လူရွှင်တော်ကြီးတွေ ပြက်လုံးထုတ်သလို ပြောရရင်တော့ဖြစ်နေတဲ့ ပြဿနာက နီးလေဝါးချင်လေ ဖြစ်နေတဲ့ ပြဿနာပေါ့။ လက်ရှိမျက်လုံးတွေရဲ့ အခြေအနေကလည်း အဝေးကြီးက မြင်ကွင်းတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်၊တွေ့နိုင်နေပေမဲ့ စာဖတ်ခြင်းလို နီးနီးကပ်ကပ် ပြုလုပ်ရတဲ့ ကိစ္စမျိုးတွေအတွက် ဘယ်လိုမှအဆင်မပြေတော့။အစပထမ ၅ မိနစ် ၁၀ မိနစ်လောက်အထိ ပြဿနာ သိပ်မရှိပေမဲ့ အဲဒီထက် ကြာသွားတာနဲ့ ‘တ’ နဲ့ ‘ထ’ ကို ဘယ်လိုမှ ခွဲလို့မရတော့။ ‘၀’ နဲ့ ‘စ’ ကို ဘယ်လိုမှ ခွဲလို့မရတော့။ စာတစ်ပုဒ်လုံး စာတစ်အုပ်လုံးကို မပြောနဲ့ စာတစ်ကြောင်းကို ပြီးအောင် ဖတ်ဖို့တောင် မလွယ်ကူတော့။
ဟိုးအရင် ရက်တွေလောက်တုန်းကတော့ မျက်မှောင်လေးကျုံ့ပြီး ဖတ်လိုက် မျက်လုံးနဲ့ နည်းနည်းကလေးခွာပြီး ဖတ်လိုက်နဲ့ အဆင်ပြေခဲ့သေးပေမဲ့ ဒီရက်ပိုင်းတွေ အတွင်းမှာ အဲဒီနည်းလမ်းတွေကလည်း အလုပ်မဖြစ်တော့။ အထူးသဖြင့် တယ်လီဖုန်း မျက်နှာပြင်ကို ကြည့်လိုက်မိ၊ အသုံးပြုလိုက်မိတာနဲ့ မျက်ရည်ပူတွေ ကျလာတတ် မျက်လုံးထဲက စူးပြီး အောင့်လာတတ်တဲ့ကိစ္စ။ ဒီကိစ္စက ရယ်စရာတော့ မကောင်းဘူးပေါ့။ မကောင်းဆို ဒီကိစ္စ၊ ဒီလက္ခဏာ၊ ဒီအခြေအနေ အားလုံးက မျက်လုံးတွေမှာ ပြဿနာရှိနေပြီဆိုတဲ့ လက္ခဏာတွေပဲ မဟုတ်လား။
တစ်နည်း မျက်လုံးတွေအတွက် မျက်မှန်တစ်လက် အရေးပေါ် လိုအပ်နေပြီဆိုတဲ့ အချက်ပေးသင်္ကေတတွေပဲ မဟုတ်လား။
တကယ်တမ်း လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေကလည်း အနီးကြည့်မျက်မှန်ကလေး တစ်လက်လောက် ရှိကိုရှိမှ အဆင်ပြေတော့မဲ့ အခြေအနေ။ စာရေး၊ စာဖတ်ဆက်လုပ်ချင်သေးတယ်ဆိုရင် တယ်လီဖုန်းနဲ့ ကွန်ပျူတာလို ပစ္စည်းတွေကို ဆက်လက်ပြီး အသုံးပြုလိုသေးတယ်ဆိုရင် မျက်မှန်တစ်လက် ရှိကိုရှိမှ ဖြစ်တော့မယ့် အနေအထား။ ဒီလို အနေအထား။ ပုံမှန်အခြေအနေတွေအတိုင်းသာဆိုရင်တော့ အမြင်အာရုံတွေ မှုန်ဝါးလာတာကို သတိထားမိမယ်။ အဲဒီအတွက် နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး မျက်မှန်တစ်လက် လုပ်လိုက်မယ်။ ဒါဟာ တကယ့်ကို လွယ်ကူတဲ့ကိစ္စ။ တကယ့်ကို ရိုးရှင်းတဲ့ကိစ္စပါပဲ။ ဒါပေမဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေတွေက ပုံမှမဟုတ်။ ထင်သလောက် မလွယ်ကူ မရိုးစင်း။
မလွယ်ကူဆို ဆလင်ဒါစောင်းတာ ပါ၀ါမညီတာလို မျက်စိရောဂါ တစ်ခုခုမရှိတဲ့သာမန်မျက်စိမှုန်သူ တစ်ယောက်အတွက် သာမန်မျက်မှန်ဆိုင် မျက်စိဆေးခန်းမှာ သာမန်ကိုင်း သာမန်မှန်အမျိုးအစားနဲ့ ပြုလုပ်ထားတဲ့ (ယခင်တန်ဖိုး သုံးသောင်းလောက်သာ ကျသင့်တဲ့) သာမန်မျက်မှန်ကလေးတစ်လက်ရဲ့ တန်ဖိုးက အနည်းဆုံး ခြောက်သောင်းရဲ့ အထက်။ ဒီလိုဆိုလိုက်တော့ တချို့ငွေလေး လေးငါးသောင်းလောက်ကိုများလို့ ဆိုကောင်းဆိုချင်ကြမလားပဲ။ ဟုတ်ကဲ့၊ တချို့သူတွေအတွက် ငွေလေး လေးငါးသောင်းလောက်ဆိုပေမဲ့ ကျွန်တော့်လိုသာမန် လက်လုပ်လက်စား အခြေခံလူတန်းစား တစ်ယောက်အတွက်တော့ ဒီငွေမာဏက အိမ်လခတစ်လစာပေးလို့ရတဲ့ ပမာဏပါပဲ။ ဆန်တစ်အိတ်ဆီတစ်ပုံး ဝယ်လို့ရတဲ့ ပမာဏပါပဲ။ (ဆန်တစ်အိတ် ဆီတစ်ပုံးဆိုတာက တော်တန်ရုံ မိသားစုတစ်စု အတွက်တော့ တစ်လစာ ကောင်းကောင်း လုံလောက်ပါတယ်) ပြောချင်တာက တချို့လူတွေအတွက် ငွေလေးငါးသောင်းလောက် သုံးလိုက်ဖို့ ဘာမှ ပြဿနာမရှိ၊ ငွေလေးငါးသောင်းသုံးဖို့ ဘာမှစဉ်းစားချင့်ချိန်စရာ မလိုအပ်ပေမဲ့ ကျွန်တော့်တို့လို လူတွေအတွက်တော့ အခုလို အခြေအနေအချိန်ကာလမျိုးမှာ အတော်ကလေး စဉ်းစားရတယ်ဆိုတဲ့ အကြောင်းကိုပါ။
အမှန်တကယ်လည်း လုပ်အားတန်ဖိုးတွေ ကျဆင်းလာသလောက် အခြားသော ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးတွေ အမြင့်ဆုံးကိုရောက်နေတဲ့ အခုလိုအခြေအနေမှာ မျက်မှန်တစ်လက်အတွက် ငွေလေးငါးခြောက်သောင်းလောက် အသုံးပြုရမယ့်ကိစ္စက ကျွန်တော့်လို လူတစ်ယောက်အတွက် တကယ့်ကို ဆုံးဖြတ်ရခက်တဲ့ ကိစ္စပါပဲ။
ဒီလိုဆိုတော့ မျက်မှန်ကရော မလိုအပ်ဘူးလားပေါ့။ ဒီလိုမေးစရာ ရှိပါလိမ့်မယ်။လိုပါတယ် မှုန်ဝါးလာတဲ့ မျက်လုံးတွေအတွက် မျက်မှန်ကလေးတစ်လက် ကျွန်တော့်အတွက် လိုအပ်ပါတယ်။ အဲဒီလိုပါပဲ အိမ်လခပုံမှန် ပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။ ထမင်းနပ်မှန်အောင် စားနိုင်ဖို့လည်း လိုအပ်ပါတယ်။ထားတော့။ ကလေးတွေပြောသလို ပြောရရင် ဒါတွေ ပြောရရင် ဒေါသတွေက ပါလာပါလိမ့်မယ်။သေချာတာက ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် မျက်မှန်တစ်လက်ကိုရရှိမှသာ ကျွန်တော်ရဲ့ နေ့စဉ်လှုပ်ရှားရှင်သန်ဖို့ ကိစ္စတွေက အဆင်ပြေတော့မှာပါ။
အထူးသဖြင့် ကျွန်တော့်ရဲ့ အဓိက အသက်မွေးဝမ်းကျောင်းတဲ့လုပ်ငန်းက ဆံသတဲ့လုပ်ငန်း ဖြစ်နေတာမို့ မှုန်ဝါးနေတဲ့ မျက်လုံးတွေနဲ့ လုံးဝအဆင်ပြေမှာ မဟုတ်ပါဘူး။ ဆံသတဲ့အလုပ်ဆိုတာက ပုံမှန်ကြည်လင်နေတဲ့ မျက်လုံးတွေ ရှိနေခဲ့ရင်တောင် အလင်းရောင် အားနည်းတဲ့ နေရာတွေမှာလုပ်လို့ အဆင်ပြေတတ်တဲ့ အလုပ်မျိုး မဟုတ်ပါဘူး။ တချိုသော လုပ်ငန်းတွေလို မှားသွားလို့ အစားပြန်ဝယ်ပေးပါ့မယ်လို့ ပြောလို့လုပ်လို့ရတဲ့ အလုပ်မျိုးလည်း မဟုတ်ပါဘူး။ ဥပမာ စက်ချုပ်သူတစ်ယောက် မတော်တဆ မှားယွင်းမှု ဖြစ်သွားတဲ့အခါ ပျက်စီးသွားတဲ့ ပိတ်စနဲ့ အလားတူတဲ့ တခြားပိတ်စတစ်ခုကို အစားပြန်ဝယ်ပေးလို့ ရကောင်းရနိုင်ပေမဲ့ ဆံသတဲ့အလုပ်မှာတော့ ဒီလို လုပ်ပေးလို့ မရပါဘူး။ဖြတ်လိုက်မိတဲ့ ဆံပင်တွေကို ပြန်ဆက်ပေးလို့ မရပါဘူး။အထူးသဖြင့် ဘရိတ်ဓားလို ကတ်ကြေးလို လူကို ထိခိုက်စေနိုင်တဲ့ ပစ္စည်းတွေနဲ့ တကယ့်လူအစစ်တွေကို တိုက်ရိုက်ထိတွေ့လုပ်ကိုင်ပေးရတဲ့ လုပ်ငန်းတစ်ခု ဖြစ်နေတာမို့ လုံးဝမှားယွင်းသွားလို့ မရပါဘူး။ သေချာတာက မှုန်ဝါးနေတဲ့ မျက်လုံးတွေနဲ့ ဆံသခြင်းဆိုတဲ့ အလုပ်က ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ဆံသခြင်းလို လုပ်ငန်းမျိုးမှ မဟုတ်ပါဘူး။ မျက်လုံးတွေမှာ ပြဿနာရှိလာပြီဆိုရင် စာဖတ်တာ တီဗွီကြည့်တာ သွားလာလှုပ်ရှားတာနဲ့ အခြားသော လုပ်ငန်းတွေ အခြေအနေတွေအတွက်လည်း အဆင်ပြေနိုင်လိမ့်မယ်မဟုတ်ပါဘူး။
မျက်စိအဆုံး နားအရှုံးလို့ ဆိုတာမို့ နားမကြားရင် ဘဝအရည်အသွေး မပြည့်တာကလွဲလို့ အမှီအခိုကင်း လှုပ်ရှားသွားလာနိုင်သေးပေမဲ့ မျက်စိမမြင်တော့ဘူးဆိုရင်တော့ သူတစ်ပါးအပေါ် မှီခိုရတဲ့အခြေအနေတွေ ရှိလာနိုင်ပါတယ်။ လှုပ်ရှားသွားလာရ ခက်နိုင်ပါတယ်။ ပညာသင်ခြင်းလို အလုပ်လုပ်ခြင်းလို ကိစ္စမျိုးတွေအတွက် အခက်အခဲတွေ့လာနိုင်ပါတယ်။ ပျော်ရွှင်မှု၊ ဖျော်ဖြေမှုတွေရဲ့ အရသာကို အပြည့်အဝခံစားနိုင်ဖို့ဆိုတာက သာလို့တောင် ခက်နိုင်ပါသေးတယ်။ (လေ့လာသူများရဲ့အဆိုအရ အချင်းတစ်လက်မခန့်သာရှိပြီး ပင်ပေါင်ဘောလုံးအရွယ်အစားမျှသာရှိတဲ့ မျက်စိဟာ အရွယ်သေးငယ်သော်လည်း အစွမ်းသတ္တိကမသေး။ သန်းပေါင်းများစွာသော လျှပ်စစ်အချက်ပြလှိုင်း (Signal) ဆက်သွယ်မှုနဲ့ တစ်ပြိုင်တည်းပါလာတဲ့ အကြောင်းအရာပေါင်း (၁. ၅ )သန်းခန့်ကို ကိုင်တွယ်စီမံပေးနိုင်စွမ်းရှိနေခဲ့တဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ နေ့စဉ်သင်ကြားရရှိနေတဲ့ အကြားအမြင် အတတ်ပညာ ဗဟုသုတတွေရဲ့ ရာခိုင်နှုန်း ၈၀ ဟာ မျက်စိကြောင့် ရရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။)
သေချာတာကတော့ မျက်စိဆိုတာ ကြည့်မြင်ရန်အတွက်သာဖြစ်ပြီး အဲဒီကြည့်မြင်လိုက်ရတဲ့ အခြေအနေတွေကို စဉ်းစားသုံးသပ်ဖို့ အတွက်ကိုတော့ ဦးနှောက်နဲ့သာ ပြုလုပ်ရပါလိမ့်မယ်။ ဆိုလိုတာက ကျွန်တော်တို့ မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းတိုင်းကို မျက်စိက မြင်ရုံသာကြည့်ပြီး ဦးနှောက်က ဆင်ခြင်သုံးသပ်ရတယ်ဆိုတဲ့ သဘောကိုပဲ ဖြစ်ပါတယ်။။ တစ်နည်း ဘယ်လောက်အားကောင်း ကြည်လင်တဲ့ မျက်လုံးတွေကို ပိုင်ဆိုင်ထား ပိုင်ဆိုင်ထား ဦးနှောက်ရဲ့စဉ်းစားဆင်ခြင်မှုပါဝင်တဲ့ ကြည့်မြင်ခြင်းမျိုးမဟုတ်ရင် ကျွန်တော်တို့ မြင်တွေ့ရတဲ့ မြင်ကွင်းတွေကလည်း မပြတ်သား မထင်ရှားဝေ၀ါးနေလိမ့်မှာပဲ ဖြစ်ပါတယ်။ ယုတ်စွအဆုံး အကောင်းမွန်ဆုံး ခေတ်အမီဆုံး မျက်မှန်ကို တပ်ဆင်ထားမယ်ဆိုရင်တောင် ဦးနှောက်ရဲ့ စဉ်းစားဆင်ခြင်မှု မပါဝင်ဘူးဆိုရင် ကြည်လင်မှုမရှိ ဝေ၀ါးနေကြလိမ့်မှာပဲ ဖြစ်ပါတယ်။
အထူးသဖြင့် ယနေ့ခေတ်လို နည်းပညာထွန်းကားလာတဲ့ခေတ် ၊၊ အမှားကို အမှန်လို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နိုင်လာကြတဲ့ ခေတ်ကြီးထဲမှာ မြင်တွေ့နေရတဲ့ မြင်ကွင်းတိုင်းအတွက် အမြင်အာရုံတစ်ခုတည်းကို အားကိုးဖို့ဆိုတာက မဖြစ်နိုင်တော့ပါဘူး။
လွန်ခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပါတယ်။ ကျွန်တော့်ဆံသဆိုင်ကလေးရဲ့ရှေ့ကို လူတစ်ယောက် ရောက်ရှိလာခဲ့ပါတယ်။ အရောင်လွင့်နေတဲ့ အဝတ်အစား၊ ဆံပင်မုတ်ဆိတ် ရှည်ဖားဖားနဲ့ အတော်အတန် နွမ်းပါးပုံပေါက်နေတဲ့ အဘိုးအိုတစ်ယောက်ဖြစ်ပါတယ်။အမှန်အတိုင်းဝန်ခံရရင် အဲဒီအဘိုးရဲ့ အသွင်အပြင်ကိုကြည့်ပြီး တောင်းရမ်းစားသောက်သူ တစ်ယောက်လို့ ကျွန်တော့်စိတ်ထဲက ထင်မှတ်မိခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း တောင်းရမ်းစားသောက်သူတစ်ယောက် မဟုတ်ဘဲ ဆံပင်ညှပ်ရန်အတွက် ရောက်လာခဲ့သူတစ်ယောက်သာ ဖြစ်ပါတယ်။ ပြောချင်ပြောလိုတာက ကျွန်တော်တို့ရဲ့ မျက်စိတွေနဲ့ မြင်တွေ့ရတဲ့ မြင်ကွင်းတိုင်းကို အမှန်လို့နာမည်တပ်လို့ မရဘူးဆိုတဲ့ သဘောကိုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အထင်တိုင်းက အမှန်မဟုတ်နိုင်ဘူးဆိုတဲ့အကြောင်းကိုပဲ ဖြစ်ပါတယ်။ တကယ်လည်း ကျွန်တော်တို့ဘက်ကကြည့်ရင် လက်ဖဝါးဖြစ်နေပေမဲ့ တခြားတစ်ဖက်က ကြည့်ရင် လက်ဖမိုး ဖြစ်နေနိုင်ပါတယ်။ အဲဒီလိုပါပဲ၊ ကျွန်တော်တို့ မြင်နိုင်တဲ့ အခြေနေတွေ ရှိနိုင်သလို ကျွန်တော်တို့ မမြင်နိုင်တဲ့ အခြေအနေတွေလည်း ကျွန်တော်တို့ မြင်နေတဲ့အရာများရဲ့ နောက်ကွယ်မှာ ရှိနေနိုင်ပါသေးတယ်။
တကယ်တော့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေထဲမှာ ကျွန်တော်တို့ မျက်စိအမြင်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရနိုင်တဲ့ အခြေအနေအဖြစ်အပျက်တွေ အများအပြားရှိနေခဲ့ ရှိနေနိုင်တယ်ဆိုတာကို ကျွန်တော်တို့မေ့လျော့ သတိမမူမိကြခြင်းသာ ဖြစ်ပါတယ်။အသိဉာဏ်နဲ့ ပေါင်းစပ်ထားတဲ့ မျက်လုံးတစ်စုံနဲ့ ကြည့်မှသာ အမှန်ကို မြင်နိုင်တဲ့ အခြေအနေတွေ ရှိနေခဲ့တယ်ဆိုတာကို မေ့လျော့နေမိကြခြင်း ဖြစ်တယ်လို့ ဆိုရင်တော့ ပိုမှန်လိမ့်မယ်လို့ ထင်ပါတယ်။ အထူးသဖြင့် မျက်လုံးတွေလို ကျွန်တော်တို့ရဲ့ ချွတ်ယွင်းအားနည်းလာတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ပြုပြင်ကုသဖို့ ကြိုးစားနေကြရင်း တစ်နေ့တခြား ယိုယွင်းလာနေတဲ့ ကျွန်တော်တို့ရဲ့စဉ်းစား ဆင်ခြင်တွေးခေါ်နိုင်မှုတွေကို ပြင်ဆင်ဖို့ အဆင့်မြှင့်တင်ဖို့ အတွက်ကိုတော့ မေ့လျော့နေမိခဲ့ကြတယ်လို့ ကျွန်တော်ကတော့ ဒီလိုပဲ မြင်မိ၊ ဒီလိုပဲ ထင်မိပါတယ်။
သေချာတာကတော့ ကျွန်တော်တို့အတွက် မျက်လုံးတွေ ရှိဖို့ လိုအပ်ပါတယ်။ ရှိနေရုံနဲ့ မလုံလောက်ဘဲ မျက်လုံးတွေ ကျန်းမာကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ မှုန်ဝါးမနေဖို့ လိုအပ်ပါတယ်။ ကြည်လင်ပြတ်သားနေဖို့ လိုအပ်ပါတယ်။ မျက်လုံးတွေရှိနေ၊ ကောင်းမွန်နေခဲ့လို့သာ ကျွန်တော်တို့ဟာ ဒီကမ္ဘာကြီးကို မြင်တွေ့ခွင့်ရနေခဲ့တာပါ။ မျက်လုံးတွေ ကောင်းမွန်မှသာ ဒီကမ္ဘာကြီးကို မြင်တွေ့ခွင့်ရနိုင်၊ ပန်းကလေးတွေနဲ့ ပြာလွင်နေတဲ့ ကောင်းကင်ကြီးကို တွေ့မြင်ခွင့်ရနိုင်မှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ချစ်ခင်သူတွေ သားသမီးတွေ အပေါင်းအသင်းသူငယ်ချင်းတွေရဲ့ ပုံသဏ္ဌာန်တွေ လှုပ်ရှားသွားလာကြတဲ့ ပုံရိပ်တွေကို မြင်ခွင့်တွေ့ခွင့်ရနိုင်မှာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ ဖတ်ချင်တဲ့ စာတွေ ကျွန်တော်တို့ သွားချင်တဲ့ ခရီးတွေကို ဖတ်ခွင့်သွားခွင့်ရနိုင်မှာပဲ ဖြစ်ပါတယ်။အဲဒီလိုပါပဲ ဒီအကြောင်းအရာတွေက အနီးမှုန်လာနေသူ တစ်ယောက်ရဲ့ တရုတ်နိုင်ငံထုတ် ၁၅၀၀ တန် မျက်မှန်ကလေးတစ်လက် အားကိုးနဲ့ ရေးသားခဲ့တဲ့ အကြောင်းအရာတွေလည်း ဖြစ်ပါတယ်ဆိုတဲ့အကြောင်း။










