၂၀၂၁ ခု နိုဝင်ဘာ ၂၂ ရက်တွင် အာဆီယံ - တရုတ်ထိပ်သီး ဆွေးနွေးပွဲကို လေလှိုင်းရုပ်သံစနစ် (Virtual Meeting) ဖြင့် ကျင်းပခဲ့သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင် အပါအဝင် အာဆီယံနိုင်ငံများမှ အစိုးရအဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသော်လည်း ထိုအထဲတွင် မြန်မာနိုင်ငံ၊ အိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မပါဝင်ခဲ့ပါ။
သံတမန်ရေးရာကျင့်ဝတ်အရ ထိပ်သီးဆွေးနွေးပွဲတို့မည်သည် ဦးဆောင်ကျင်းပမည့် နိုင်ငံက ကမကထပြုလျက် ကျန်အဖွဲ့ဝင်နိုင်ငံများကို တက်ရောက်လာစေရန် ဖိတ်ကြားရသည်။ ထိုသို့ဖိတ်ကြားချက်ကို သက်ဆိုင်ရာနိုင်ငံက လက်ခံပြီးမှသာ ကိုယ်စားပြုတက်ရောက်မည့် ရာထူးအင်္ဂါစဉ်အလိုက် အစည်းအဝေးတက်ကြသည်။
ယခု ၂၀၂၁ ခုနှစ် အာဆီယံ- တရုတ် ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံက ဦးဆောင်ကျင်းပ သည်ဟုဆိုသော်ငြား အာဆီယံအဖွဲ့၏ ကွပ်ကဲမှုမူဘောင်အတွင်းမှသာ သံခင်းတမန်ခင်းကို ပုံဖော်ရသော ကျင့်ဝတ်အတိုင်း လိုက်နာရပါသည်။
တရုတ်နိုင်ငံက ထိုအစည်းအဝေးသို့ မြန်မာခေါင်းဆောင်ကို ဖိတ်ကြားနိုင်ရေးအတွက် သံတမန်ရေးရာ ကြိုးပမ်းမှုအဖြစ် လူသိထင်ရှား အားထုတ်ခဲ့ပါသည်။ သို့သော် ထိုသို့ဆောင်ရွက်ချက်မှာ အထမြောက်မလာဘဲ ထိပ်သီးအစည်းအဝေးသို့ မြန်မာအစိုးရခေါင်းဆောင် မတက်ရောက်ခဲ့ပါ။
ဤဖြစ်စဉ်၌ မည်သို့သော အကြောင်းရင်းခံများ၊ နောက်ကွယ်မှ ကြံစည်မှုများ၊ အင်အားကြီးနိုင်ငံ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်း အသီးသီး၏ ပါ၀ါကစားပုံများ ပါဝင်ပတ်သက်နေကြပါသနည်း။
အာဆီယံသမိုင်းနှင့် လူမှုစီးပွားနောက်ခံ
၁၉၆၇ ခု သြဂုတ် ၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့သော အာဆီယံခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်း (Association of South East Asian Nations - ASEAN) ၏ သက်တမ်း ၅၄ နှစ်တင်းတင်းပြည့် မြောက်ခဲ့ပေပြီ။
မူလဖွဲ့စည်းချိန်က ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် စင်ကာပူတို့ ပါဝင်သော ငါးနိုင်ငံသာ ရှိသော်လည်း ၁၉၈၄ ခု ဇန်နဝါရီ ၇ ရက်တွင် ဘရူနိုင်းကို ဆဋ္ဌမမြောက်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၉၅ ခု ဇူလိုင် ၂၈ ရက်တွင် ဗီယက်နမ်ကို သတ္တမမြောက် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၉၇ ခု ဇူလိုင် ၂၃ ရက်တွင် လာအိုနှင့် မြန်မာကို အဋ္ဌမမြောက်နှင့် နဝမမြောက်အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ၁၉၉၉ ခု ဧပြီ ၃၀ တွင် ကမ္ဘောဒီးယားကို ဒသမမြောက်နိုင်ငံအဖြစ် လည်းကောင်း ဆက်လက်လက်ခံခဲ့၍ ယခုအခါ အာဆီယံအဖွဲ့ဝင်နိုင်ငံပေါင်း ၁၀ နိုင်ငံ ရှိပါသည်။
အာဆီယံနိုင်ငံများ၏ အကျယ်အဝန်းမှာ ၄၅၂၂ ၅၁၈ စတုရန်း ကီလိုမီတာ (၁၇၄၆၁၅၄ စတုရန်း မိုင်) ရှိပြီး ၂၀၂၁ ခုနှစ် ခန့်မှန်းစာရင်းအရ လူဦးရေ ၆၆၇ ဒသမ ၃၉ သန်းကျော် နေထိုင်သည်။ လူဦးရေ သိပ်သည်းမှုမှာ တစ်စတုရန်း ကီလိုမီတာတွင် ၁၄၄ ယောက် (တစ်စတု ရန်းမိုင်တွင် ၃၇၃ ယောက်) နှုန်း နေထိုင်သည်။ ဂျီဒီပီစုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၃၅၆ ထရီလီယံရှိပြီး တစ်ဦးကျဝင်ငွေမှာ ၄,၈၄၉ အမေရိကန်ဒေါ်လာ ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ် လူသားဖွံ့ဖြိုးမှုညွှန်ကိန်းမှာ ၀.၇၂၃ ဖြစ်၏။ အာဆီယံ၏ ပျမ်းမျှလူသားဖွံ့ဖြိုးမှုညွှန်းကိန်းအောက် ရောက်နေသော ၄ နိုင်ငံမှာ ဗီယက်နမ် (၀.၇၀၄)၊ လာအို (၀.၆၁၃)၊ ကမ္ဘောဒီးယား (၀.၅၉၄)နှင့် မြန်မာ (၀.၅၈၃)တို့ ဖြစ်ကြသည်။
ကမ္ဘာ့လူဦးရေ၏ ၈.၅ ရာခိုင်နှုန်းရှိသော အာဆီယံတွင် ၂၀၁၉ ခုနှစ်စာရင်းအရ အသက်လေးနှစ်အောက် ကလေး ၅၅.၂ သန်းနှင့် အသက် ၆၅ နှစ်အထက်လူကြီး ၄၆.၃ သန်း ရှိသည်။ ဒေသတွင်း လူဦးရေတိုးနှုန်းမှာ တစ်နှစ်လျှင် ၁.၁ ရာခိုင်နှုန်းရှိပြီး အနိမ့်ဆုံး ၀.၂ ရာခိုင်နှုန်း (ထိုင်း) နှင့် အမြင့်ဆုံး ၁.၉ ရာခိုင်နှုန်း (ကမ္ဘောဒီးယား) တို့ ဖြစ်ကြသည်။ လူဦးရေ၏ ၄၉.၅ ရာခိုင်နှုန်းမှာ မြို့ပြတွင် အခြေချနေထိုင်ကြပြီး လူဦးရေတစ်သန်းကျော်သည့် မြို့ကြီး ၃၁ မြို့ရှိသည်။
လက်ရှိကာလတွင် အာဆီယံ၏ အခြေခံရည်ရွယ်ချက်မှာ စီးပွားရေးတိုးတက်မှု အရှိန်အဟုန်မြှင့်တင်ရန်နှင့် လူမှုရေးတိုးတက်မှု၊ ယဉ်ကျေးမှုဖွံ့ဖြိုးရေးတို့ကိုပါ အရှိန်ရလာစေရန် ဖြစ်သည်။ ဒုတိယရည်ရွယ်ချက်မှာ ကုလသမဂ္ဂ၏ ပဋိညာဉ်နှင့်အညီ စည်းမျဉ်းစည်းကမ်းများကို အခြေခံလျက် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို တိုးမြင့်လာစေရန် ဖြစ်သည်။ ကမ္ဘာပေါ်တွင် စီးပွားရေးအရှိန်အဟုန်သွက် လက်မြန်ဆန်မှုများ ဖြစ်ထွန်းပေါ်ပေါက်လာချိန်၌ အာဆီယံသည် စီးပွားရေးနှင့် လူမှုရေးနယ်ပယ်သာမက အခြားကဏ္ဍများ၌ပါ ပိုမိုကျယ်ပြန့်စွာ ဖြန့်ကြက်နိုင်ရန် ရည်ရွယ်လာခဲ့၏။ ၂၀၀၃ ခုနှစ်၌ အာဆီယံသည် သူ၏မဏ္ဍိုင်သုံးရပ်အဖြစ် အာဆီယံ လုံခြုံရေးအသိုက်အဝန်း၊ အာဆီယံ စီးပွားရေးအသိုက်အဝန်းနှင့် အာဆီယံ လူမှုရေးနှင့်ယဉ်ကျေးမှု အသိုက်အဝန်းများကို ထူထောင်ခဲ့သည်။
အာဆီယံပဋိညာဉ်
၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ သည် ၂၀၀၇ ခုနှစ် နိုဝင်ဘာအတွင်း လက်မှတ်ရေးထိုးခဲ့သော ပဋိညာဉ်စာတမ်းကို စတင်အသက်ဝင်စေခဲ့ပါ သည်။ တကယ်တော့ ဤပဋိညာဉ်စာတမ်း ရေးဆွဲထုတ်ပြန်ခြင်းမှာလည်း ဥရောပသမဂ္ဂကို အတုခိုးခဲ့ခြင်းဖြစ်၏။ သို့သော် ပဋိညာဉ်ဖြစ်လာသည့်အတွက် ဥပဒေရေးရာအရ စည်းနှောင်မှုဖြစ်သည့်အပြင် ထိုအချိန်က ဒေသတွင်းနေ ပြည်သူသန်း ၅၀၀ ကျော်အတွက် တစ်ခုတည်းသော လွတ်လပ်စွာ ကုန်သွယ်မှုဧရိယာအဖြစ် ရှေ့ခရီးဆက်နိုင်ရန် လမ်းစလည်း ဖြစ်ပါသည်။ အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘမ်ဘန်းယူဒိုယိုနိုက “အရှေ့တောင်အာရှဟာ ၁၉၆၀ ပြည့်နဲ့ ၁၉၇၀ ပြည့်နှစ်ကာလတွေတုန်းကလို စစ်ဘေးစစ်ဒဏ်သင့်နေတဲ့၊ ခါးခါးသီးသီး သွေးခွဲခံထားရတဲ့ အခြေအနေမျိုး နောက်ထပ်ရှိမှာ မဟုတ်တော့ပါဘူး” ဟု ကောက်ချက်ပြု ပြောကြားခဲ့၏။
အာဆီယံပဋိညာဉ်စာတမ်းတွင် အာဆီယံ၏ ရည်ရွယ်ချက် ၁၅ ချက်၊ အခြေခံမူ ၁၄ ချက်၊ အခွင့်အရေးနှင့် တာဝန်သုံးခု၊ ထိပ်သီးအစည်းအဝေးဆိုင်ရာ အချက်ကြီးသုံးချက်နှင့် အချက်ငယ် ကိုးချက်၊ တိုင်ပင်ဆွေးနွေးခြင်းနှင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းဆိုင်ရာ လေးချက်စသည်ဖြင့် အပိုဒ်ပေါင်း ၅၅ ပိုဒ် ပါဝင်ပါသည်။
အာဆီယံ ၁၀ နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုအာဏာ ကျင့်သုံးပုံများအရလည်းကောင်း၊ အဓိကကိုးကွယ်ရာဘာသာ ကွဲပြားမှုများအရ လည်းကောင်း၊ နိုင်ငံရေးဝါဒအပေါ် သက်ဝင်ယုံကြည်မှုများအရ လည်းကောင်း၊ ရေမြေတောတောင် တစ်ဆက်တစ်စပ်တည်း ရှိနေသည်မှအပ ၁၀ နိုင်ငံစလုံး တစ်ခုတည်းသော တန်ဖိုး၊ တစ်ကြောင်းတည်းသော စိတ်၊ တစ်သံတည်းသော ဆုံးဖြတ်ချက် ထွက်ပေါ်လာဖို့ရာ အားနည်းလွန်းသည်ဟု ကောက်ချက်ချရမည် ဖြစ်သည်။ ထို့ကြောင့် အစဉ်အလာအားဖြင့် အာဆီယံမှ ထုတ်ပြန်လိုက်သော မည်သည့် ရုံးစာတစ်စောင်၊ ထုတ်ပြန်ချက်တစ်ရပ်မဆို Consensus ဟူသည့် သဘောမတူသူ တစ်နိုင်ငံမျှမရှိမှသာ တစ်စိတ်တစ်ဝမ်းတည်း ဆုံးဖြတ်ချက်ချခြင်းမျိုး အစဉ်အလာရှိခဲ့ပါသည်။ ထို့ကြောင့် ကျန်ဒေသဆိုင်ရာအဖွဲ့များနှင့် ယှဉ်သော် ခရီးတွင်မှု အားမကောင်းလှဘဲ နိုင်ငံတကာရေးရာပိုင်းခြား စိတ်ဖြာသူများက “အလုံးတွေကကြီးပြီး အလုပ်ကတော့နည်းကြောင်း” သုံးသပ်ခဲ့ခြင်း ဖြစ်ပါသည်။ ဘန်ကောက်အခြေစိုက် အာဆီယံရေးရာ လွတ်လပ်သောသုံးသပ်သူ ပေါ့ပွန်းလဝမ်ဆီရီက “အာဆီယံမူဝါဒတွေဟာ နားထောင်လို့တော့ ကောင်းမှကောင်း၊ ဒါပေမဲ့ အကောင်အထည်ကတော့ ပေါ်မလာ” ဟု ပြောခဲ့၏။ “အာဆီယံဟာ နှစ်စဉ်နှစ်တိုင်း အစည်းအဝေး ၆၀၀ ကျော် လုပ်တယ်။ တကယ်အကောင်အထည်ဖော်တာက သဘောတူညီချက်ရဲ့ ၅၀ ရာခိုင်နှုန်း မပြည့်ပါဘူး။”
အာဆီယံပဋိညာဉ်၏ အပိုဒ် (၂) အခြေခံမူများတွင် - ၂ (င) “အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှု မရှိခြင်း” နှင့် ၂ (စ) “ပြင်ပမှ ဝင်ရောက် စွက်ဖက်မှု၊ ဖျက်လိုဖျက်ဆီးပြုမှုနှင့် ဖိအားပေးမှုများ ကင်းရှင်းစွာဖြင့် အမျိုးသားရေး တည်ရှိမှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတိုင်း၏ အခွင့်အရေးကို လေးစားခြင်း” ဆိုသော အခြေခံမူများ ရှိနှင့်ပြီးဖြစ်ပါသည်။
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အာဆီယံနိုင်ငံများသည် ရေမြေတောတောင် ဆက်စပ်သည်မှအပ အနည်းဆုံး ထက်ဝက်ကျော် သဘောတူညီညွတ်ရန် ခက်ခဲသော နောက်ခံအသီးသီး ရှိကြပါသည်။ ထိုအခြေအနေမျိုးတွင် နိုင်ငံအချင်းချင်း အပြန်အလှန် အသိအမှတ်ပြု လေးစားရန်အလို့ငှာ “ပဋိညာဉ်” ကသာ အကောင်းဆုံးစည်းနှောင်မှု ဖြစ်ပါလိမ့်မည်။
အာဆီယံနှင့် တရုတ်နိုင်ငံ
၂၀၀၃ ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများသို့ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် တရုတ်နိုင်ငံက ကမ်းလှမ်းခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် အာဆီယံ၏ ဆွေးနွေးဖက်မိတ်ဆွေအဖြစ် တရားဝင်လက်ခံခဲ့သည်။ တရုတ်နိုင်ငံက အာဆီယံဆိုင်ရာ သံတမန်ခန့်အပ်ကာ ၂၀၁၁ ခုနှစ်၌ ဘေဂျင်းတွင် အာဆီယံ - တရုတ်ဗဟိုဌာန (ASEAN China Centre - ACC) ကို တည်ထောင်ခဲ့၏။ ၂၀၁၂ ခုနှစ်၌ အာဆီယံ၏ အမြဲတမ်းတွဲဖက်နိုင်ငံအဖြစ် ရောက်ရှိလာခဲ့သည်။
အာဆီယံနိုင်ငံများသည် တရုတ်နိုင်ငံအတွက် အလွန်အရေးပါသော ဆက်သွယ်ရေးလမ်းမကြီး ဖြစ်သည်။ သဘာဝသယံဇာတရင်းမြစ်များ ပေါကြွယ်ရာအရပ်ဒေသအဖြစ် ကုန်းတွင်းပိုင်းရော၊ ရေပိုင်နက်ပါ တစ်ဆက်တစ်စပ်တည်း တည်ရှိနေရာ ဤအဖွဲ့နှင့် ပူးပေါင်းလိုက်သည့်အတွက် ပုံမှန်ကုန်သွယ် ရေးလမ်းကြောင်း ချောမွေ့ရုံသာမက တည်ငြိမ်သော စီးပွားရေးတိုးတက်မှုကိုပါ ရယူနိုင်သည်။ တရုတ်၏ အိမ်နီးချင်းနိုင်ငံများသည် သက်ဆိုင်ရာ တစ်နိုင်ငံချင်း၏ အကျိုးစီးပွားကို ကာကွယ်ရန်အလို့ငှာ တရုတ်နှင့် “ကြည်လိုက်နောက်လိုက်” ဖြစ်ကြဖူးသည့်တိုင် ယခုလိုအဖွဲ့အစည်းလိုက် ချစ်ကြည်ရင်းနှီးမှုက အခြေအနေဆိုးမသွားရန် ထိန်းကျောင်းပေးနိုင်ခဲ့သည်။
စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍမှကြည့်သော် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ စာရင်းအရ တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်ငါးခုမှာ အာဆီယံ (ယွမ် ၄.၇၄ ထရီလီယံ)၊ ဥရောပသမဂ္ဂ (ယွမ် ၄.၅ ထရီလီယံ)၊ အမေရိကန်ပြည်ထောင်စု (ယွမ် ၄.၀၆ ထရီလီယံ)၊ ဂျပန် (ယွမ် ၂.၂ ထရီလီယံ) နှင့် တောင်ကိုရီးယား (ယွမ် ၁.၉၇ ထရီလီယံ) အသီးသီး ရှိကြသည်။
အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်အုပ်စုအဖြစ် ၁၂ နှစ်တိုင်တိုင် ရပ်တည်နေဆဲ ဖြစ်သည်။ ၂၀၂၁ ခုနှစ် ပထမခြောက်လပတ်အတွင်း တရုတ်-အာဆီယံ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၁၀.၇၅ ဘီလျံမှာ ယခင်နှစ်ကာလတူထက် ၃၈.၂ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တဖန် ၂၀၂၁ ခုနှစ် စက်တင်ဘာစာရင်းအရ တရုတ်နိုင်ငံ၏ စုစုပေါင်းပြည်ပပို့ကုန်အနက် ၁၄.၇ ရာခိုင်နှုန်းမှာ အာဆီယံနှင့် ကုန်သွယ်ခြင်းမှ ရရှိပါသည်။
အာဆီယံနှင့် မြန်မာ့နိုင်ငံရေးအခင်းအကျင်း
မြန်မာနိုင်ငံသည် အာဆီယံ၏ နဝမမြောက်အဖွဲ့ဝင်အဖြစ် ၁၉၉၇ ခု ဇူလိုင် ၂၃ ရက်တွင် လာအိုနှင့် အတူ အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။
ထိုအချိန်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ - နဝတ (State Law and Order Restoration Council - SLORC) က အုပ်ချုပ်နေချိန်ဖြစ်ကာ နိုင်ငံအကြီးအကဲနှင့် အစိုးရအဖွဲ့ခေါင်းဆောင်မှာ နဝတဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် ဖြစ်ပါသည်။ ထိုနှစ် နိုဝင်ဘာလအတွင်း နဝတကိုဖျက်သိမ်း၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ - နအဖ (State Peace and Development Council - SPDC) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။
မြန်မာ့နိုင်ငံရေး အပြောင်းအလဲအရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲအတည်ပြုနိုင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ရွေးကောက်ပွဲပြုလုပ်ကာ ၂၀၁၁ ခုနှစ် ဧပြီလဆန်း၌ သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရထံ တပ်မတော်က အာဏာလွှဲအပ်ခဲ့ပါသည်။
သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၄ ခုနှစ်တွင် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရရှိပြီး၂၀၁၆ မှ ၂၀၂၀ ပြည့်နှစ် ဒုတိယအကြိမ် ငါးနှစ်တာသက်တမ်းအတွင်း သမ္မတဦးထင်ကျော် (၃၀ မတ် ၂၀၁၆ မှ ၂၁ မတ် ၂၀၁၈)၊ ထို့နောက် သမ္မတဦးဝင်းမြင့် (၃၀ မတ် ၂၀၁၈ မှ ၃၁ ဇန်နဝါရီ ၂၀၂၁) တို့ တာဝန်ထမ်းဆောင်ခဲ့၏။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှမ်းမိုးထားသော လွှတ်တော်နှစ်ရပ်က ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ၊ မတ်လအတွင်း “နိုင်ငံတော် အတိုင်ပင်ခံဥပဒေ” ကို ရေးဆွဲ ပြဋ္ဌာန်းကာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က ခန့်အပ်တာဝန်ပေးခဲ့၏။
ဒီမိုကရေစီ အကူးအပြောင်းကာလ ၁၀ နှစ်တာအတွင်း အာဆီယံနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးမှာ ပြဿနာတစ်စုံတစ်ရာ မပေါ်ပေါက်ခဲ့ပါ။
သို့သော် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ မဲစာရင်းကွာဟမှုနှင့် မဲမသမာမှုများ အကြီးအကျယ်ပေါ်ပေါက်ခဲ့ကြောင်း မြန်မာတပ်မတော်က အစိုးရနှင့် လွှတ်တော်ထံ တင်ပြခဲ့သော်လည်း ထိုအချိန်က အာဏာသုံးရပ်ကို ချုပ်ကိုင်ထားခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တာဝန်ရှိသူများက ပြဿနာကို ပြေလည်သည်အထိ ပြန်လည်ဖြေရှင်းခြင်း မပြုခဲ့ကြပါ။ ထို့ကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယာယီသမ္မတ ဦးမြင့်ဆွေက တိုင်းပြည်ကို အရေးပေါ်အခြေအနေကြေညာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ နိုင်ငံတော်အာဏာ လွှဲအပ်ခဲ့သည်။ တပ်မတော်သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ - နစက (State Administration Council - SAC) ကို ဖွဲ့စည်းကာ ခြောက်လပြည့်မြောက်ပြီးချိန်တွင် အိမ်စောင့်အစိုးရအဖြစ် ဆက်လက်တာဝန်ယူထားပါသည်။
တစ်ဖက်တွင်လည်း တပ်မတော်၏ အာဏာထိန်းသိမ်းမှုကို မကျေနပ်သော အင်အားစုများက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (Committee for Representing Pyidaungsu Hluttaw - CRPH) နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (National Unity Government) တို့ကို မြန်မာနိုင်ငံပြင်ပ၌ အခြေပြုဖွဲ့စည်းကာ တပ်မတော်အစိုးရကို လက်နက်ကိုင်တော်လှန်ရေးပုံစံဖြင့် ရင်ဆိုင်ခဲ့ကြသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People Defence Force - PDF) ဖွဲ့စည်းကာ လက်နက်ကိုင်ရင်ဆိုင်ခဲ့သည့် အတွက် အဆိုပါ CRPH ၊ NUG နှင့် PDF အဖွဲ့များကို ဥပဒေပြင်ပမှ တရားမဝင်အဖွဲ့အစည်းများအဖြစ် နစကအစိုးရက ကြေညာထားပါသည်။
၂၀၂၁ ခုနှစ် အာဆီယံ - မြန်မာ ဆက်ဆံရေး
နစကအစိုးရတက်ပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်တွင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ၌ ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ထိုအစည်းအဝေးက မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဘုံသဘောတူညီချက်ငါးရပ်ကို ချမှတ်ခဲ့ရာ -
“(၁) မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို အချိန်မဆိုင်းရပ်တန့် ရန်နိုင်ရေးအတွက် အစုအဖွဲ့အားလုံးအနေနှင့် အဖြစ်နိုင်ဆုံး ထိန်းသိမ်းသင့်ပါသည်။
(၂) ပြည်သူတို့၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော အဖြေရှာရန်အလို့ငှာ ပတ်သက်ယှက်နွှယ်နေသည့် အစုအဖွဲ့အားလုံးအကြား အပြုသဘောဆောင်သော တွေ့ဆုံပြောကြားမှု စတင်သင့်ပါသည်။
(၃) အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်က (မြန်မာနိုင်ငံအတွင်း) တွေ့ဆုံပြောကြားမှုအတွက် စေ့စပ်ညှိနှိုင်းမှုပြုလုပ်နိုင်ရန် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်သွားမည်။
(၄) အာဆီယံလူသားချင်းစာနာမှု အကူအညီစင်တာမှတစ်ဆင့် လူသားချင်းစာနာမှု အထောက်အပံ့များ ကူညီသွားမည်။
(၅) အထူးကိုယ်စားလှယ်နှင့် အဖွဲ့သည် ပတ်သက်ယှက်နွှယ်နေသည့် အစုအဖွဲ့အားလုံးနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ သွားရောက်ကြပါမည်” ဆိုသော အချက်များကို မြန်မာအစိုးရက သဘောတူခဲ့သည်။
သို့သော် ၂၀၂၁ ခု အောက်တိုဘာ ၁၅ ရက်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်ကာ ဘုံသဘောတူညီချက် ငါးရပ်နှင့်ပတ်သက်၍ သိသာထင်ရှားသော တိုးတက်မှု တစ်စုံတစ်ရာ မရရှိသည့်အတွက် အောက်တိုဘာလကုန်ပိုင်းတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာအိမ်စောင့်အစိုးရ ဝန်ကြီးချုပ်ကို ဖိတ်ကြားမည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
သို့ဖြစ်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့စွဲဖြင့် နေပြည်တော်မှ အောက်ပါအတိုင်း တုံ့ပြန်ခဲ့သည်။
“၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၆) ရက်နေ့မှ (၂၈) ရက်နေ့အထိ ကျင်းပခဲ့သည့် (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ် (နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်) တက်ရောက်ပါရန် ၁၉-၁၀-၂၀၂၁ ရက်နေ့၌ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းနိုင်ငံ၏ ဖိတ်ကြားစာကို မြန်မာဘက်က လက်ခံရရှိခဲ့ပါကြောင်း၊ အစည်းအဝေးတက်မည့် မြန်မာကိုယ်စားလှယ်၏ အဆင့်ကိုနှိမ့်၍ ဖိတ်ကြားခြင်းနှင့် မိန့်ခွန်းပြောခြင်းနှင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အကန့်အသတ်ထားခြင်းတို့သည် အာဆီယံပဋိညာဉ်စာတမ်းပါမူ၊ လုပ်ထုံးလုပ်နည်းနှင့် အာဆီယံ၏ ထုံးတမ်းအစဉ်အလာတို့နှင့် ကွဲလွဲနေပြီး အထူးသဖြင့် အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်-၂ ပါ “အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေးလက္ခဏာများကို လေးစားလိုက်နာရန်” နှင့် အပိုဒ်-၅ တွင် ပါရှိသည့် “အဖွဲ့ဝင် နိုင်ငံများသည် တူညီသည့်အခွင့်အရေးနှင့် တာဝန်များရှိရမည်” ဆိုသည့် ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိပါကြောင်း၊
ထို့အပြင် ၁၅-၁၀-၂၀၂၁ ရက်နေ့က ပြုလုပ်ခဲ့သည့် အရေးပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ဆုံးဖြတ်ချက်သည် အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အဖွဲ့ဝင်နိုင်ငံအားလုံး၏တူညီ ဆန္ဒအရ ဆုံးဖြတ်ခဲ့ခြင်း မဟုတ်သည့်အတွက် ယင်းအစည်းအဝေး ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက လက်မခံနိုင်ကြောင်း၊ ယင်းကိစ္စကို မှတ်တမ်းတင်ထားရန် အဆိုပါ အစည်းအဝေးတွင်ပင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံသို့ အသိပေးခဲ့ပြီးဖြစ်ကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ၏ သဘောထားကို လျစ်လျူရှုလျက် အာဆီယံထိပ်သီး အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးချမ်းအေး တက်ရောက်ရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက ၂၅-၁၀-၂၀၂၁ ရက်နေ့တွင် ဖိတ်ကြားခဲ့ကြောင်း၊ သို့ပါ၍ အဆိုပါ အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ မြန်မာနိုင်ငံက နိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲ သို့မဟုတ် နိုင်ငံအကြီးအကဲကို ကိုယ်စားပြုမည့် ပြည်ထောင်စုဝန်ကြီး အဆင့်ပုဂ္ဂိုလ်က ပါဝင်တက်ရောက် နိုင်ရေးကိုသာ လက်ခံမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဘက်သို့ ၂၅-၁၀-၂၀၂၁ ရက်နေ့တွင် အကြောင်းပြန်ကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ အာဆီယံထိပ်သီး အစည်းအဝေးများသို့ နိုင်ငံ့အကြီးအကဲအဆင့် သို့မဟုတ် ၎င်း၏ကိုယ်စား ပြည်ထောင်စုဝန်ကြီး အဆင့်တက်ရောက်ခွင့် မရရှိသောကြောင့် မတက်ရောက်နိုင်ခဲ့ခြင်းမှာ အာဆီယံအား မကျေနပ်မှုကို ပြသလိုသော သဘောဆန္ဒဖြင့် ပြုလုပ်ခဲ့ခြင်း မဟုတ်သည့်အပြင် အာဆီယံကို သပိတ်မှောက်နေခြင်းလည်း မဟုတ်ကြောင်း၊ အာဆီယံပဋိညာဉ် စာတမ်းပါမူများ၊ အစဉ်အလာများနှင့်အညီ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ရရှိသင့်သည့် အခွင့်အရေးကို တောင်းဆိုခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံ၏ ညှိနှိုင်းဆောင်ရွက်လိုသည့် သဘောထားကို ပြသခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့သို့ ဝင်ရောက်ပြီးသည့်အချိန်မှစ၍ အာဆီယံပဋိညာဉ် စာတမ်းပါမူနှင့် လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာခဲ့ပြီး အာဆီယံအသိုက်အဝန်း ထူထောင်ရာတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် တူညီဆန္ဒငါးချက် အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် အပြုသဘော ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း” ဖော်ပြခဲ့သည်။
ထိုထိပ်သီးအစည်းအဝေး အပြီးတွင် အာဆီယံ၏အလှည့်ကျစနစ်အရ ကမ္ဘောဒီးယားနိုင်ငံက လက်ရှိကာလမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ အာဆီယံဥက္ကဋ္ဌအဖြစ် ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။
အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးနှင့် မြန်မာ
အာဆီယံအဖွဲ့အတွင်း ထိပ်သီးအစည်းအဝေးများကို နှစ်စဉ်ဧပြီလနှင့် အောက်တိုဘာလအတွင်း နှစ်ကြိမ်ကျင်းပလေ့ရှိပြီး ကျန်အဓိကမိတ်ဖက်နိုင်ငံများနှင့် ထိပ်သီးအစည်းအဝေးများကို ဆက်လက်ကျင်းပလေ့ရှိရာ တရုတ်နိုင်ငံနှင့် အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို ယခုနှစ်နိုဝင်ဘာ ၂၂ ရက်တွင် ကျင်းပခဲ့သည်။
ထိုထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့ခေါင်းဆောင်ကို တက်ရောက်နိုင်ရန်အတွက် တရုတ်နိုင်ငံက သံခင်းတမန်ခင်းနှင့်အညီ ကြိုးပမ်းမှုပြုခဲ့သည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့ ရိုက်တာသတင်းအရ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦးသည် အာဆီယံနိုင်ငံများသို့ သွားရောက်ကာ တရုတ် - အာဆီယံ ထိပ်သီးအစည်းအဝေး၌ မြန်မာအစိုးရအဖွဲ့ခေါင်းဆောင်ကို ဖိတ်ကြားနိုင်ရေးအတွက် ညှိနှိုင်းမှုပြုခဲ့သည်။
ထိုသို့ဖိတ်ကြားမှုပြုမည့်အစား မြန်မာနိုင်ငံအတွက် နိုင်ငံရေးနှင့် ပတ်သက်ခြင်းမရှိသော ဝန်ထမ်းအကြီးအကဲကိုသာ ဖိတ်ကြားရန် အာဆီယံခေါင်းဆောင်အချို့က ပြောဆိုခဲ့သည်။ သံတမန်သတင်းရပ်ကွက်များ၏ အဆိုအရ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှားနှင့် စင်ကာပူလေးနိုင်ငံတို့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား သမ္မတရှီကျင်းဖျင် ဦးဆောင်ကျင်းပမည့် ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားမှု ကန့်သတ်ထားရန် ဆန္ဒရှိကြောင်း ပေါ်ထွက်လာခဲ့၏။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် တူကူဖိုင်ဇက်ယားက အောက်တိုဘာလ အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီကပင် ခေါင်းဆောင်များ ချမှတ်ခဲ့သော “အမြော်အမြင်” နှင့် အညီ မယိမ်းမယိုင် ဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့၏။
တရုတ်အနေဖြင့် ရုပ်သံအစည်းအဝေးအရ ကျင်းပသည့်အခါ မြန်မာနိုင်ငံနေရာတွင် နိုင်ငံရေးကို ကိုယ်စားမပြုသော ဘေဂျင်းရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေကို တက်ရောက်စေရန် အကြံပြုခဲ့သည်။ သို့သော် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖတ်ဒင် အဗ္ဗဒူလာကြောင့် မြန်မာကိုယ်စားလှယ်နေရာမှာ နံနက် ၁၁ နာရီတွင် ပလပ်ထားခြင်းခံရသည်။ နိုင်ငံရေးပိုင်းခြား စိတ်ဖြာသူတို့က ဘေဂျင်းသည် မြန်မာနိုင်ငံကို အုပ်ချုပ်နေသော ဗိုလ်ချုပ်မှူးကြီးကို အစည်းအဝေးတွင် ပါဝင်စေချင်သော်လည်း ကျန်နိုင်ငံများအကြား အချက်ပေးသံ ဆူညံသွားခဲ့ကြောင်း သုံးသပ်ခဲ့၏။
အာဆီယံ - တရုတ် ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က “အပြန်အလှန်လေးစားပြီး နိုင်ငံတကာဆက်ဆံရေး အခြေခံမူအား ခိုင်မာစွာ လိုက်နာကြရမည်ဖြစ်ကြောင်း၊ တန်းတူညီမျှ ဆက်ဆံခြင်း၊ သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ခြင်းသည် မိမိတို့၏ တူညီသည့်လိုလားမှုဖြစ်ကြောင်း၊ မိမိတို့သည် ငြိမ်းချမ်းစွာအတူယှဉ် တွဲနေထိုင်ရေးမူကြီး ငါးရပ်နှင့် “ဘန်ဒေါင်းစိတ်ဓာတ်” ကို ဦးစွာအဆိုပြုခဲ့ကြကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံနှင့် ဆွေးနွေးမှု မိတ်ဖက်ဆက်ဆံရေးတွင် “အရှေ့တောင်အာရှ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်” ၌ ဦးဆုံးပါဝင်သည့် နိုင်ငံဖြစ်ကြောင်း ၊ မိမိတို့သည် အပြန်အလှန်အရေးကြီး ဂရုပြုသည့် ကိစ္စရပ်များကို အတူစောင့်ရှောက်ခြင်း၊ ဖွံ့ဖြိုးရေးလမ်းစဉ်အသီးသီးကိုလည်း လေးစားခြင်း၊ စိတ်ရင်းစေတနာမှန်သည့် ဆွေးနွေးညှိနှိုင်းရေးဖြင့် နားလည်မှုနှင့် ယုံကြည်မှုကို တိုးမြှင့်ခြင်း၊ ကွဲပြားမှုများအား ဘေးဖယ်ထားပြီး တူညီမှုများကို ရှာဖွေခြင်းဖြင့် ကွဲလွဲမှုနှင့် ပြဿနာများကို ကောင်းမွန်သင့်တော်စွာ ဖြေရှင်းကာ အာရှတိုက်၏စံတန်ဖိုးကို အတူထိန်းသိမ်းကာ ကွယ်မြှင့်တင်ခဲ့ကြကြောင်း” ပြောကြားခဲ့သည်။
အရေးကြီးသည့်အချက်အဖြစ် သမ္မတရှီက “မိမိတို့အနေဖြင့် ဒေသငြိမ်းချမ်းရေး၏ တည်ဆောက်သူနှင့် ထိန်းသိမ်းစောင့်ရှောက်သူများ ဖြစ်ရမည်ဖြစ်ကြောင်း၊ ထိပ်တိုက်ရင်ဆိုင်ခြင်းမဟုတ်သည့် တွေ့ဆုံဆွေးနွေးမှု၊ မဟာမိတ်အုပ်စုဖွဲ့ခြင်း မဟုတ်သည့် အပြန်အလှန် အမှီသဟဲပြုသော နေထိုင်မှုဖြင့် အတူလက်တွဲကာ ငြိမ်းချမ်းရေးအား ဖျက်ဆီးသော ခြိမ်းခြောက်မှုနှင့် အပြုသဘောမဆောင်သည့် အကြောင်းအရင်းများကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ မိမိတို့သည် စစ်မှန်သည့် နိုင်ငံပေါင်းစုံ ဘက်ပေါင်းစုံဝါဒကို အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်သလို နိုင်ငံတကာနှင့်ဒေသရေးရာ ကိစ္စရပ်များတွင် အားလုံးခိုင်မာစွာ အတူညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဗိုလ်ကျစိုးမိုးမှုအယူဝါဒနှင့် နိုင်ငံရေးကို ပြတ်သားစွာ ဆန့်ကျင်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့်အတူ စဉ်ဆက်မပြတ် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံကာ ဒေသရေရှည်ငြိမ်းချမ်းကို အတူကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ရာ ဗိုလ်ကျလွှမ်းမိုးမှုအား လုံးဝပြုလုပ်မည်မဟုတ်သလို ကြီးနိုင်ငယ်ညှဉ်းအပြုအမူမျိုးကို လုံးဝပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
နိဂုံးကောက်ချက်များ
မည်သို့ဆိုစေ ပေါက်ပေါက်လျက်ရှိသော အခြေအနေများက ညွှန်ပြနေသည်မှာ -
(၁) အာဆီယံ ၁၀ နိုင်ငံအကြား တစ်သဘောတည်းရှိ၊ တစ်သံတည်းထွက်သည့် ညီညွတ်မှုအား ယခင်ကကဲ့သို့ မရှိတော့ခြင်း၊
(၂) ဒီမိုကရေစီကို အကြောင်းပြကာ တစ်နိုင်ငံ၏ပြည်တွင်းရေးကို အခြားနိုင်ငံ (များ) က ဝင်ရောက်စွက်ဖက်သည့် အစဉ်အလာ ဖြစ်တည်သွားခြင်း၊
(၃) မိမိတို့ချမှတ်ထားသော အာဆီယံပဋိညာဉ်ကို မိမိတို့ကိုယ်တိုင်အုပ်စုဖွဲ့ ဖောက်ဖျက်ခြင်း၊
(၄) ဥက္ကဋ္ဌတာဝန်နှင့် လုပ်ပိုင်ခွင့် အပေါ် တာဝန်ယူမှု၊ တဝန်ခံမှုများ မေးခွန်းထုတ်ဖွယ်ရာ ပေါ်ပေါက်ခြင်းနှင့်
(၅) တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ဆွေမျိုးပေါက်ဖော် ရင်းနှီးချစ်ကြည်မှုကို ပြသနိုင်ခဲ့ခြင်းတို့ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါသည်။
တိုင်းပြည်တစ်ခု၏ အကျိုးစီးပွားဟူသည် လက်အောက်ခံနယ်မြေ သို့မဟုတ် အုပ်စုဝင်များကိုသာ အခြေပြုခြင်းမှရော ကျန်ပြည်ပ နိုင်ငံတစ်ခုခု၏ သြဇာရိပ်အတွင်း ခိုလှုံခြင်းတို့မှပါ ကင်းလွတ်လျက် မိမိ၏လွတ်လပ်ရေးတန်ဖိုးနှင့်အညီ ဆုံးဖြတ်ဆောင်ရွက်နိုင်စွမ်းရှိမှသာ အမျိုးသားအကျိုးစီးပွားဟု မည်ပါပေ၏။ ရွှေမှန်ကင်းအစစ်ကို ထင်းမဖြစ်အောင် ကာကွယ်နိုင်စွမ်းရှိသော တိုင်းသူပြည်သားများ တိုးပွားလာပါစေသတည်း။
References:
https://www.facebook.com/513368565530110/posts/1885265121673774/
https://asiatimes.com/2021/11/make-or-break-for-asean-to-matter-in-myanmar/
https://www.channelnewsasia.com/asia/xi-jinping-china-will-never-seek-hegemony-asean-summit-2329911
https://asean.org/category/chairmanship/
https://www.facebook.com/422671591235160/posts/2030069817161988/










