တန်ဆောင်မုန်းလပြည့်ကျော်နှစ်ရက်၏ အမှောင်ည

တန်ဆောင်မုန်းလပြည့်ကျော်နှစ်ရက်၏ အမှောင်ည
ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံ အမှတ် (၃) အား ၂၀၁၆ ခုနှစ် အောက်တိုဘာ ၅ ရက်က တွေ့ရစဉ်
ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံ အမှတ် (၃) အား ၂၀၁၆ ခုနှစ် အောက်တိုဘာ ၅ ရက်က တွေ့ရစဉ်
Published 2 December 2021
တက္ကသိုလ် မိုးဝါ

(၁)

တိုက်ဆိုင်မှုဟုပြောရန် သင့်လျော်မည်လားမသိ၊ အကြောင်းတရားကို သေချာစေ့ငု ဆန်းစစ်ကြည့် လိုက်ပြန်လျှင်လည်း ရရှိသော သတင်းရေးသားချက်များနှင့်တကွ လက်တွေ့ အတွေ့အကြုံရှိပြီးသူ ပညာရှင်တို့၏ ပြောဆိုချက်အရ ဖြစ် စဉ်သည်လွန်ခဲ့သည့် ခြောက်နှစ်ဖြစ် စဉ်နှင့် ဆင်တူနေသည်ကို တွေ့ရ သဖြင့် တိုက်ဆိုင်သည်ဟု ပြောရပေ မည်။ အမှန်ပင် အဖြစ်အပျက်တို့ သည် လွန်ခဲ့သည့် ခြောက်နှစ် ဤလို အချိန်ကာလမျိုးမှာ ဤနိုင်ငံတစ် ဝန်းလုံးနီးပါး၌ လျှပ်စစ်မီးပြတ် တောက်သွားမှုသည် ယခု၂၀၂၁ တန်ဆောင်မုန်းလပြည့်ကျော် နှစ် ရက်ညတွင် ဖြစ်ပွားခဲ့ခြင်းနှင့်တူနေ သောကြောင့် အံ့အားသင့်မိခြင်း ဖြစ်သည်။ တစ်ခုမတူသည်က ထိုစဉ်က သီတင်းကျွတ်လပြည့်ညတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သဖြင့် ယခုနှင့် တစ်လ မျှကွာခြားနေသည်။

မည်သို့ပင်ဆိုစေ ဖြစ်စဉ်နှစ်ရပ်စလုံးတွင် လျှပ်စစ်စွမ်းအားထုတ် လုပ်ဖြန့်ဖြူးသော စနစ်တစ်ခုလုံးမှာ နေရာဒေသတစ်ခု၌ အပြစ် (Fault) ဖြစ်ပွားခြင်းတူညီနေခြင်းသည်ပင် ထိုဒေသနှစ်ခုစလုံးအား စစ္စတမ်ဘရိတ်ဒေါင်း (Syestem Breakdown) ဖြစ်သည်ဟု ခေါ်နိုင်သည်။ သဘောမှာ ဖြစ်ပေါ်လာသော အပြစ်အား ဖယ်ရှားရန်အတွက် အကာအကွယ် အဖြစ်တပ်ဆင်ထားသည့် “ကာကွယ် ကိရိယာ” (Protective Equipment) တို့က လိုင်းများအား သီးခြားခွဲထုတ် လိုက်ရခြင်းကြောင့် လျှပ်စစ်ဓာတ် အားစီးဆင်းနေမှုဖြစ်စဉ်ကို ရပ်တန့် ပြတ်တောက်သွားစေသည့် သဘောမျိုးဖြစ်သည်။ ကဗျာဆန်ဆန် ညွှန်းဆိုရလျှင် ညအမှောင်ကို အမှောင်ထုက ထပ်ပိုး၍ ပိုမိုနက်မည်းမှောင် မိုက်ပိန်း ပိတ်စေသည့် ဖြစ်ရပ်တစ်ခုဟု ညွှန်းဆိုရပေမည်။

(၂)

စစ္စတမ် (Syetem) ကို အဘိဓာန်တွင် စနစ်၊ လုပ်ပုံလုပ်နည်း၊ ဖွဲ့စည်းမှု စသည်ဖြင့်အနက်ဖွင့်ဆိုထားသည်။ အမှန်စင်စစ် ယင်းထက်ပိုမို ကျယ်ပြန့်စွာ အဓိပ္ပာယ်ဆောင်သည်။ လူအချင်းချင်း သို့မဟုတ် လူနှင့် ပစ္စည်းကိရိယာ သို့မဟုတ် ပစ္စည်းကိရိယာအချင်းချင်း အပြန်အလှန် တုံ့ပြန်အကျိုးပြုသော၊ အပြန်အလှန် အမှီပြုသော အစိတ်အပိုင်းများ ပေါင်းစပ်ဖွဲ့စည်းထားသည့် အတွဲ အစပ်တစ်ခုဖြစ်သည်ဟုဆိုလျှင် ပိုမို ပြည့်စုံမည်ထင်သည်။

စစ္စတမ်တစ်ရပ်၏ ယေဘုယျ ဂုဏ်သတ္တိများအား လေ့လာနိုင်သည့် စစ္စတမ်ဆိုင်ရာ ပညာရပ်အချို့မှာ စစ္စတမ်သိပ္ပံပညာ၊ စစ္စတမ်သီ အိုရီ၊ စစ္စတမ်အင်ဂျင်နီယာပညာ၊ စစ္စတမ် ရှုပ်ထွေးနက်နဲမှုပညာ၊ စစ္စ တမ်ပုံစံငယ်ပြုလုပ်မှုပညာ၊ စစ္စတမ် ခွဲခြမ်းစိတ်ဖြာပညာ၊ စစ္စတမ် ဒီဇိုင်း ပညာ၊ စစ္စတမ်ဗိသုကာပညာစသည် တို့ဖြစ်သည်။ လျှပ်စစ်အင်ဂျင်နီယာ ပညာရပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော လျှပ်စစ်စွမ်းအားစစ္စတမ် (Electrical PowerSystem) အပြင် နိုင်ငံရေးစစ္စတမ်လည်းရှိသေးသည်။ နိုင်ငံရေးစစ္စတမ် သို့မဟုတ် နိုင်ငံရေးစနစ်တွင် ယေဘုယျသဘောအားဖြင့် မည်သူသည် အာဏာပိုင်ဆိုင်သူဖြစ်ရမည်၊ ဖြစ်သင့်သည်၊ ပြည်သူအပါအဝင် စီးပွားရေးအပေါ် သက်ဆိုင်ရာအာဏာပိုင်က မည်သို့သော သြဇာသက်ရောက်မှုရှိသင့်သည် ဟူ၍ စဉ်းစားဆုံးဖြတ်ပေးရမည့် အချက်များပါဝင်နေသည်ဟု ဆိုပါသည်။

(၃)

လျှပ်စစ်စွမ်းအားစနစ်အပေါ်တွင် အပြစ် (Fault) ဖြစ်၍ ပုံမှန်တည်တံ့အခြေအနေမှ ဆက်လက် လုပ်ဆောင်ခြင်းမပြုတော့ဘဲရပ် တန့်သွားဖို့ဆိုသည်မှာ သာမန်အပြစ် (Normal fault) ဖြစ်ရုံမျှဖြင့် မဖြစ်နိုင်ပါ။ ပြင်းထန်သောအပြစ် (Severe Fault) တစ်စုံတစ်ရာကျရောက်မှသာ စက်များထိုးရပ် သို့ မဟုတ် ဘရိတ်ဒေါင်းဖြစ်သွားနိုင်ပေသည်။ သာဓကတစ်ခုကို ပြန်ပြောင်း တင်ပြရပါက ၂၀၁၅ သီတင်းကျွတ်လပြည့်ည၌ ဖြစ်ပွားခဲ့သော စွမ်းအားစနစ်ပြိုလဲခြင်း (Power System Breakdown) ကို အကျဉ်းချုပ်ပြောပါမည်။ ထိုစဉ်က သီတင်းကျွတ်ကာလ မီးပုံးပျံနှင့်ပတ်သက်သည့် ပျော်ပွဲ ရွှင်ပွဲတစ်ရပ်ကို ကျင်းပကြသည်ဆိုသည်။ ကြီးမားလှသော မီးပုံးအား လွှတ်တင်ရာမှ အရှိန်ကိုမထိန်းနိုင်ဘဲ လေတိုက်ရာသို့ လွင့်ပါသွားပြီး မိတ္ထီလာ-သပြေဝ ဓာတ်အားခွဲရုံ အနီး ၂၃၀ ကီလိုဗို့ ဗို့အားရှိ မဟာ ဓာတ်အားလိုင်း ကြိုးနှစ်ကြိုးပေါ်သို့ ခွလျက်ကျသွားသောကြောင့် လိုင် -တူ -လိုင်းဖော့လ်ထ် (Line-to Line Fault) ဖြစ်သွားသည်ဟု ယူဆရသည်။ ယင်းသို့ဖြစ်သည်နှင့် တစ်ပြိုင်နက် အလွန်တရာကြီးမားသော ရှော့ထ်ဆားကစ်လျှပ်စီး (Short Circuit Current) တစ်ရပ် စစ္စတမ် ထဲသို့စီးဝင်ကာ ပုံမှန်လည်ပတ်နေသည့် ပြိုင်ကျလျှပ်ထုတ်စက် (Synchronous Generator) အားလုံးကို ပရမ်းပတာဖြစ်သွားစေတော့သည်။ ပျက်ကျသွားသည့် ထိုမီးပုံးကို ဖယ်ရှားရှင်းထုတ်လိုက်ပြီးမှသာ ပြိုင်ကျလျှပ်ထုတ်စက်အားလုံးအား အတိုင်းအတာတစ်ခုအထိ အချိန်ယူပြီး အချင်းချင်းပြန်လည်တွဲညှိကာ လည်ပတ်စေရန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

(၄)

ယခုလောလောလတ်လတ် ဤနှစ် ၂၀၂၁ တန်ဆောင်မုန်းလ ပြည့်ကျော်နှစ်ရက်၏ ညအမှောင် ကျခဲ့သည့်ဖြစ်စဉ်တွင် တောင်တွင်းကြီး-သပြေဝ ၂၃၀ ကီလိုဗို့ဓာတ်အားလိုင်း၌ အပြစ်ဖြစ်၍ ရန်ကုန် တိုင်းတစ်ခုလုံးအပါအဝင် ကျန်မြို့နယ်အချို့တွင်လည်း ဓာတ်အား ပြတ်တောက်မှုများနှင့် ကြုံတွေ့ရကြောင်း သတင်းများဖော်ပြမှုမှတစ်ဆင့် သိရှိခဲ့ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်သော နောက်ဆက်တွဲသတင်းကို မကြားမသိရသည့်အားလျော်စွာ အတွေ့အကြုံရှိ အငြိမ်းစား ၀ါရင့်အင်ဂျင်နီယာ ချုပ်တစ်ယောက်နှင့် ဆက်စပ်ပြောဆိုမိရာမှ ဤနေရာဒေသမျိုးတွင် အဘယ့်ကြောင့် အပြစ်ဖြစ်ပြန်သနည်းဟု အတွေးနယ်ချဲ့နေခဲ့သည်။

ထိုအင်ဂျင်နီယာချုပ်၏ မှန်းဆချက်အရ ယခုဖြစ်စဉ်မှာ ဆောင်းခိုငှက်များ အခြားထိစပ်နယ်နိမိတ် နိုင်ငံအချို့ရှိ ဆောင်းရာသီ၏ အစွန်းရောက်အအေးဒဏ်အား ရှောင်ရှားကာ သူတို့နိုင်ငံထက်ပို၍ “နွေး” သောဒေသများသို့ စားကျက်ရှာ ပျံသန်းဝင်ရောက်လာခြင်းဖြစ်သည် ဟုဆိုပါသည်။ ယင်းသို့ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံအတွင်း၊ အ ထူးသဖြင့် မန္တလေးဝန်းကျင်တစ်ဝိုက် အင်းအိုင်များ၌ ၎င်းဆောင်းခိုငှက် အများအပြား ပျံသန်းရောက်ရှိလာ သည်ကို လေ့လာသုံးသပ်မိခြင်းဖြစ်သည်။

အဆိုပါ အရွယ်အစား ကြီးကြီး ငယ်ငယ်ဖြစ်သည့် ဆောင်းခိုငှက်အချို့က ဗို့အားမြင့် တာဝါတိုင်ထိပ်တွင် အသိုက်ဆောက် နားခိုလျက်နေ တတ်ကြသည်ဟုဆိုပါသည်။ နားခို နေရင်းက သူတို့စွန့်လိုက်သည့် မစင်များမှာ အောက်တည့်တည့်ရှိ လိုင်းကြိုးများအား တွဲထမ်းထားသော ကြွေသီးအတွဲလိုက်ပေါ်သို့ ကျကာ ဆောင်းနှင်းမြူ အစိုဓာတ်နှင့် ပေါင်းစပ်၍ ကြွေသီးအတွဲနှင့် တာဝါတိုင် (မြေကြီး) အကြား လျှပ်စစ်မီးပန်း (Flashover) ကူးစေတော့သည်။ တစ်ခါတစ်ခါတွင်လည်း မြွေအကောင်အား သတ်ဖြတ်ပြီး တိုင်ပေါ်သို့ဆွဲတင်ရင်း ရှည်လျားသည့် မြွေ၏ကိုယ်ခန္ဓာကြောင့် ကြွေသီးများအား ခွကျော်ကာ လျှပ်စစ်မီးပန်းကူးစေသည့် သာဓကလည်း ရှိနေပြန်သည် ဆိုပါသည်။ အဆိုပါဖြစ်စဉ်တို့ကို”မြေကြီးအပြစ်” ဖြစ်ခြင်း (Ground Fault) ဟုခေါ်သည်။

(၅)

လျှပ်စစ်အင်ဂျင်နီယာနည်း ပညာရပ်နှင့် အလှမ်းဝေး၊ မနီးစပ် သူတို့ကမူ တိရစ္ဆာန်တွေကတောင် တာဝါတိုင်ပေါ်တက်သလားဟု အငေါ်တူးကာ မဆင်မခြင် ဝေဖန်ရေးသား ဟားတိုက်ကြသည်ကို ဖတ်ရှု ရမိသော်လည်း သူတို့အား အပြစ်မတင်လိုပါ။ အပြစ်တင်နေခြင်းထက် ဆိုင်ရာနည်းပညာရပ်ကို ပိုမိုကျယ် ပြန့်စေရန် ရေးသား ဟောပြောဖြန့် ဝေပေးခြင်းဖြင့် လုပ်ဆောင်လျှင် ပိုမိုအကျိုးသက်ရောက်စေမည်ဟု အခိုင်အမာယုံကြည်သည်။ စေ့စေ့ ငုငုစဉ်းစားကြည့်လျှင် သဘာဝတရားသည် လူတွင်မက သက်ရှိတိရစ္ဆာန် များနှင့်လည်း စပ်ယှက်ပတ်သက်နေသော ရိုးရှင်းသည့်တရားပင်မဟုတ်ပါလား။ သဘောမှာ ကြက်ငှက်၊ မြွေ၊ ကြွက် အစရှိသော တိရစ္ဆာန်တို့သည်လည်း ဝမ်းစာ ရှာဖွေဖြည့်တင်းရသည်၊ နားခိုရ၊ အိပ်စက်သမှုပြုရ သောကြောင့် တိတ်ဆိတ်၍ ပုန်းအောင်းနိုင်သည့် တာဝါတိုင်ကဲ့သို့ သောနေရာကို ရှာရခြင်းဖြစ်သည်။ ဉာဏ်အသိကင်းမဲ့သော တိရစ္ဆာန် ပေကိုးဟုဖြေတွေးတွေးရမည်သာဖြစ်သည်။

သို့ဖြစ်၍ တန်ဆောင်မုန်းလပြည့်ကျော်နှစ်ရက်၏ အမှောင်ည ဖြစ်စဉ်တွင် လျှပ်စစ်စွမ်းအားစစ္စတမ် ဘရိတ်ဒေါင်းဖြစ်ခြင်းအကြောင်းရင်းကို အချက်အလက်ပြည့်စုံစွာ ရရှိရန်ခက်ခဲမှုကြောင့် ဤဆောင်း ပါးတွင် ဖြစ်စဉ်အား “ဖြစ်နိုင်ခြေ” ကို သာ တင်ပြထားခြင်းဖြစ်ပါသည်။ အတွေ့အကြုံဝါရင့်သောအငြိမ်း စားအင်ဂျင်နီယာချုပ်တစ်ဦးနှင့်အလွတ်သဘော သုံးသပ်ဆွေးနွေးမှု ပင်ဖြစ်သော်ငြားလည်း အမှန်မှာ စာဖတ်သူအများအတွက် ဗဟုသုတ အနည်းအများ ရစေပြီဆိုပါက ထား  ရှိသည့်ရည်ရွယ်ချက် ပြည့်မြောက် ပြီဟု ဆိုရမည်ဖြစ်သည်။

Most Read

Most Recent