အမိုက်အမှောင်ကို အလင်းရောင်ဖြင့်သာ ပယ်ဖျောက်စေနိုင်ပါလိမ့်မည်

အမိုက်အမှောင်ကို အလင်းရောင်ဖြင့်သာ ပယ်ဖျောက်စေနိုင်ပါလိမ့်မည်
Published 28 November 2021
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

မာတင်လူသာကင်းဂျူနီယာ (Martin Luther King, Jr.) ၏ အဆိုအမိန့် ကိုးကားချက်ကလေးနှင့် စတင်လိုပါသည်။ “Darkness cannot drive out darkness; only light can do that” အမိုက်အမှောင်ကို အမိုက်အမှောင်ဖြင့် ပျောက်ကွယ်သွားစေရန် မစွမ်းဆောင်နိုင်ပါ။ အလင်းရောင်ကသာ အမိုက်အမှောင်ကို ကွယ်ပျောက်စေနိုင်ပါသည်။ ထိုနည်းတူစွာ “Hate cannot drive out hate; only love can do that.” အမုန်းကို အမုန်းဖြင့် ပျောက်ကွယ်သွားစေရန် မစွမ်းဆောင်နိုင်ပါ။ ချစ်ခြင်းမေတ္တာကသာ အမုန်းကို ပယ်ဖျောက်စေနိုင်ပါသည်။

အထက်ဖော်ပြပါ သဘောတရားကို အခြေခံကာ ယနေ့အချိန်အခါ မိမိတို့တိုင်းပြည်နိုင်ငံတွင် နေ့စဉ်နှင့်အမျှ သိရ၊ ကြားရ၊ တွေ့ရ၊ မြင်ရသည့် အခြေအနေများသည် မည်သည့်အကြောင်းတရားများကြောင့် အကျိုးတရားများအဖြစ် တည်ရှိဖြစ်ပေါ်လျက်ရှိသည်ကို အခြေခံပင်မအကြောင်းရင်း၊ ရေရှည်အကြောင်းရင်း၊ ရေတိုအကြောင်းရင်း၊ လတ်တလောအကြောင်းရင်း စသည်ဖြင့် အကြောင်းရင်းများကို ရှာဖွေဖော်ထုတ်ကာ ထပ်တလဲလဲ၊ အကြိမ်ကြိမ်အဖန်ဖန် ဖြစ်ပေါ်လျက်ရှိသည့် ဆိုးကျိုးများကို ရှောင်ရှားနိုင်စေရေး စတင်စဉ်းစားသင့်ပါပြီ။ စဉ်းစားချိန်တန်ပါပြီ။ ရာထူး၊ အာဏာ၊ စည်းစိမ်ဥစ္စာ ရရှိလိုမှုကို အခြေခံပြီး မိမိတို့တိုင်းသူ ပြည်သားအချင်းချင်း သွေးစွန်းသောလက်များကို စင်ကြယ်စေရန် ဆေးကြောသင့်ပါပြီဟု သာမန်နိုင်ငံသားတစ်ဦးအနေဖြင့် မျှော်လင့်မိပါသည်။

ဤနေရာတွင် ကောင်းကျိုးနှင့်ဆိုးကျိုးကို အဓိပ္ပာယ်သတ်မှတ်ရန် လိုအပ်လာပါသည်။ ကောင်းကျိုးဆိုသည်မှာ တိုင်းပြည်နိုင်ငံတစ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများအလယ်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေထိုင်နိုင်စေသည့်အပြင် ပြည်သူပြည်သားများသည်လည်း လုံခြုံစိတ်ချစွာ မျှော်လင့်ချက်များနှင့် အသက်ရှင်ရပ်တည်နေထိုင်နိုင်ပြီး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကာ ပြည်သူပြည်သားလူအများစု ပျော်ရွှင်ချမ်းမြေ့မှု အမြင့်မားဆုံးကို ရရှိခံစား၊ စံစားနိုင်စေခြင်းကို ခေါ်ဆိုပါသည်။

ဖော်ပြပါ အဓိပ္ပာယ်ကို အခြေခံပြီး ဆိုးကျိုးဆိုသည်မှာ တိုင်းပြည်နိုင်ငံတစ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများ အလယ်တွင် ဂုဏ်သိက္ခာမရှိ၊ မျက်နှာငယ်၊ ဆင်းရဲချို့တဲ့စွာ ရပ်တည်ရခြင်းနှင့် ပြည်သူပြည်သားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များသည်လည်း လုံခြုံမှုမရှိ၊ စိုးရိမ်သောကများနှင့် ရပ်တည်နေထိုင်ကြရကာ နေရပ်စွန့်ခွာ၊ အိုးအိမ်စွန့်ခွာရသည့် အိမ်ထောင်စုများ၊ လူဦးရေများ တည်ရှိဖြစ်ပေါ်လျက်ရှိနေပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေခြင်းကို ခေါ်ဆိုပါသည်။

အထက်ဖော်ပြပါ အဓိပ္ပာယ်သတ်မှတ်ထားချက်အရ မိမိတို့တိုင်းပြည်နိုင်ငံ၏ အခြေအနေကို လေ့လာကြည့်ရာတွင် မိမိတို့တိုင်းပြည်နိုင်ငံသည် ကမ္ဘာ့ပေါ်ရှိနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လွတ်လပ်ရေးရရှိပြီးချိန်ကတည်းကပင် တည်ရှိဖြစ်ပေါ်နေသည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ၊ အိုးအိမ်စွန့်ခွာနေရသည့် အိမ်ထောင်စုများ၊ လူဦးရေများတည်ရှိနေကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ လုပ်ငန်းစဉ်များ လိုအပ်လျက်ရှိနေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်နေပါသည်။ ထို့ကြောင့် မိမိတို့တိုင်းပြည်နိုင်ငံသည် ဆိုးကျိုးများ ဖြစ်ပေါ်လျက်ရှိသည့် တိုင်းပြည်နိုင်ငံ တစ်နိုင်ငံအဖြစ် သတ်မှတ်နိုင်ပါသည်။ ထိုကဲ့သို့ ဖြစ်ပေါ်လျက်ရှိသည့်ကာလကို “အမိုက်အမှောင်ခေတ်” ဟု ခေါ်ဆိုနိုင်ပါသည်။

အထက်တွင် ဖော်ပြထားသကဲ့သို့ ဆိုးကျိုးများ ဖြစ်ပေါ်နေသည်ဆိုပါလျှင် မည်သည့်အကြောင်းရင်းများကြောင့် ဆိုးကျိုးများဖြစ်ပေါ်စေခဲ့ပါသလဲဆိုသည့် မေးခွန်းဖြစ်ပေါ်လာပါသည်။ အကြောင်းရင်းပေါင်း မြောက်မြားစွာ တည်ရှိဖြစ်ပေါ်နေနိုင်ပါသော်လည်း စာရေးသူအနေဖြင့် ယခုဆောင်းပါးတွင် အဆိုပြုတင်ပြမည့်အချက်မှာ ပညာရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များဖြစ်ပါသည်။ ဆိုးကျိုးများ ဖြစ်ပေါ်စေလျက်ရှိသည့် အမိုက်အမှောင်ခေတ်ကို ကျော်လွှားလွတ်မြောက်စေနိုင်သည့် နည်းလမ်းတစ်ရပ်မှာ “အလင်းရောင်” ပညာရေးပင် ဖြစ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ မိမိတို့တိုင်းပြည်နိုင်ငံတွင် လွတ်လပ်ရေး ကြိုးပမ်းမှုကာလကတည်းက သန္ဓေတည်ပေါက်ပွားလာစေခဲ့သည့် အစဉ်အလာတစ်ရပ်ကို ပြောင်းလဲကျင့်သုံးလာနိုင်စေရေးကို ရည်ရွယ်ပါသည်။ အဆိုပါ အစဉ်အလာတစ်ရပ်မှာ တိုင်းပြည်နိုင်ငံတော်၏ အုပ်ချုပ်ရေး အာဏာ၊ နိုင်ငံရေးအာဏာကို ရယူလိုသူ၊ လက်ဝယ်ထိန်းသိမ်းလိုသူများက မိမိတို့အာဏာရရှိစေရေး၊ အာဏာလက်မလွတ်စေရေးနှင့် အာဏာတည်မြဲစေရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းစဉ်များကို ကျောင်းသူကျောင်းသားကလေးများ ပညာသင်ကြားလျက်ရှိသည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် ကောလိပ်၊ တက္ကသိုလ်များဖွင့်ခြင်း၊ ပိတ်ခြင်း ဖြစ်စဉ်များနှင့် ချိတ်ဆက်ထားရှိခြင်းပင် ဖြစ်ပါသည်။

စာရေးသူအနေဖြင့် အဆိုပါချိတ်ဆက်ထားခြင်းအား ဖြတ်တောက်နိုင်စေရေးကို ရည်ရွယ်ပါသည်။ တစ်နည်းအားဖြင့် အုပ်ချုပ်ရေးအာဏာနှင့် နိုင်ငံရေးအာဏာရယူသည့် လုပ်ငန်းစဉ်များနှင့်ပညာရေး လုပ်ငန်းစဉ်များကို သီးခြားစီကျင့်သုံးနိုင်စေရေး ဖြစ်ပါသည်။

ပထမဦးစွာ အမိုက်အမှောင်ခေတ်ကို ကျော်လွှားလွတ်မြောက်စေနိုင်သည့် နည်းလမ်းကို တင်ပြပါမည်။ အမိုက်အမှောင်ကို ထွန်းလင်းလာစေရန်မှာ အလင်းရောင်မှလွဲ၍ အခြားမရှိနိုင်ပါ။ အမိုက်အမှောင်ကို ကွယ်ပျောက်သွားစေရန်မှာလည်း အလင်းရောင်သာလျှင် ဖြစ်ပါသည်။ အမိုက်အမှောင်ကို အခြားသော အမိုက်အမှောင်ဖြင့် အစားထိုးဖုံးလွှမ်းစေခြင်းဖြင့် အမိုက်အမှောင်သည် ကွယ်ပျောက်မသွားနိုင်သကဲ့သို့ အလင်းရောင် ထွန်းလင်းလာစေခြင်းလည်း မရှိနိုင်ပါ။ ထို့ကြောင့် “အမိုက်အမှောင်ခေတ်” ကို ကျော်လွှားလွတ်မြောက်စေနိုင်သည့် နည်းလမ်းမှာ အလင်းရောင်နှင့်တူသည့် “ပညာရေး” ပင် ဖြစ်ပါသည်။ ထိုနည်းတူစွာ လူအချင်းချင်း အမုန်းသံသရာလည်နေခြင်းကို ဖြတ်တောက်နိုင်ရန်မှာလည်း ချစ်ခြင်းမေတ္တာသာဖြစ်ကြောင်း သဘောတရားကို ပုံတွင် ဖော်ပြထားပါသည်။

ဒုတိယအနေဖြင့် ကျောင်းသူကျောင်းသားတို့၏ သဘောသဘာဝအကျဉ်းကို တင်ပြပါမည်။ ကျောင်းသူကျောင်းသားများအနေဖြင့် အသိပညာ၊ အတတ်ပညာ၊ နည်းပညာတို့ကို လေ့လာသင်ယူကြရခြင်းသည် ခဏတာဆောင်ရွက်ကြရသည့် လုပ်ငန်းစဉ်များ မဟုတ်ပါ။ ကျောင်းသူကျောင်းသား တစ်ဦးချင်းစီ၏ တစ်ဘဝလုံးအတွက် အဆက်မပြတ် ဆောင်ရွက်သွားရမည့် အခြေခံများ ဖြစ်ပါသည်။ ကျောင်းသူကျောင်းသားများ၏ အသက်အရွယ်အလိုက်၊ အချိန်အခါအလိုက်၊ သက်ဆိုင်ရာ အတန်းပညာရပ်များကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပြဋ္ဌာန်းထားရှိသည့် သင်ရိုး၊သင်ခန်းစာများကို အချိန်မီ အဆက်မပြတ် လေ့လာသင်ယူကြရခြင်းဖြစ်သည့်အပြင် ကျောင်းသူကျောင်းသားများ တစ်ဦးချင်းစီအလိုက် ၀ါသနာပါရာ၊ မြတ်နိုးရာ၊ တန်ဖိုးထားရှိရာအလိုက် အားကစား၊ ပန်းချီ၊ ဂီတ၊ စာပေ၊ နိုင်ငံရေး စသည်တို့ကိုလည်း လွတ်လပ်စွာ ပါဝင်ဆောင်ရွက်ကြရလေ့ ရှိပါသည်။

ထို့ကြောင့် အထက်ဖော်ပြပါ အခြေအနေကို ယိုယွင်းပျက်စီးခြင်း မဖြစ်ပေါ်စေရန် ထိန်းသိမ်းဆောင်ရွက်ရန်မှာ တိုင်းပြည်နိုင်ငံတစ်နိုင်ငံအတွက် အသက်တစ်မျှ အရေးကြီးသည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။

တတိယအနေဖြင့် မိမိတို့ တိုင်းပြည်နိုင်ငံသည် အထက်တွင် ဖော်ပြခဲ့သည့် အခြေအနေကို ယိုယွင်းပျက်စီးခြင်း မဖြစ်ပေါ်စေရန် ထိန်းသိမ်းဆောင်ရွက်ခြင်းပြုခဲ့ကြပါသလား ဆိုသောမေးခွန်းသည် ဖြစ်ပေါ်လာစေပါသည်။ စာရေးသူအနေဖြင့် မိမိတို့တိုင်းပြည်နိုင်ငံ၏ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း အတိအကျဆိုရပါလျှင် ၁၉၆၂ ခုနှစ် နောက်ပိုင်း အုပ်ချုပ်ရေးအာဏာ၊ နိုင်ငံရေးအာဏာကို ရယူထိန်းသိမ်းသည့် ဖြစ်စဉ်များနှင့် စာသင်ကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များပိတ်ခြင်း၊ ဖွင့်ခြင်း ဆက်စပ်မှု အခြေအနေကို အကျဉ်းမျှ တင်ပြပါမည်။

၁၉၆၂ ခုနှစ်က တက္ကသိုလ် ကျောင်းသမဂ္ဂအဆောက်အအုံဖြိုခွဲခြင်းခံခဲ့ရသည့် ဖြစ်စဉ်ကို လေ့လာကြည့်ပါလျှင် စာရေးသူတစ်ဦးတည်း၏ အမြင်အရ အုပ်ချုပ်သူ အစိုးရတစ်ရပ်အနေဖြင့် အခြားသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ဖွဲ့က ယခုကဲ့သို့ ဖြိုခွဲရန် ကြိုးပမ်းအားထုတ်လာခဲ့လျှင်ပင် အစွမ်းကုန် ကာကွယ်ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းအားထုတ် ဆောင်ရွက်ရမည်ဖြစ်သော်လည်း အစိုးရကိုယ်တိုင်က အဆောက်အအုံကို ဖြိုခွဲခြင်းသည် မဖြစ်သင့်၊ မဖြစ်ထိုက်၊ မလုပ်သင့်၊ မလုပ်အပ်သည့် လုပ်ရပ်ဖြစ်ခဲ့ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုလည်း မရှိခဲ့သည့်အပြင် အင်အားကို မလိုအပ်ဘဲ အလွန်အကျွံသုံးစွဲခဲ့သည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်ခဲ့ပါသည်။

စာဖတ်သူတို့အတွက် သတိပြုစေလိုသည့်အချက်မှာ သွေးဆာနေသော လက်ဖြင့်လည်းကောင်း၊ သွေးစွန်းနေသောလက်ဖြင့်လည်းကောင်း တိုင်းပြည်နိုင်ငံတော်ကို အုပ်ချုပ်ရန် ဖြစ်နိုင်သော်လည်း ဂုဏ်သိက္ခာရှိပြီး ကြွယ်ဝချမ်းသာသော၊ သာယာဝပြောသော တိုင်းပြည်နိုင်ငံတော် တည်ဆောက်ရန်မှာ မဖြစ်နိုင်သည့် အခြေအနေဖြစ်သည်ကို လေ့လာသိမြင်ပြီးသင်ခန်းစာများ ရယူသင့်ပါသည်။

စာဖတ်သူတို့ သိမြင်၊ တွေ့ကြုံ၊ ခံစားခဲ့ကြရမည်ဟု ယုံကြည်ပါသည်။ ၁၉၆၂ ခုနှစ်မှ စတင်ကာ မိမိတို့ တိုင်းပြည်နိုင်ငံတွင် အရေးအခင်းပေါင်း မြောက်မြားစွာ ဖြစ်ပေါ်စေခဲ့ပြီး အဆိုပါ အရေးအခင်းများကြောင့် အသိပညာ၊ အတတ်ပညာ၊ နည်းပညာများကို သင်ယူခြင်း၊ သင်ကြားခြင်း ပတ်ဝန်းကျင်မှာ လုံးဝပျက်သုဉ်းစေခဲ့ပြီးလျှင် အချိန်ပြည့်၊ တည်ငြိမ်စွာနှင့် အနှောင့်အယှက်မရှိ လေ့လာသင်ယူခဲ့ရခြင်း မရှိသဖြင့် ဉာဏ်ပညာအားဖြင့် ဟိုမရောက်၊ ဒီမရောက် လူငယ်ပေါင်း မြောက်မြားစွာကို မွေးထုတ်ပေးလိုက်ပါသည်။ စာရေးသူတစ်ဦးတည်း၏ လေ့လာတွေ့မြင်သိရှိရချက်များအရ ဆိုပါလျှင် ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းလှပါသည်။ ယနေ့တည်ရှိဖြစ်ပေါ်လျက်ရှိသည့် ဆိုးကျိုးများမှာလည်း အဆိုပါဝမ်းနည်းကြေကွဲဖွယ်ရာ အကြောင်းရင်းများ၏ ရလဒ်များပင်ဖြစ်မည်ဟု ထင်မြင်ပါသည်။

နောက်ဆုံးအနေဖြင့် စာရေးသူ အဆိုပြုတင်ပြလိုသည့်အချက်မှာ ကျောင်းသူကျောင်းသားများ အသက်အရွယ်အလိုက် သင်ယူလေ့လာလျက်ရှိသည့် စာသင်ကျောင်းများ ဖြစ်သည့် အခြေခံပညာကျောင်းများမှသည် တက္ကသိုလ်၊ ကောလိပ်များအထိ ကျောင်းဖွင့်ခြင်း၊ ကျောင်းပိတ်ခြင်း၊ ကျောင်း ရပ်နားခြင်းတို့ကို ၎င်းတို့၏အစီအစဉ် လုပ်ထုံးလုပ်နည်းများအရသာ လွတ်လပ်စွာ၊ တည်ငြိမ်စွာနှင့် အနှောင်အဖွဲ့ကင်းစွာ ဆုံးဖြတ်စီစဉ်နိုင်စေမည့် ပတ်ဝန်းကျင်ကို တည်ဆောက်ရန်ဖြစ်ပါသည်။

တစ်နည်းအားဖြင့် တိုင်းပြည် နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာ၊ နိုင်ငံရေးအာဏာကို ရယူလိုသူ၊ လက်ဝယ် ထိန်းသိမ်းလိုသူများအနေဖြင့် မိမိတို့အာဏာရရှိစေရေး၊ အာဏာလက်မလွတ်စေရေးနှင့် အာဏာတည်မြဲစေရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များနှင့် စာပေများကို သင်ကြားလျက်ရှိသည့် ကျောင်းများဖွင့်ခြင်း၊ ပိတ်ခြင်း၊ ရပ်နားခြင်း ပြုလုပ်သည့် လုပ်ငန်းစဉ်များကို ဖြတ်တောက်ပစ်ရန်ပင် ဖြစ်ပါသည်။

သို့သော်လည်း ကျောင်းပြင်ပနိုင်ငံရေး လုပ်ငန်းစဉ်များကို စိတ်ပါဝင်စားသည့် ကျောင်းသူကျောင်းသားများ အနေဖြင့် လွတ်လပ်စွာ၊ အနှောင်အဖွဲ့မရှိ မိမိတို့တစ်ဦးချင်းစီ၏ စိတ်ဆန္ဒအတိုင်း အခြားသော ကျောင်းသူကျောင်းသားများကို အနှောင့်အယှက်မဖြစ်စေဘဲ ဆောင်ရွက်နိုင်စေရပါမည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ အမိုက်အမှောင်ကို အလင်းရောင်ဖြင့်သာ ကွယ်ပျောက်နိုင်စေသကဲ့သို့ အမုန်းများကိုလည်း ချစ်ခြင်းမေတ္တာဖြင့်သာ ပယ်ဖျောက်နိုင်စေပါလိမ့်မည်။ ထိုနည်းတူစွာ အမိုက်အမှောင်ခေတ်ကိုလည်း ပညာရေးဖြင့်သာ ထွန်းလင်းတောက်ပ ကျော်လွှားနိုင်စေမည်ဖြစ်ပြီး ပညာကို လေ့လာသင်ယူလျက်ရှိကြသည့် ကျောင်းသူကျောင်းသားများအနေဖြင့်လည်း မိမိတို့၏ အသက်အရွယ်အလိုက် အသိပညာ၊ အတတ်ပညာ၊ နည်းပညာများကို အချိန်အခါမရွေး၊ လွတ်လပ်စွာ၊ အနှောင့်အယှက်မရှိ လေ့လာသင်ယူနိုင်ကြစေပြီး ကျောင်းသူကျောင်းသား တစ်ဦးချင်းအနေနှင့် မိမိ၀ါသနာပါရာ၊ နှစ်သက်ရာ၊ မြတ်နိုးရာ၊ တန်ဖိုးထားရာ၊ ယုံကြည်ရာ လုပ်ငန်းများကိုလည်း အခြားသောကျောင်းသူ ကျောင်းသားများအား အနှောင့်အယှက်မဖြစ်စေဘဲ မထိခိုက်စေဘဲ လွတ်လပ်စွာဆောင်ရွက်နိုင်စေမည့် ပညာရေးမိုဒယ်ဒီဇိုင်းအသစ်အား ရေးဆွဲပြဋ္ဌာန်းနိုင်စေပြီးလျှင် ပညာသင်ယူမှု၊ ပညာသင်ကြားမှု ပတ်ဝန်းကျင်ကောင်းကို တည်ဆောက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Most Read

Most Recent