ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များအရ အတိုင်ပင်ခံပုဂ္ဂိုလ်အား အဂတိအမှုဖြင့် တရားစွဲဆိုထားသည့်အမှုအတွက် တရားလိုပြသက်သေအဖြစ် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အိမ်အကူအပါအဝင် သုံးဦးကိုစစ်ဆေး

ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များအရ အတိုင်ပင်ခံပုဂ္ဂိုလ်အား အဂတိအမှုဖြင့် တရားစွဲဆိုထားသည့်အမှုအတွက် တရားလိုပြသက်သေအဖြစ် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အိမ်အကူအပါအဝင် သုံးဦးကိုစစ်ဆေး
Published 3 December 2021

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များ အရ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုအတွက် တရားလိုပြသက်သေအဖြစ် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အိမ်အကူအပါအဝင် သုံးဦးကို စစ်​ဆေးခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ဒီဇင်ဘာ ၃ ရက်က နေပြည်တော် ကောင်စီဝင်းအတွင်းရှိ အထူးတရားရုံးတွင် အတိုင်ပင်ခံပုဂ္ဂိုလ်အား အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေများဖြင့် တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ ရုံးထုတ်စစ်ဆေးခဲ့ ကြောင်းသိရသည်။

ဒီဇင်ဘာ ၃ ရက် ရုံးချိန်းတွင် ရာဇသတ်ကြီးအမှုအမှတ် (၂) ဖြစ်သော အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဦးဖြိုးမင်းသိန်းက ရွှေနှင့်ဒေါ်လာများ ပေးခဲ့ရသည်ဆိုသော ထွက်ဆိုချက်များအရ တရားစွဲဆို ထားသည့်အမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေအဖြစ် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အိမ် အကူဖြစ်သူအား စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှသိရသည်။

အထက်ပါအမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေများအဖြစ် ဦးဖြိုးမင်းသိန်း၏ အတွင်းရေးမှူးဟောင်းနှင့် ယာဉ်မောင်းဖြစ်သူတို့ကိုလည်း စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်၏ အိမ်အကူဖြစ်သူအား စစ်ဆေးခဲ့ရာတွင် မိုင်းဘုန်းဆရာတော် မှ ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ခဲ့သည့် ကိုးလက်မရှိ ရွှေဆင်းတုအကြောင်းကို ထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှသိရသည်။

ထို့ပြင် ဒီဇင်ဘာ ၃ ရက် ရုံးချိန်းတွင် ရာဇဝတ်ကြီးအမှုအမှတ် (၃) ဖြစ်သည့် နေပြည်တော်တွင် လရောင်တော စိုက်ပျိုးသက် မွေးပညာသင်တန်းကျောင်းအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆောင်ရွက်ရန်အတွက် မြေကွက် ၁၀၁ ဒဿမ ၃၃ ဧကအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်နှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဦးမင်းသူတို့က ချပေးသည့်ကိစ္စကို အရေးယူပေးရန် တင်ပြထားသည့်အမှုနှင့် ရာဇဝတ်ကြီးအမှုအမှတ် (၄) ဖြစ်သော နေ ပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို လျှောက်ထားရယူ သည့်ကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့အား တရားစွဲဆိုထားသည် အမှုနှင့်ပတ်သက်၍လည်း စစ်ဆေးခဲ့ခြင်းမရှိကြောင်းသိရသည်။

ယင်းအပြင် လရောင်တောစီမံကိန်းတွင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန်အတွက် တစ်ထပ်အဆောက်အအုံအား ဒေါ်ခင်ကြည် ဖောင်းဒေရှင်းသို့ အများပြည်သူ လှူဒါန်းငွေများက အသုံးပြုတည်ဆောက်သည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ ဖြင့် အရေးယူရန် တင်ပြထားသည့် ရာဇသတ်ကြီးအမှုအမှတ် (၅) နှင့်ပတ်သက်၍လည်း ရုံးချိန်းတွင် စစ်ဆေးခဲ့ခြင်းမရှိကြောင်း သိရသည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ နေပြည်တော် ဒုတိယ မြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဟောင်း ဦးမင်းသူတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထား သည့်အမှုများအား ဒီဇင်ဘာ ၁၀ ရက်တွင် ရုံးထုတ်စစ်ဆေးရန်အတွက် ထပ်မံချိန်းဆို ထားကြောင်း သိရသည်။

အောင်မင်းသိန်း

Most Read

Most Recent