ဖြစ်ထွန်းမည်မဟုတ်ပါ။ သို့ရာတွင် ပညာရပ်များကို လက်တွေ့အသုံးချဖို့ ကြိုးစားခြင်း ထက် “အာဂုံရမှအာဂလူ”ဟု သဘောထား ကာ အဓိပ္ပာယ်သတ်မှတ်ချက်များ၌ "S" တစ်လုံး ကျန်ရုံမျှနှင့် သုညအပေးခံရခြင်းမျိုး တွင်ကျယ်နေဆဲပင်ဖြစ်ပါသည်။
(၄) စူပါမားကက်ရှေ့တွင် လက်အုပ်ချီပြီး ငှက်ပျောသီးရောင်းနေသော ကလေးတစ်ယောက်ကို မြင်လိုက်ရာမှ ကျွန်တော်၏ အတွေးများက ဆင့်ပွားပြီး ပညာရေးအထိပါ ဆက်စပ်၍ရောက်ရှိသွားခြင်းဖြစ်ပါသည်။ ကျောင်းသို့သက်ဆိုင်ရာမင်းကြီးများ ကြွရောက်လာတိုင်း ကလေးများကို လက်အုပ်ချီ ခိုင်းသော အလေ့အထမှာလည်း ပျောက်ပျက်သင့်ပြီဟု ထင်ပါသည်။ ထိုသို့မြင်သမျှလူကို လက်အုပ်ချီသော အလေ့အထမှာ မဖြစ်သင့်ကြောင်း ဆရာဦးအောင်သင်းက ဟင်္သာတ စာပေဟောပြောပွဲမှာ ဟောပြောခဲ့သဖြင့် ဟောပြောပွဲကို ချက်ချင်း မီးဖြတ်ပစ်လိုက်သည့်ကိစ္စကိုလည်း အမှတ်ရမိပါသေးသည်။










