စားပွဲပေါ်မှာတင်ထားတဲ့ သံသေတ္တာဘူးလေးထဲကို ကလေးငယ်တစ်ယောက်က ပိုက်ဆံထည့်နေပါတယ်။ သူကိုင်ထားတဲ့ ငါးရာတန် အနွမ်းလေးကို မပြဲအောင် ဂရုတစိုက်နဲ့ ထည့်ပြီးချိန်မှာတော့ ကလေးငယ်ရဲ့ မျက်လုံးထဲမှာ ကျေနပ်ပျော်ရွှင်မှုတွေ ပေါ်လာပါတယ်။
ပိုက်ဆံထည့်ပြီးတဲ့အချိန်မှာတော့ ဇလုံတစ်လုံးကို ယူလိုက်ပါတယ်။ သူ့ရဲ့ဇလုံထဲမှာ ထမင်းတွေထည့်ပြီးတော့ ဟင်းခပ်ပေးမယ့် အမျိုးသမီးငယ်ရဲ့ ရှေ့မှာ တန်းစီလိုက်ပါတယ်။ အမျိုးသမီးငယ်က သူ့ရှေ့ကို ရောက်လာတဲ့ ကလေးငယ်လေးကို ဝက်သားဟင်းနှစ်ဖတ် ထည့်ပေးလိုက်ပါတယ်။
အဲဒီမြင်ကွင်းကတော့ မြောက်ဒဂုံမှာ ဖွင့်လှစ်ထားတဲ့ ကျပ် ၅၀၀ တန်ဇလုံထမင်းဆိုင်ရှေ့က မြင်ကွင်းပဲ ဖြစ်ပါတယ်။ နေ့လယ် ၁၁ နာရီက စဖွင့်ထားတဲ့ ကျပ် ၅၀၀ တန် ဇလုံထမင်းဆိုင်မှာ ကလေးငယ်လေး တစ်ယောက်လိုပဲ အရွယ်စုံလူတွေက အလှည့်ကျ တန်းစီနေကြတယ်။ သူတို့အတွက်က ကျပ် ၅၀၀ နဲ့ နေ့လယ်စာ စားရဖို့အတွက်ပဲ ဖြစ်ပါတယ်။
“ကျွန်တော်လည်း ထမင်းတောင်မစားခဲ့ရတဲ့ ဘဝကလာတာဆိုတော့ လူတစ်ယောက်အတွက် ထမင်းတစ်နပ်ဆိုတာ ဘယ်လောက်အထိ ခက်ခဲသလဲဆိုတာ သိတယ်” လို့ ကျပ် ၅၀၀ တန် ဇလုံထမင်းဆိုင် ပိုင်ရှင်ကို နေသူရိန်က ပြောပါတယ်။
နယ်က တက်လာပြီး ဝပ်ရှော့တစ်ခုမှာ အောက်ခြေကစ အလုပ်လုပ်လာခဲ့တဲ့ ကိုနေသူရိန်က အခုချိန်မှာတော့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်နေပါပြီ။ ဒါပေမဲ့ သူ့အတွက်ထမင်းတစ်နပ်က ဘယ်လောက်ခက်ခဲသလဲဆိုတာကို မမေ့ပါဘူး။
“တစ်ရက် အိမ်ပေါ်ကနေ ကျွန်တော်ဆင်းလာတုန်း ညီငယ်လေး တစ်ယောက်က ရောက်လာပြီး သူ့ဆီက ကလေးတွေ ထမင်းမစားရသေးဘူး။ ညနေ ၆ နာရီလောက်ဖြစ်နေပြီ။ ကလေးတွေက ဘာမှမစားရသေးဘူးတဲ့။ ကျွန်တော်လည်း လိုက်ဖန်တီးနေတာ အခုအထိ ဘာမှမရသေးဘူးတဲ့။ ကျွန်တော့်ကို ကူညီပါဦးတဲ့။ အဲဒါလေးကြုံပြီးတော့ စားတဲ့ဟာက တစ်ပတ်နဲ့ပြီးတာမဟုတ်ဘူး။ တစ်လနဲ့ပြီးတာမဟုတ်ဘူး။ နေ့စဉ် ကြုံရမယ့်အရာပေါ့။ စဉ်းစားမိတော့ သူတို့အတွက်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်ရဘူး။ စားသောက်တဲ့အချိန် မှာလည်း အရသာရှိရမယ်။ အန္တရာယ်လည်း မရှိရဘူး။ ဗိုက်ပြည့်ရမယ်ဆိုပြီး ဒါလေးကို (ကျပ် ၅၀၀ တန်ဇလုံထမင်း) ဖန်တီးလိုက်တာ” လို့ ကိုနေသူရိန်က ပြောပါတယ်။
အောက်တိုဘာ ၁၈ ရက်က စဖွင့်ခဲ့တဲ့ သူ့ရဲ့ ကျပ် ၅၀၀ တန်ဇလုံ ထမင်းဆိုင်က အခုဆို လူသိများလာပါပြီ။
“အခု တစ်ရက်ကို ဆန်သုံးအိတ်ကုန်တယ်” လို့ ကိုနေသူရိန်က ပြောပါတယ်။
ကျပ်ငါးရာတန်ထမင်းဆိုင်ကို စဖွင့်တုန်းကတော့ မြောက်ဒဂုံမှာရှိတဲ့ သူ့မြေကွက်ကို ရှင်းလင်းပြီးစားမယ့်သူတွေ စိတ်ကျေနပ်စေရမယ်၊ ကျန်းမာရေးနဲ့လည်း ညီညွတ်စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာပါ။
“ဒီဟာမျိုးကို စလုပ်မယ်ဆိုကတည်းက အမြတ်ဆိုတာမရနိုင်မှန်းလည်းသိတယ်။ ကျွန်တော့်မှာရှိတဲ့ ငွေနဲ့ အသေးစိတ်ကအစ အကုန်လိုက်ဝယ်တယ်။ လုပ်ငန်းမစခင်ကတည်းက ဘယ်လောက်ကုန်မယ်ဆို တာကိုအကြမ်းဖျင်းတော့ တွက်ထားတာပေါ့။ ကျွန်တော့်ရဲ့ ပင်မစီးပွားရေးကတော့ သတ်သတ်ရှိတယ်။ ဒါက အကျိုးအမြတ်အတွက် လုပ်တာမဟုတ်ဘူး။ အလှူတစ်ခုလို သဘောထားပြီးလုပ်တာ” လို့ ကိုနေသူရိန်က ပြောပါတယ်။
ကားအပိုစက်ပစ္စည်းတွေနဲ့ပဲ ရင်းနှီးခဲ့တဲ့ ကိုနေသူရိန်အတွက် ထမင်းဆိုင်စဖွင့်တယ်ဆိုတာ အခက်အခဲတွေ အများကြီးကြုံခဲ့ရတယ်။
“ဒီမှာက ထမင်းကုန်နေပြီ။ စားမယ့်သူတွေကလည်း တန်းစီနေတယ်။ အဲဒီအချိန်ဟင်းကမလောက်ဘူး” လို့ ကိုနေသူရိန်ကပြောပါတယ်။
တစ်လကျော် ဖွင့်ပြီးတဲ့အချိန်မှာတော့ ကိုနေသူရိန်က အစားအသောက်နဲ့ ပတ်သက်ပြီး ကျွမ်းကျင် ဝန်ထမ်းနှစ်ယောက်ကို ခန့်လိုက်ပါတယ်။
“ကျွန်တော့်ကို အစားအသောက်တွေ အလေအလွင့် မဖြစ်အောင်လုပ်ပေးပါ။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စီမံပေးပါဆိုပြီးပဲ တောင်းဆိုတယ်။ ကျွမ်းကျင်ဝန်ထမ်း နှစ်ယောက်ခန့်လိုက်တာပေါ့” လို့ သူကပြောပါတယ်။
ထမင်းထည့်ပေးမယ့်သူ၊ ဟင်းထည့်ပေးမယ့်သူတွေကတော့ ဝန်ထမ်းထပ်ငှားလိုက်ပြီးတဲ့အချိန်မှာတော့ ကျပ် ငါးရာတန်ထမင်းဆိုင်က ပြည့်စုံသွားပြီးလို့ ဆိုရမှာပါ။ အဲဒီထက်အရေးကြီးတာက အမြတ်မယူဘဲ အိတ်စိုက်ရောင်းချနေတာကို သိတဲ့အတွက်ကြောင့်အချို့စေတနာရှင်တွေက လာရောက်လှူဒါန်းတာ တွေရှိတယ်။
“ဒီမှာက စေတနာမှန်မှန်နဲ့သာ ကိုယ်ကလုပ်။ လာလှူမယ့်သူတွေရှိတယ်။ ကျွန်တော်ဆိုရင် ဝန်ထမ်းစရိတ်အတွက်ပဲ အိတ်စိုက်ရတာ။ ဥပမာ ဆန်ဆိုရင်လည်း အရင်းစျေးနဲ့ ရောင်းပေးပြီး ကူညီတဲ့သူရှိတယ်။ အလှူငွေလာပေးတဲ့သူတွေရှိတယ်” လို့ ကိုနေသူရိန်က သူ့အတွေ့အကြုံကို ပြောပါတယ်။
အစစအရာရာ စျေးနှုန်းမြင့်တက်နေတဲ့အချိန် ကျပ်ငါးရာနဲ့ နေ့လယ်စာတစ်နပ်ပြေလည်ဖို့ ရန်ကုန်မြို့လိုနေရာမျိုးမှာမရှိပါဘူး။
ကျပ် ၅၀၀ နဲ့ ရောင်းချပေးတဲ့ နေရာမှာ လာရောက်စားသောက်တဲ့သူတွေဆိုတာ အခြေခံလူတန်းစား တွေများပါတယ်။ ကုန်စိမ်းရောင်းတဲ့သူ၊ အငှားယာဉ်နင်းတဲ့သူစတဲ့ လူတန်းစားအလွှာအသီးသီးအတွက်တော့ ကျပ် ၅၀၀ တန် ဇလုံထမင်းဆိုင်က အားထားရတဲ့နေရာတစ်ခုလို့ ဆိုရမှာပါ။
“အိမ်မှာချက်ရင် ထမင်းတစ်နပ်အတွက် သုံးထောင်နဲ့ မရဘူး။ ဒီမှာကျတော့ ကိုယ့်မိသားစုအတွက် သုံးထောင်နဲ့ ထမင်းအဝစားလို့ရတယ်” လို့ ကုန်စိမ်းရောင်းချတဲ့ ကိုအောင်သူက ပြောပါတယ်။
ကိုအောင်သူက အရင်တုန်းကတော့ မြန်မာ့တူရိယာတစ်မျိုးဖြစ်တဲ့ စောင်းကောက်လုပ်ငန်းလုပ်ကိုင်တဲ့ သူတစ်ယောက်ပါ။ နောက်ပိုင်းမှာတော့ အလုပ်ကအဆင်မပြေတဲ့အတွက် သူ့မိန်းမနဲ့အတူ ကုန်စိမ်း ရောင်းနေတဲ့သူ ဖြစ်ပါတယ်။ သူတို့မိသားစု ခြောက်ယောက်ရှိပါတယ်။ သူတို့အတွက် ထမင်းတစ်နပ်ဖန်တီးဖို့ဆိုရင် ကျပ်သုံးထောင်နဲ့ ဘယ်လိုမှ မလောက်ပါဘူး။
“နေ့လယ်စာအတွက်တင်မကဘူး။ ဖြစ်နိုင်ရင် ညနေစာအတွက်ပါ ရောင်းပေးစေချင်တယ်။ ဒါမျိုးများများ လှူနိုင်ပါစေလို့ပဲ ဆုတောင်းရမယ်” လို့ ကိုအောင်သူက ပြောပါတယ်။
ကုန်စျေးနှုန်းကြီးမြင့်လာတဲ့ လက်ရှိအချိန်မှာတော့ ကျပ် ၅၀၀ တန် ဇလုံထမင်းကို မိသားစုလိုက် လာရောက်စားသောက်တဲ့သူတွေရှိသလို့ ဝင်ငွေနည်းသူတွေကလည်း လာရောက်သုံးဆောင်တာတွေရှိပါတယ်။
“တစ်ရက်ထက် တစ်ရက်တော့ ရောင်းရတာပိုများလာတယ်။အများစုကတော့ အခြေခံလူတန်းစားတွေ များတယ်။ တစ်ရက်လုပ်မှ တစ်ရက် စားရတဲ့သူတွေက အများစုပဲ။ ကျွန်တော်တွေ့မိသလောက်ကတော့” လို့ ကိုနေသူရိန်က ပြောပါတယ်။
ကျပ် ၅၀၀ တန်ဇလုံထမင်းဆိုင်ရဲ့ လမ်းဘေးတစ်လျှောက်မှာတော့ ကျပ် ၅၀၀ ထက်မပိုတဲ့ စျေးတန်းလေးတစ်ခုကိုလည်း ဖွင့်လှစ်ထားပါတယ်။
အလုပ်အကိုင်မရှိတဲ့သူတွေ၊ စီးပွားရေးမပြေလည်တဲ့သူတွေအတွက် ကျပ် ၅၀၀ ထက်မပိုတဲ့ အစားအသောက်တွေ၊ အအေးဆိုင်တွေ၊ ထမင်းပေါင်းဆိုင်တွေကို ဖွင့်လှစ်ထားပါတယ်။
“ကျွန်တော်ဖွင့်ပြီး နှစ်ရက်လောက်နေတော့ ဘေးနားမှာ စျေးသည်လေးတစ်ယောက် တွေ့တယ်။ ရောင်းရတာအဆင်ပြေလားဆိုပြီး မေးလိုက်သေးတယ်။ နောက်တစ်ရက်ကျတော့ နောက်ထပ်စျေးသည် လေးတွေလာတယ်။ အဲဒါနဲ့ ရှိတဲ့မြေနေရာလေးမှာ စျေးသည်လေးတွေကို ဖွင့်ခွင့်ပေးလိုက်တယ်။ သူတို့ကလည်း ကျပ်ငါးရာထက် ပိုမရောင်းဘူး” လို့ ကိုနေသူရိန်က ဆိုပါတယ်။
ကျပ် ၅၀၀ တန်စျေးတန်းလေးမှာတော့ အစားအသောက်မျိုးစုံကို ရောင်းချနေကြပါတယ်။ ကျပ် ၅၀၀ တန် ဇလုံထမင်းကို မစားချင်ရင် ကျပ် ၅၀၀ တန် ထမင်းပေါင်းဆိုင်၊ ကျပ် ၃၀၀ တန် ကော်ရည်ခေါက်ဆွဲဆိုင် စတဲ့ဆိုင်တွေကလည်း ရောင်းချပေးနေပါတယ်။
“အပိုဝင်ငွေလည်းရတယ်။ မိသားစု စားဖို့သောက်ဖို့အတွက် ရတာပေါ့” လို့ ကျပ် ၅၀၀ တန် ထမင်းပေါင်းရောင်းချတဲ့ စျေးသည်တစ်ဦးက ပြောပါတယ်။
အမြတ်အများကြီး မရပေမဲ့ မိသားစုအတွက် အပိုဝင်ငွေရတဲ့အတွက်ကြောင့် မိသားစုအတွက် အဆင်ပြေတယ်လို့ ဆိုလာသူက အသက် ၅၀ ကျော်အရွယ်ရှိတဲ့ ဒေါ်စန်းကြည်ပဲဖြစ်ပါတယ်။
“အမြတ်တော့ အများကြီးမကျန်ဘူး။ ဒီမှာကလည်း စည်းကမ်းချက်တစ်ခုရှိတယ်။ ကျပ် ၅၀၀ ထက် ပိုမရောင်းရဘူး။ စားတဲ့သူတွေလည်း အဆင်ပြေအောင် ရောင်းတဲ့သူတွေအတွက်လည်း တခြားနေရာတွေလို ဝန်ထုပ်ဝန်ပိုးမဖြစ်ဘူး” လို့ ဒေါ်စန်းကြည်က ဆိုပါတယ်။
ကျပ် ၅၀၀ တန်စျေးဆိုင်နေရာအတွက်ကတော့ ကိုနေသူရိန်က စီစဉ်ပေးထားခြင်းဖြစ်ပြီးတော့ လာရောက်ရောင်းချတဲ့သူတွေကလည်း မြောက်ဒဂုံမြို့နယ်မှာနေထိုင်တဲ့သူတွေ အများစုဖြစ်ပါတယ်။
“ဒါက နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်ပေါ့။ ရောင်းတဲ့သူတွေအတွက်ကလည်း ဖောက်သည်အများကြီး ရှာစရာမလိုဘူး။ ဝယ်တဲ့သူတွေအတွက်ကလည်း စျေးသင့်တင့်ရမယ်” လို့ ကိုနေသူရိန်က ပြောပါတယ်။
ကျပ် ၅၀၀ တန် ဇလုံထမင်းဆိုင်တွေကို တခြားမြို့နယ်တွေမှာလည်း ဖွင့်လှစ်ဖို့ ရည်စူးထားပြီးတော့ လက်ရှိနေရာမှာလည်း ကျပ် ၅၀၀ ပဲ ပေးရမယ့် ဆေးခန်းတစ်ခု ထပ်ဖွင့်နိုင်ဖို့ စီစဉ်နေတယ်လို့ ကိုနေသူရိန်က ပြောပါတယ်။
“အခု ဒီဘက်မှာ အဆောက်အအုံ ထပ်ဆောက်နေတယ်။ ဆေးခန်းဖွင့်မယ်။ ကျပ် ၅၀၀ ပဲ ပေးရမယ်။ ဒါပေမဲ့ အဲဒီအတွက်က လိုင်စင်ကိစ္စတွေက လိုအပ်နေသေးတယ်” လို့ ကိုနေသူရိန်က ပြောပါတယ်။
လူတစ်ယောက်အတွက် စားဖို့သောက်ဖို့က အရေးကြီးသလို ကျန်းမာရေးကိစ္စလည်း အရေးကြီးတဲ့အတွက်ကြောင့် ဝင်ငွေနည်းမိသားစုတွေ ကျန်းမာရေးစရိတ် သက်သက်သာသာနဲ့ ကုသနိုင်အောင်စီစဉ်တာလို့ ကိုနေသူရိန်က ပြောပါတယ်။
ကျပ်ငါးရာနဲ့ ထမင်းဟင်းတွေ ရောင်းချနေတဲ့ ကိုနေသူရိန်ရဲ့ဆိုင်ကို လာရောက်စားသောက်တဲ့သူတွေကတော့ နေ့လယ်စာ စားချိန်ကျော်နေတာတောင် လာရောက်စားသောက်တဲ့သူတွေ လာနေတုန်းပဲ ဖြစ်ပါတယ်။ စတီးဇလုံဆေးကြောနေတဲ့သူ၊ ထမင်းနဲ့ဟင်းကို ခပ်ထည့်ပေးနေတဲ့သူတွေကလည်း လက်မလည်အောင် ထည့်ပေးနေရတုန်းပဲ ဖြစ်ပါတယ်။ အခြေခံလူတန်းစားများတဲ့ ရန်ကုန်မြို့လိုနေရာမှာတော့ ကျပ် ၅၀၀ တန်ထမင်းနဲ့ဟင်းဆိုတာ သူတို့အတွက် နေ့လယ်စာတစ်နပ်ကို ငွေကုန်ကြေးကျ သက်သာစွာနဲ့ ဖြေရှင်းနိုင်မယ့်နေရာတစ်ခုပဲ ဖြစ်ပါတယ်။ ကျပ်တည်းလာတဲ့ စားဝတ်နေရေးအတွက် ကျပ် ၅၀၀ တန်ဆိုင်တွေ အများအပြားထွက်ပေါ်လာဖို့ကတော့ အရေးကြီးပါတယ်။
“စျေးတွေဘယ်လောက်တက် တက် ကျပ် ၅၀၀ နဲ့ ရောင်းချပေးနိုင်ဖို့ ကြိုးစားမယ်” လို့ ကိုနေသူရိန်က ပြောပါတယ်။










