မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရန် ဂျပန်နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ တိုက်တွန်း

မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရန် ဂျပန်နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ တိုက်တွန်း
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး (ပုံကြီး) နှင့်ဂျပန်နိုင်ငံခြားရေးဝန်ကြီး (ပုံသေး) တို့အား တွေ့ရစဉ်
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး (ပုံကြီး) နှင့်ဂျပန်နိုင်ငံခြားရေးဝန်ကြီး (ပုံသေး) တို့အား တွေ့ရစဉ်
Published 20 November 2021
Ref: PHNOMPENH POST

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို အပြည့်အဝလက်တွေ့ အကောင်အထည်ဖော်ရန် ဂျပန်နှင့်ကမ္ဘောဒီးယားနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့က တိုက်တွန်းခဲ့သည်ဟု သိရသည်။

နိုဝင်ဘာ ၁၈ ရက်က ဂျပန်နိုင်ငံခြားရေးဝန်ကြီးသစ် ဟာယာရှိယိုရှိမာဆာနှင့် ကမ္ဘောဒီးယား၏ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ခ်ဆိုခွန်းတို့၏ ဖုန်းပြောဆိုမှုအတွင်း ယင်းကဲ့သို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး အကူအညီပေးရာတွင် အာဆီယံအဖွဲ့ကြီးက အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေသည်ဆိုသည့် အချက်ကိုလည်း အမြင်ချင်း တူညီခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်တွင် ကျင်းပခဲ့သည့် မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေးတွင် ရရှိခဲ့သည့် ဘုံသဘောတူညီချက်ငါးရပ်ကို နောက်ထပ်အချိန်ကြန့်ကြာမှုမရှိစေဘဲ အပြည့်အဝ အကောင်အထည်ဖော်သင့်ကြောင်း နှစ်နိုင်ငံလုံးက ရှုမြင်ထားတယ်” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံတကာငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းစဉ်များတွင် ကမ္ဘောဒီးယားအား အကူအညီများ ထပ်မံပေးအပ်သွားမည် ဖြစ်ကြောင်းလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ကတိပြုခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် ၎င်းတို့နှစ်ဦးအကြား သဘောတူညီခဲ့သည်ဟု သိရသည်။

ဂျပန်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာသည့် အခြေအနေအပေါ် ကျေနပ်အားရမိကြောင်း ၎င်းတို့နှစ်ဦးက အလေးထားပြောကြားခဲ့သည်ဟု သိရသည်။

မြန်မာ့တပ်မတော်ခေါင်းဆောင်များ အနေဖြင့် အတိုက်အခံများနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ရေးအတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူခဲ့သော ကမ္ဘောဒီးယားနိုင်ငံက ဖိအားပေးမည် ဖြစ်ကြောင်းနှင့် လာမည့်နှစ်အစောပိုင်းတွင် လုပ်ငန်းတာဝန်များစတင်နိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်ကို ခန့်အပ်မည်ဟု  အောက်တိုဘာ ၂၈ ရက်တွင် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားသည်။  

ကမ္ဘောဒီယားနိုင်ငံမတိုင်မီ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော ဘရူနိုင်းနိုင်ငံက ယခုနှစ်ဧပြီတွင် အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင်ရရှိခဲ့သည့် ဘုံသဘောတူညီချက်ငါးချက်အား အကောင်အထည်ဖော်ရန် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) အီရီဝမ်ယူဆွဖ်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်။

ထို့နောက် အထူးသံတမန်အီရီဝမ်ကို သက်ဆိုင်သူအားလုံးနှင့် တွေ့ခွင့်ပေးရန် မြန်မာတပ်မတော်က ငြင်းဆန်ခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အောက်တိုဘာလ နောက်ဆုံးပတ်ကပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခဲ့ခြင်းမရှိပေ။

လာမည့်သီတင်းပတ်တွင် ကျင်းပရန်ရှိသည့် တရုတ်- အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်နိုင်ငံဘက်မှ ဖိတ်ကြားလိုသော်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့က ယခင်အတိုင်း ဖိတ်ကြားခြင်းမပြုရန် ဆက်လက်ကန့်ကွက်လျက်ရှိသည်ဟု သံတမန်သတင်းရင်းမြစ်များက ထုတ်ဖော်ပြောကြားထားသည်။    

Most Read

Most Recent