ကုလသမဂ္ဂ၌ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အဆိုအတည်ပြုမှုတွင် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် အသုံးအနှုန်းများနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုအား လေးစားမှုမရှိသည့် အချက်များပါရှိသဖြင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပယ်ချ

ကုလသမဂ္ဂ၌ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အဆိုအတည်ပြုမှုတွင် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် အသုံးအနှုန်းများနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုအား လေးစားမှုမရှိသည့် အချက်များပါရှိသဖြင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပယ်ချ
Published 20 November 2021

ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ၌ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အဆိုမူကြမ်းအတည်ပြုမှုတွင် ပြင်ပယန္တရားများကို ဖိတ်ခေါ်ပြီး သက်ဆိုင်ရာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် အသုံးအနှုန်းများနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားမှုမရှိသဖြင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပယ်ချကြောင်း နိုဝင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပလျက်ရှိသည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ (လူမှုရေး၊ လူသားချင်းစာနာ ထောက်ထားမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ) ၏ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ အဆိုမူကြမ်း (Situation of Human Rights of Rohingya Muslims and other minorities in Myanmar) ကို မဲမခွဲဘဲအတည်ပြုခဲ့ကြောင်း၊ ယင်းအဆိုတွင် မြန်မာအစိုးရမှ နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပြည်သူများအတွက် ဆောင်ရွက်ပေးနေမှုများနှင့် စိန်ခေါ်မှုများကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်ပေးနေမှုများကို ထင်ဟပ်သည့် ဖော်ပြချက်များ မပါရှိကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

အဆိုတွင် ပါဝင်သည့် အချက်များသည် မြန်မာနိုင်ငံအား ဆန့်ကျင်တိုက်ခိုက်နေသည့် အုပ်စုများ၊  မတရားအသင်း၊ အကြမ်းဖက်နှင့် လက်နက်ကိုင်အဖွဲ့များဘက်မှရရှိသည့် အချက်များ၊ အခြေအမြစ်မရှိသည့် အချက်များကို စိစစ်မှုမပြုဘဲဖော်ပြထားသောကြောင့် ခိုင်မာမှန်ကန်မှုမရှိဟု တွေ့ရကြောင်း၊ အဆိုတွင် CRPH ၊ NUG နှင့် PDF အဖွဲ့များက ပြည်သူများအပေါ် ကျူးလွန်သည့် လုပ်ရပ်များကို လျစ်လျူရှုထားကြောင်းနှင့် ယင်းအဖွဲ့များက သံဃာတော်များ၊ ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေး ဝန်ထမ်းများနှင့် နိုင်ငံရေး ပါတီဝင်များ အပါအဝင် ပြည်သူ ၁၃၀၀ ကျော်အား သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအဆို၏ မူရင်းဇာစ်မြစ်သည် ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အပေါ် အခြေခံ၍ ပေါ်ပေါက်လာခြင်းဖြစ်ပြီး၊ ယင်းဖြစ်စဉ်မှာ ARSA (ခေါ်) Aqua Mul Mujahidin ၏ တိုက်ခိုက်မှုများကြောင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုတွင် အစဉ်အဆက်ပါရှိသည့် အချက်များသည် ပကတိမြေပြင် အခြေအနေမှန်များ၊ ဒေသ သမိုင်းနောက်ခံနှင့် ယင်းကိစ္စ၏ အခြေခံအကြောင်းအရင်းများကို မျှတမှန်ကန်စွာ ရည်ညွှန်းထားခြင်း မရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရာနှင့်ချီသော နေရပ်စွန့်ခွာ ဟိန္ဒူများအပါအဝင် အသိုက်အဝန်းအားလုံး၏ ဆင်းရဲဒုက္ခ၊ ၎င်းတို့အား နေရပ်သို့ ပြန်လာခွင့်ပြုရန် မြန်မာအစိုးရက အကြိမ်ကြိမ် ကြိုးစားဆောင်ရွက်ခဲ့မှုများနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ပျက်ကွက်မှုများကို ဖော်ပြထားခြင်း မရှိသည်ကိုတွေ့ရဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

နှစ်နိုင်ငံအကြား သဘောတူထားသည့် လုပ်ထုံးလုပ်နည်းများမှတစ်ဆင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကိုစတင်နိုင်ခြင်း မရှိသေးသော်လည်း နေရပ်စွန့်ခွာသူ ဘင်္ဂါလီစုစုပေါင်း ၇၀၀ ကျော်ခန့်က ၎င်းတို့ဆန္ဒဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း၊ မြေပြင်အချက်အလက် အမှန်များကို ယင်းအဆိုတွင် ထည့်သွင်းရန် ပျက်ကွက်ခြင်းသည် သက်ဆိုင်ရာနိုင်ငံအတွက် သာမကဘဲ ဘက်လိုက်မှုမရှိခြင်းနှင့် ဓမ္မဓိဋ္ဌာန်ကျခြင်းစသည့် စံနှုန်းများကို ထိန်းသိမ်းလိုက်နာရမည့် ကုလသမဂ္ဂအဖွဲ့အစည်း၏ ပုံရိပ်ကိုပါ ထိခိုက်နစ်နာစေကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း စိစစ်အတည်ပြုနိုင်သည့် နေရပ်စွန့်ခွာသူများကို လက်ခံရန်နှင့် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားလာပါက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် ကိုက်ညီသူများကို သင့်လျော်သည့် နိုင်ငံသားပေးရန်တို့အတွက် မြန်မာနိုင်ငံဘက်မှ အသင့်ရှိကြောင်း၊ သို့သော် မြန်မာနိုင်ငံက ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို အသိအမှတ်ပြုခြင်း မရှိကြောင်း၊ စင်စစ်တွင် ယင်းအသုံးအနှုန်းကို တိုင်းရင်းသား အဆင့်အတန်းနှင့် နယ်မြေရရှိရေးရည်ရွယ်ချက်ဖြင့် သုံးနှုန်းနေခြင်းဖြစ်ကြောင်း၊ ယင်းအသုံးအနှုန်းသည် ဥပဒေအရနှင့် နိုင်ငံ၏သမိုင်း အထောက်အထားအရ မရှိခဲ့သောကြောင့် မြန်မာပြည်သူများက လက်ခံနိုင်ခြင်းမရှိဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်ချမှတ်သည့် အဆိုဆုံးဖြတ်ချက်များသည် သက်ဆိုင်ရာနိုင်ငံနှင့် နိုင်ငံတကာ အသိုက်အဝန်းတို့အကြား ဓမ္မဓိဋ္ဌာန်ကျသော အစီရင်ခံမှု၊ အပြုသဘောဆောင်သော ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ဖော်ပြနိုင်ခြင်းမရှိသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ယင်းလုပ်ရပ်များကို အစဉ်ကန့်ကွက်ခဲ့ကြောင်း၊  ယခုကဲ့သို့ကိစ္စမျိုးအား မြန်မာနိုင်ငံက ယခင်က မဲခွဲရန် တောင်းဆိုလေ့ရှိခဲ့သော်လည်း ယခုနှစ် အဆိုမူကြမ်းအား မဲမခွဲဘဲဆုံးဖြတ်ခဲ့ခြင်းမှာ ကုလသမဂ္ဂ၌ မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုမှန်ကန်မှု မရှိခြင်းနှင့် နိုင်ငံ၏ တရားဝင်ကိုယ်စားလှယ် တက်ရောက်နိုင်မှုမရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်းခံထားရသည့် ဦးကျော်မိုးထွန်းအား တက်ရောက်ခွင့်ပေးမှုကိုလည်း ကန့်ကွက်ကြောင်း၊ ဦးကျော်မိုးထွန်း၏ ပြောဆိုချက်များ၊ အထူးသဖြင့် ဘင်္ဂါလီကိစ္စသည် မြန်မာအစိုးရ အဆက်ဆက်၏ မူဝါဒ၊ ရပ်တည်ချက်များနှင့်ကွဲလွဲပြီး နိုင်ငံနှင့်ပြည်သူကို ကိုယ်စားမပြုသောကြောင့် မြန်မာနိုင်ငံက ပြင်းထန်စွာပယ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent