ကိုဗစ်ကာကွယ်ဆေးအိပ်မက်

ကိုဗစ်ကာကွယ်ဆေးအိပ်မက်
လားရှိုးမြို့ရှိ ဒေသခံပြည်သူများကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေစဉ် (ဓာတ်ပုံ - ထွန်းနေလှိုင် (နောင်ပိန်))
လားရှိုးမြို့ရှိ ဒေသခံပြည်သူများကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေစဉ် (ဓာတ်ပုံ - ထွန်းနေလှိုင် (နောင်ပိန်))
Published 28 November 2021
ဒေါက်တာ လွင်သန့်

ကမ္ဘာတစ်လွှား ကိုဗစ်ကူးစက်မှုများ လျော့ကျလာချိန်မှာ ဒယ်တာပလပ်စ်မျိုးကွဲများရဲ့ ကူးစက်မှု ပြန်ပြီးခေါင်းထောင်လာပါတယ်။ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီးပြီးတဲ့ နေရာတွေမှာ ဒယ်တာမျိုးကွဲကူးစက်မှု အသစ်များ ပြန်လည်ဖြစ်ပေါ်လာလို့ ကိုဗစ်ကာကွယ်ဆေးများအပေါ် မျှော်လင့်ချက်တွေ ပိုမိုစောင့်ကြည့်လာကြပါတယ်။

ကာကွယ်ဆေးရဲ့ သဘောတရားက ကိုဗစ်ဗိုင်းရပ်ကာကွယ်ဆေးထိုးနှံပြီးတဲ့အခါ ကိုဗစ်ခုခံနိုင်မယ့် ကိုယ်ခံစွမ်းအား ထွက်လာနိုင်မှာပဲ ဖြစ်ပါတယ်။ခန္ဓာကိုယ်ကစွမ်းအားရသွားပြီး ဗိုင်းရပ်ကူးစက်မှု ရပ်ဆိုင်းသွားနိုင်တယ်လို့ မျှော်မှန်းခဲ့ကြပါတယ်။ ယနေ့ ကိုဗစ်ကာကွယ်ဆေး အနေအထားက မျှော်မှန်းတဲ့အတိုင်း တစ်သဝေမတိမ်းဖြစ်ဖို့ မသေချာ။ ကမ္ဘာလူသားများဟာ ရှေ့မှာတုပ်ကွေးဗိုင်းရပ်ကူးစက်မှုကို နှစ်စဉ်ရင်ဆိုင်နေကြရသလို ကိုဗစ်ဗိုင်းရပ်ပိုးဟာလည်း နှစ်စဉ်မျိုးကွဲပြောင်းလဲကာ ရင်ဆိုင်ကြရဖို့ရှိနိုင်ပါတယ်။

မူလက ကိုဗစ်ကာကွယ်ဆေးကို အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြပါတယ်။ တကယ်တမ်းလည်း တစ်ကမ္ဘာလုံးထိုးနှံနေကြပါတယ်။ဘာကြောင့် ပျောက်မသွားတာလဲ။ ရှင်းပါတယ်။ ကိုဗစ်ကာကွယ်ဆေးက ကိုဗစ်ရောဂါပိုးအားလုံးကို မကာကွယ်နိုင်ပါဘူး။ တစ်ခုရှိတာက ဆေးနှစ်ကြိမ် အပြည့်ထိုးနှံသူများအနေနဲ့ ကိုဗစ်ကူးစက်နိုင်ပါသေးတယ်။ ဒါပေမဲ့ မသေဆုံးနိုင်ဘူး။ဆေးရုံတက်စရာမလိုဘူး။ အောက်ဆီဂျင်ရှူစရာမလိုဘူး။ ကျူ (Q-Quarantine) ဝင်စရာမလိုပါဘူး။

ကူးစက်မြန် ဒယ်တာပလပ်စ် မျိုးကွဲသစ်က ကာကွယ်ဆေးရဲ့ မျှော်မှန်းချက်အပေါ် အရောင်မှိန်စေပါတယ်။ ဒယ်တာပလပ်မျိုးကွဲက ကာကွယ်ဆေးထိုးပြီးသူများမှာ ရောဂါလက္ခဏာမပြဘဲ ကူးစက်မှု ဖြစ်စေပါတယ်။ကာကွယ်ဆေးထိုးပြီး သူမှတစ်ဆင့် ကိုဗစ်ပိုးဖြန့်ဝေသလို ဖြစ်နေပါတယ်။ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနှံပြီးသူများ၊ ကိုဗစ်ကူးစက်မှုကို လုံးဝဖြတ်တောက်နိုင်လိမ့်မယ်လို့ မျှော်မှန်းချက် ပျောက်ကွယ်သွားသလို ဖြစ်ရပါတယ်။ ကိုဗစ်ပြင်းပြင်းထန်ထန် ခံစားရပြန်ပါတယ်။

ကံကောင်းတဲ့အချက်က ဘယ်ဗိုင်းရပ်ပိုး၊ ဘယ်မျိုးကွဲမဆို အာနိသင်က ကြာကြာခံလေ့မရှိပါဘူး။ သူ့အာနိသင်က မကြာခင်မှာ ပျောက်ပျက်သွားတတ်ပါတယ်။သူ့နောက်မှာဗိုင်းရပ်မျိုးကွဲသစ်တွေ နေရာယူလာပြီး ပြင်းပြင်းထန်ထန် ရောဂါကူးစက်မှုဖြစ်စေတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ကိုဗစ်ဗိုင်းရပ်မျိုးကွဲ၊ မူကွဲပိုးများ ပေါ်ပေါက်လာပြီး အဆိုပါမျိုးကွဲတစ်ခုချင်းစီရဲ့ရောဂါကူးစက်မှုနှုန်း မတူညီကြလို့ ကိုဗစ်ကာကွယ်ဆေးများရဲ့ အစွမ်းအာနိသင်ကို လျော့နည်းလာစေမှာလား စိုးရိမ်လာကြပါတယ်။ ပညာရှင်အချို့က ကိုဗစ်ကို အမြစ်ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ပါ။အရင်က ဖြစ်ဖူးတဲ့ ကိုဗစ်လှိုင်းတွေလို ဆိုးဆိုးရွားရွားမဖြစ်အောင်သာ ထိန်းနိုင်ကြလိမ့်မယ်ဆိုကြပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေဘက် လှည့်ကြည့်တဲ့အခါ ပထမဆုံးဖိုင်ဇာ ကိုယ်တိုင်နှစ်ကြိမ်ထိုးနှံရာကနေ ထပ်ဆင့်မြှင့်ထိုးဆေး စတုတ္ထထိုးဆေးအထိ ထိုးနှံလာကြတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထပ်မြှင့်ကာကွယ်ဆေးထိုးနှံခြင်းမှာ လူသားချင်းမစာနာ ရောက်စေတယ်ဆိုပြီး ကန့်ကွက်တဲ့တိုင်ထိုးဖို့ မလိုဆိုပြီး မငြင်းဆန်နိုင်ပါဘူး။ ခုဆိုရင်အစ္စရေး၊ အမေရိကန်၊ ဗြိတိန်၊ စင်ကာပူမှာ ဖိုင်ဇသုံးကြိမ်ထိုးနှံပြီးထားကြပြီး အစ္စရေးမှာ စတုတ္ထအကြိမ် ထိုးနှံပေးထားကြပါပြီ။ ကိုဗစ်စတုတ္ထလှိုင်းက ပြင်သစ်၊ ကိုလံဘီယာ၊ ပီရူးမှာစနေပါပြီ။ ဂျပန်၊ စင်ကာပူ၊ တောင်ကိုရီးယားမှာ စတုတ္ထလှိုင်းပြင်နေပြီး သြစတြေးလျ၊ နယူးဇီလန်တို့မှာပါ စတုတ္ထလှိုင်း ကျရောက်နေပါပြီ။

ကာကွယ်ဆေး အာနိသင် နည်းပါးလာပြီလို့ ဝန်ခံရပါပြီ။ အာနိသင်နည်းရတဲ့ အဓိကအကြောင်းရင်း နှစ်ချက်ရှိတယ်။ကူးစက်ရောဂါပိုး ကိုယ်တိုင် ကူးစက်နိုင်စွမ်း မြင့်မားလာခြင်းဖြစ်ပါတယ်။ ဒုတိယအချက်က ကာကွယ်ဆေးကြောင့် ပေါ်ပေါက်လာတဲ့ ကိုယ်ခံစွမ်းအား ပမာဏကျဆင်းလာလို့ပဲ ဖြစ်ပါတယ်။ပထမရည်ရွယ်ထားတာက ကာကွယ်ဆေးထိုးနှံအပြီး တအုံတမကိုယ်ခံ စွမ်းအားပေါ်ပေါက်လာစေဖို့ ဖြစ်ပါတယ်။ ယခုတော့ မလွယ်တော့ပါဘူး။ ဒယ်တာပလပ်စ်မျိုးကွဲကို သူ့ထက်ငါ ကာကွယ်ဆေးတွေက အာနိသင်အပြည့်အဝပေးနိုင်ဖို့ တီထွင်ကြံဆလာရပြန်ပါတယ်။ ထိုးနှံထားတဲ့ ကာကွယ်ဆေး အာနိသင်ကလည်း အချိန်ကြာလာတာနဲ့အမျှ အားပျော့လာပါတယ်။ နောက်ထပ် ဘယ်လိုကာကွယ်ဆေးမျိုး ထပ်တိုးမြှင့်ထိုးပေးရင်ကောင်းမလဲ။တကယ်တမ်း ပြောကြကြေးဆိုရင် ယခုဒယ်တာပလပ်စ်အတွက် ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးက လမ်ဘဒါနဲ့ မြူမျိုးကွဲအတွက် လိုအပ်နေပါတယ်။ လမ်ဘဒါက ပီရူးနဲ့မြူက ကိုလံဘီယာနိုင်ငံတွေမှာ တွေ့ရှိထားပြီး တစ်ကမ္ဘာလုံးမှာ တစ်ရာခိုင်နှုန်းပဲ ရှိနေသေးပါတယ်။

နှစ်စဉ်လို တုပ်ကွေးကာကွယ်ဆေး ဗက်ဇီဂရစ် (Vaxigrip Tetra) ကို နှစ်စဉ်ထိုးနှံနေရသလို ကိုဗစ်အတွက် နှစ်စဉ်ထိုးနှံပေးဖို့ ဆိုလာကြပါပြီ။ ပညာရှင်တို့က တုပ်ကွေးဗိုင်းရပ်လို ဖြစ်သွားပြီလို့ ယူဆကြပါတယ်။ တုပ်ကွေးဗိုင်းရပ်ဟာ ရာသီတုပ်ကွေးဆိုတဲ့အတိုင်း စိုထိုင်းစများတဲ့ အချိန်ဖြစ်ချင်တဲ့ အချိန်ဖြစ်နေတတ်ပါတယ်။ တုပ်ကွေးဗိုင်းရပ်မှာလည်း နှစ်စဉ်မျိုးကွဲများ ပေါ်ပေါက်နေလို့ နှစ်စဉ်တုပ်ကွေးကာကွယ်ဆေး ထိုးနှံရပါတယ်။ တုပ်ကွေးပျံ့နှံ့ဖို့ မြို့တစ်မြို့မှာ ရက်သတ္တပတ်နှစ်ပတ်နဲ့ သုံးပတ်အတွင်း နိုင်ငံတွင်းတစ်လနဲ့အထက်၊ တစ်ကမ္ဘာလုံး (၃-၆) လ ကြာကြာတတ်ပါတယ်။ ထူးခြားချက်က တုပ်ကွေးမှာ ကိုဗစ်လို မဟာပိုးဖြန့်ချိရေး အာနိသင်မရှိပါဘူး။ တုပ်ကွေးဖြစ်သူက နောက်ထပ် (၂-၃) ဦးလောက်သာ ရောဂါဖြန့်ချိနိုင်ပါတယ်။ ကိုဗစ်က မဟာပိုးဖြန့်ချိသူ ၁၀ ဦး၊  ၁၀၀ ဦးအထိ ကူးစက်စေနိုင်ပါတယ်။

တုပ်ကွေးအသစ် ပေါ်လာခြင်းက ကိုဗစ်မျိုးကွဲသစ် ပေါ်လာတာလောက် မမြန်ပါ။ ရာသီတုပ်ကွေးဆိုသလို ရာသီကုန်ရင် ကူးစက်ပြန့်ပွားမှု နည်းသွားပါတယ်။ ရာသီတုပ်ကွေးအတွက် ကာကွယ်ဆေးအသစ် နှစ်စဉ်ထိုးနှံကြရာမှာ အဓိကရည်ရွယ်ချက်အရ လူအများအပြားမကူးစက်စေဖို့၊ ကပ်ရောဂါ အသွင်မဖြစ်စေဖို့၊ ရောဂါ အပြင်းအထန်မခံစားကြဖို့၊ ကုန်ထုတ်စွမ်းအား မထိခိုက်စေဖို့ပဲဖြစ်တယ်။ ရောဂါလက္ခဏာမပြတဲ့ တုပ်ကွေးကူးစက်မှုကို ကာကွယ်ဖို့ မရည်ရွယ်ထားကြပါဘူး။ နှစ်စဉ်လိုလို တုပ်ကွေးကာကွယ်ဆေးထိုးနှံကြတဲ့ နောက်ကွယ်မှာ ဗိုင်းရပ်မူကွဲ၊ မျိုးကွဲများ ပေါ်ပေါက်လာခြင်း တစ်ချက်၊ ကာကွယ်ဆေးကြောင့် ပေါ်ပေါက်လာတဲ့  ကိုယ်ခံစွမ်းအား ကျဆင်းလာတတ်တဲ့ အကြောင်းက တစ်ချက်၊ ဗိုင်းရပ်မူကွဲ၊ မျိုးကွဲပေါ်လာရင်ပင် ထပ်မံထိုးနှံဖို့လိုတယ်လို့ဆိုတော့ ကိုဗစ်ကာကွယ်ဆေး နှစ်စဉ်ထိုးနှံဖို့ စိုင်းပြင်းလာကြဟန် တူပါတယ်။

ကိုဗစ်ကာကွယ်ဆေးရဲ့ အာနိသင်ကိုလေ့လာမယ်ဆိုရင် ရောဂါလက္ခဏာ ခံစားရတဲ့ကူးစက်မှု (၈၀ -၉၀ ရာခိုင်နှုန်း) အထိ ကာကွယ်ပေးနိုင်ကြောင်း ဖော်ပြထားကြပါတယ်။ တုပ်ကွေးကာကွယ်ဆေးရဲ့ ကာကွယ်မှုနှုန်းက (၆၀ ရာခိုင်နှုန်း) ထက် မကျော်ပါဘူး။ ယနေ့ တုပ်ကွေးကာကွယ်ဆေး ထိုးနှံနေတာဟာ ကမ္ဘာမြေပေါ်က တုပ်ကွေးကို တိုက်ထုတ်ဖို့မဟုတ်။ ဝေဒနာပြင်းပြင်းထန်ထန် မခံစားရဖို့နဲ့ ကပ်ရောဂါအသွင် ကူးစက်ပျံ့နှံ့မှု ဆိုးဆိုးရွားရွား မဖြစ်အောင်သာ ရည်ရွယ်ပါတယ်။

ယနေ့ ကိုဗစ်ကာကွယ်ဆေးများရဲ့ အစွမ်းဟာရာသီတုပ်ကွေး (A/H1N1) ထက် အစွမ်းထက်နေပါတယ်။ ဘယ်လောက် အစွမ်းထက်နေနေ တစ်ချိန်ချိန်မှာ တုပ်ကွေးကာကွယ်ဆေးတွေလို အားဖြည့်ကာကွယ်ဆေး ထိုးနှံဖို့လိုမှာပဲ ဖြစ်ပါတယ်။သုံးကြိမ်မြောက်ထိုးနှံသူများက၊ လေးကြိမ်မြောက်ထိုးနှံသူများ က ကိုဗစ်ကို ကာကွယ်နိုင်တာ အမှန်ပဲဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အလျင်စလို မထိုးနှံကြဖို့ ဆော်သြနေပါတယ်။

ကိုဗစ်ဖြစ်ပြီးသူများမှာ ပေါ်ပေါက်လာတဲ့ ကိုယ်ခံစွမ်းအားက အကြာကြီးမခံပါဘူး။ ကိုဗစ်ကာကွယ်ဆေး အနာဂတ်နဲ့ပတ်သက်လာရင် ကမ္ဘာလူသားအားလုံးနီးပါး ကာကွယ်ဆေးထိုးနှံပြီးနောက် ဘယ်အချိန်မှာ အားဖြည့်ထိုးဆေးထိုးရမယ်ဆိုတာ လေ့လာနေဆဲ ဖြစ်ပါတယ်။ ကိုဗစ်ဗိုင်းရပ်မျိုးကွဲများလည်း ရှိနေပြန်ပါတယ်။ ကိုဗစ်မျိုးကွဲများနဲ့ လိုက်လျောညီထွေထုတ် လုပ်လာနိုင်တာနဲ့ ကိုဗစ်ကာကွယ်ဆေး လိုအပ်နေမှာပဲ ဖြစ်ပါတယ်။ရောဂါဆိုးဝါးမှုဒဏ်ကို ကိုဗစ်တတိယလှိုင်းကတည်းက ပြည်သူတွေသိနေကြပြီ ဖြစ်ပါတယ်။ ရောဂါမဖြစ်အောင် ကာကွယ်ဆေးထိုးနှံရေး လူတိုင်းအသိရှိနေပြီး ကိုဗစ်ကင်းစင်ရေးအတွက် ကမ္ဘာလူသားတိုင်း ဘယ်တော့ဆန္ဒပြည့်ဝလာမလဲဆိုတာကတော့ စောနေပြန်ပါတယ်။ ကိုဗစ်က ကူးတော့ကူးစက်နေဆဲ ဖြစ်ပါတယ်။ ဆေးရုံရောက်မှ ပြင်းထန်ကိုဗစ်လို့ စာရင်းမှတ်ကြရတာ ဖြစ်တယ်။ တစ်အိမ်လုံးကိုဗစ် ကာကွယ်ဆေးထိုးနှံပြီး၊ တစ်မြို့လုံးတစ်ပြည်နယ်လုံး တစ်နိုင်ငံလုံး ကာကွယ်ဆေး လွှမ်းခြုံမှု (၇၀-၈၀ ရာခိုင်နှုန်း) အထိ ရှိနေတဲ့ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်တို့မှာပင် ကိုဗစ်ကူးစက်နေပါတယ်။

ကိုဗစ်ကာကွယ်ဆေးက ပြင်းထန်ရောဂါလက္ခဏာများ မဖြစ်ပွားအောင် ကာကွယ်နိုင်တာ သေချာပါတယ်။ ကမ္ဘာ့လူသားတိုင်းလိုလို ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးကြိုးစားကြရပါဦးမယ်။ ကိုဗစ်ကို ကမ္ဘာမြေပေါ်မှ နှင်ထုတ်ဖို့ မသေချာပါ ဘူး။ ရာသီတုပ်ကွေးလိုပဲ ဗိုင်းရပ်ရဲ့ ပြောင်းလဲမှုသဘောကို စောင့်ကြပ်ကြည့်ရှုပြီး ကာကွယ်ဆေးကို လိုသလိုပြင်ဆင် တီထွင်၊ တည်းဖြတ်ထုတ်လုပ်ကြရဦးမှာပဲ ဖြစ်ပါတယ်။ လမ်ဘဒါမျိုး ကွဲနဲ့မြူမျိုးကွဲတို့က ပီရူးနဲ့ကိုလံဘီယာမှာ ဖြစ်ပွားနေမှု ၃၆ ရာခိုင်နှုန်းအထိ ရှိလာပြီဆိုတော့ ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့မှု (တစ်-ရာခိုင်နှုန်း) ပဲ ရှိစေကာမူ အသင့်အနေအထားနဲ့ ကာကွယ်ဆေး ပေါ်ပေါက်လာဖို့ ကြိုးပမ်းလုပ်ဆောင်ကြရမှာပဲ ဖြစ်ပါတယ်။ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ရေး ပုံမှန်ဘဝသစ် နေထိုင်တတ်သွားဖို့သာ ပြင်ဆင်ကြိုးစားကြဖို့ လိုအပ်လာပြီပဲ ဖြစ်ပါတယ်။

ကိုဗစ်မျိုးကွဲ ဒယ်တာပလပ်နဲ့ ပတ်သက်ပြီး ဗြိတိန်မှာ စိုးရိမ်မှု

ကိုဗစ်ဗိုင်းရပ်ရဲ့ ဒယ်တာ (Delta) မျိုးကွဲတစ်ခု ဗြိတိန်မှာ ပျံ့နှံ့နေတယ်။ ကိုဗစ်ဟာ ဆားကိုဗီတူး (SARs CoV-2) ဗိုင်းရပ်ကြောင့် ဖြစ်ပွားရပြီး ခုမျိုးကွဲ ကိုဒယ်တာ အေဝိုင်ဖိုးတူး (Delta AY 42) လို့ ခေါ်ကာ ဗြိတိန်မှာ တစ်ကျော့ပြန် ခေါင်းထောင်လာပါတယ်။ ဗြိတိန်မှာ အနိမ့်ဆုံး ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူ ၈၀ ရာခိုင်နှုန်း ကျော်ရှိနေပြီး တတိယအကြိမ် ထပ်ဆင့်မြှင့်ကာကွယ်ဆေး (Third Dose) ကို အသက်အရွယ်ကြီးသူများ၊ ကင်ဆာလို ခုခံအားကျဆင်း ရောဂါလူနာများ ထိုးနှံပေးလာပါတယ်။

သည်ဘက်နှစ်တွေမှာ ဆားကိုဗီတူး (SARs CoV-2) ဗိုင်းရပ်ကြောင့် ကမ္ဘာ့အနှံ့ ကိုဗစ်ပျံ့နှံ့၊ သေဆုံးမှုသတင်းတွေ ဆက်ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ ခုလိုဆောင်းအဝင်နဲ့ နွေဦးအစတွေမှာ ကိုဗစ်ပြန်ပြီး ထလာပါတယ်။ ဗြိတိန်မှာ အယ်ဖာ (Alpha) မျိုးကွဲက အစောပိုင်း ပထမလှိုင်း၊ ဒုတိယလှိုင်းတွေမှာ ၅၀ ရာခိုင်နှုန်း တွေ့ရှိခဲ့ရပါတယ်။ ယခုဒယ်တာမျိုးကွဲသစ်က ယခင်အယ်ဖာထက် ၆၄ ရာခိုင်နှုန်းပိုပြီး မြင့်မားကူးစက်နိုင်ကာ ကာကွယ်ဆေး မထိုးရသေးသူများ စိုးရိမ်စရာ ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ ၂၈ ရက် နိုဝင်ဘာလအတွင်း ဗြိတိန်မှာ ကိုဗစ်အသစ်ပြန်ဖြစ်ပွားသူ အမြင့်မားဆုံးရှိပြီး အမေရိကန် ပြည်ထောင်စုက ဒုတိယလိုက်ပါတယ်။ဗြိတိန်နိုင်ငံရဲ့ ရောဂါအသစ် ပြန်လည်ဖြစ်ပွားမှုဟာ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ အီတလီတို့ထက် မြင့်မားပါတယ်။

ဗြိတိန်မှာ ဒယ်တာမျိုးကွဲ (Delta AY 42) ဟာ အင်္ဂလန်မှာ အဓိကပျံ့နှံ့ ဖြစ်ပွားနေပါတယ်။ ၂၀၂၁ ခုနှစ်စက်တင်ဘာ ၂၇ ရက် ဆားကိုဗီတူး (SARs-CoV-2) ဗိုင်းရပ်ကူးစက်မှု ခြောက်ရာခိုင်နှုန်းသာရှိကာ ကျဆင်းခဲ့ပါတယ်။ နောက်ပိုင်း ကိုဗစ်စည်းမျဉ်းအချို့ ဖြေလျှော့ပေးတာ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း၊ ပညာရေးကဏ္ဍများပြန်လည် ဖွင့်လှစ်ပေးခဲ့ရာမှာ ဒယ်တာမျိုးကွဲသစ်ရဲ့ ကူးစက်မှု ပိုပြီးခံစားခဲ့ရတာ ဖြစ်ပါတယ်။ ပါမောက္ခ ဖရန်ကိုဘဲလော့ (Prof. Francois Balloux) လန်ဒန်တက္ကသိုလ်၊ ဗီဇဂျင်းကောလိပ် (Genetics Institute) အဆိုအရ ကိုဗစ်မျိုးကွဲသစ် (Delta AY 42) ဟာ ချို့ယွင်းချက်တစ်ခုကြောင့် ပြန်လည်ခေါင်းထောင်လာတဲ့ အနေအထားရှိကြောင်း သုံးသပ်သွားတယ်။

ကိုဗစ်ဗိုင်းရပ်ရဲ့ မျိုးပွားမှု ပရိုတိန်းသုံးစွဲမှုအရမျိုးကွဲ (Y) (၄၅၄) နဲ့ (AZ ၂၂၀) တို့ ပါဝင်ပါတယ်။ လူသားတို့ ခန္ဓာကိုယ်မှာ ပဋိပစ္စည်း (Antibody) ရှိနေသေးလို့သာ အဆိုပါဗိုင်းရပ်မျိုးကွဲသစ်ပျံ့နှံ့၊ ကူးစက်သေဆုံးမှု မျှော်လင့်ထားသလို မတက်လာတာလို့ဆိုပါတယ်။

ပါမောက္ခဘဲလော့ (Prof. Balloux) က လူမှုကွန်ရက် တွစ်တာကနေ “ဒယ်တာမျိုးကွဲ (Delta AY 42) ကြောင့် ဗြိတိန်မှာ ရောဂါကူးစက်ပျံ့နှံ့မှု ၁၀ ရာခိုင်နှုန်း ပိုပြီးဖြစ်လာတယ်” ဆိုကာ ငါးရက်တိုင်းဟာ (၁-ရာခိုင်နှုန်း) ပိုမိုလာတယ် ဆိုပါတယ်။ ဗြိတိန်မှာကိုဗစ်မျိုးကွဲ (Delta AY 42) ထပ်မံဖြစ်ပွားလာတာနဲ့ ပတ်သက်လို့ အယ်ဖာထက် မြင့်မားတယ်ဆိုပါတယ်။

သူ့ရဲ့အင်တာဗျူးကို “သိပ္ပံဆေးပညာ ဗဟို (Science Media Center) မှာ ဖော်ပြထားရာ ကိုဗစ်ကာကွယ်ဆေး ထပ်မြှင့်တိုးဆေး (Booster Dose) လိုအပ်လာပြီဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သလို နှစ်စဉ်ကိုဗစ်မျိုးကွဲသစ်ကြောင့် ကာကွယ်ဆေးတစ်ကြိမ်စီ ထိုးနှံသွားရဖို့ရှိတယ်လို့ ဆိုပါတယ်။

REF. Health Update Today.

News: 24.11.2021.

Most Read

Most Recent