မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးရုံးအား ပစ်ခတ်မှုဖြင့် အမျိုးသားခုနစ်ဦးအား M 16 သေနတ်နှစ်လက် အပါအဝင် ခဲယမ်းများနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၇ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီးဘေးရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝင်/ထွက်ပေါက်၌ လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် အဖွဲ့ဝင်များအား Probox ယာဉ်ပေါ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဝန်ထမ်းတစ်ဦး၊ ပြည်သူတစ်ဦးနှင့် လုံခြုံရေး တပ်ဖွဲ့ဝင် အချို့ဒဏ်ရာများ အသီးသီးရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်တွင် ဖြစ်စဉ်၌ အသုံးပြုခဲ့သည့် Probox ယာဉ်အား ငှားရမ်းပေးခဲ့သည့် ဟန်လင်းသိန်း (ခ) ရဲလင်းသိန်း (၄၀) နှစ်အား မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင်ကျေးရွာ၊ မိုးမခလမ်း၊ ဆောင်းသဇင် အဆောင်၌ လည်းကောင်း၊ ၎င်းယာဉ်အား ငှားရမ်းထားသည့် တင်ဇော်မြင့် (၂၉) နှစ်အား ကမာရွတ်မြို့နယ်၊ (၃) ရပ်ကွက်၊ ပုလဲဂေဟာလမ်း၌လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး တင်ဇော်မြင့်၏ ထွက်ဆိုချက်အရ သန်းနိုင် (ခ) ဘဲဥ (၂၉) နှစ်၊ ပြည့်စုံအောင် (ခ) အသေးလေး (၂၁) နှစ်နှင့် လွင်မိုး (၂၃) နှစ်တို့သုံးဦးအား ကမာရွတ်မြို့နယ်၊ (၃) ရပ်ကွက်၊ ဗဟိုလမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် သန်းနိုင် (ခ) ဘဲဥ၏ ထွက်ဆိုချက်အရ ၎င်းတို့အဖွဲ့ငှားရမ်း နေထိုင်သည့် ကမာရွတ်မြို့နယ်၊ (၃) ရပ်ကွက်၊ ပတ္တမြားလမ်း၊ (၆) လွှာ၊ အမှတ် (၁၇၂) ၊ (ဘီ) အခန်းအား ဝင်ရောက်ရှာဖွေခဲ့ရာ ပစ်ခတ်မှုဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် M16 နှစ်လက်၊ ကျည်အိမ် ၇ ခု၊ ၅.၅၆ ကျည် ၃၂၀ တောင့်၊ ကျည်ခွံ ၃၄ တောင့်၊ ၉ မမ ကျည် ၅၅ တောင့်၊ လမ်းလျှောက် စကားပြောစက် သုံးလုံး၊ အားသွင်းခုံနှစ်ခု၊ ဓာတ်ခဲ ၁၅ လုံး၊ လက်အိတ်တစ်စုံတို့အား လည်းကောင်း၊ ကမာရွတ်မြို့နယ်၊ (၃) ရပ်ကွက်၊ ပတ္တမြားလမ်း၊ တိုက်အမှတ် (၁၅၀) ၊ အခန်း (1/A) ၌ ၉ မမ ကျည် ၂၀ တောင့်၊ ၅.၅၆ ကျည် ၂၀ တောင့်၊ ဒီတိုနေတာ ၅ ချောင်း၊ ဒီတိုနေတာ ကြိုးခွေလေးခွေ၊ icom ဘတ္ထရီပတ် ၁၂ ခု၊ သံဘောစေ့ ၁၂ ဘူးပါ အကတ်၂၀ ၊ icom အထိုင်စက်လေးလုံး၊ လမ်းလျှောက် စကားပြောစက် ၄ လုံးနှင့် ဖောက်ခွဲရေးပစ္စည်းများ ထည့်ထားသော ဂတ်စ်အိုးတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ပြီး ဂက်စ်အိုးအား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ၅.၅၆ ကျည် ၄၈၀ တောင့်၊ ဒီတိုနေတာအချောင်း ၂၀ ၊ ယမ်းပြင်းသုံးကီလိုဂရမ်တို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ထို့ပြင် သန်းနိုင် (ခ) ဘဲဥ၏ ထွက်ဆိုချက်အရ လက်နက်/ခဲယမ်းများ သယ်ဆောင်ခဲ့ပြီး ပစ်ခတ်မှုဖြစ်စဉ်တွင် ပါဝင်သူ ဝေယံထက်နိုင် (၂၈) နှစ်အား ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မန္တလေးလမ်း မီးပွိုင့်၌ ဖမ်းဆီးရမိခဲ့ပြီး ဝေယံထက်နိုင်၏ ထွက်ဆိုချက်အရ လသာမြို့နယ်၊ (၁) ရပ်ကွက်၊ ၂၃ လမ်းထိပ်၊ အမှတ် (၆၀၄) အား ဝင်ရောက်ရှာဖွေခဲ့ရာ မျိုးနိုင် (၅၈) နှစ်အား PDF အဖွဲ့များအား ထောက်ပံ့သည့် နိုင်ငံခြားဆေး ပစ္စည်းမျိုးစုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အတူ နိုဝင်ဘာ ၁၄ ရက်တွင် မျိုးနိုင်၏ ထွက်ဆိုချက်အရ (Myanmar Underground Revolution Movement - MURM) အဖွဲ့မှ ဖမ်းဆီးရန်ကျန် မမေ (ခ) မိုးသူခိုင် (ခ) မေသက်ခိုင် ငှားရမ်းနေထိုင်သည့် မြောက်ဒဂုံမြို့နယ်၊ သမာဓိလမ်း၊ အမှတ် (၃၉/၂၉၉) အား ဝင်ရောက်ရှာဖွေခဲ့ရာ ဖောက်ခွဲရေး လုပ်ငန်းများတွင် အသုံးပြုသည့် ပွိုင့် ၃၈၀ ကျည် ၅၀ တောင့်၊ ကျည်အိမ် ၂ ခု၊ လက်လုပ်ဗုံး ၃ လုံး၊ ဒီတိုနေတာ ၃ ခု၊ လက်လုပ်ယမ်း ၂၅ ထုပ်၊ ယမ်းကြိုးများ၊ လက်လုပ်ယမ်းမှုန့် (၃၀ ကျပ်သားခန့်) ၁ ထုပ်၊ အက်စစ် ၅ ဂါလံ ၄ ပုံး၊ ဓါတုဗေဒသုံး ဖန်ပြွန်ချိန်ခွက် ၁၇ ခု၊ ဖန်ပြွန် ၄ ခု၊ ကြေးပိုက် ၁၅ ချောင်း၊ ပိုတက်ဆီယံ နိုက်ထရိတ် (၂၅ ကီလို) တစ်အိတ်၊ ဂက်စ်အိုးကိုးလုံး၊ ဝရိန်စက်တစ်လုံး၊ MPT ဆင်းကတ်အခု ၃၀ ၊ Keypad ဖုန်း ၁၁ လုံး၊ မှတ်ပုံတင်အတု ၁၁ ခု၊ ဓာတ်ခဲပါ ရီမုမိုင်းခလုတ် အခု ၂၀ အား ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ယင်းအပြင် သန်းနိုင် (ခ) ဘဲဥ (Fight For Freedom- FFF) အဖွဲ့၏ ထွက်ဆိုချက်အရ ဂျပန်နိုင်ငံတွင် မြန်မာထမင်းဆိုင် ဖွင့်လှစ်ရောင်းချနေသော ဖမ်းဆီးရန်ကျန် တရားခံ သန်းထိုက်စိုး (ခ) စိုးကြီးသည် NUG ၊ CRPH တို့နှင့် ဆက်သွယ်၍ မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့များအား ထောက်ပံ့ပေးလျက် ရှိကြောင်း၊ သန်းထိုက်စိုး (ခ) စိုးကြီး အနေဖြင့် NUG မှ လွင်ကိုလတ် ပြုလုပ်သော Zoom Meeting များတွင် တက်ရောက်၍ အဖွဲ့များအား ငွေကြေးထောက်ပံ့မှု အခြေအနေများအား ပြောကြားရကြောင်းနှင့် ၎င်းသည် FFF အဖွဲ့အပြင် အခြားအကြမ်းဖက် အဖွဲ့များအားလည်း ထောက်ပံ့ပေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်ဟု သတင်းထုတ်ပြန်မှုအရ သိရသည်။
အလားတူ ဝေယံထက်နိုင်သည် မမေ (ခ) မိုးသူခိုင် (ခ) မေသက်ခိုင် ဖွဲ့စည်းထားရှိသော MURM မှဖြစ်ပြီး လွင်မိုးမှာ ပဲခူး PDF အဖွဲ့မှဖြစ်ကာ ၎င်းသည် မိုးသီဟနှင့်အတူ KNLA တပ်မဟာ ၁ နယ်မြေအတွင်း ဖောက်ခွဲရေး သင်တန်းအား တက်ရောက်ခဲ့ကြောင်းနှင့် မျိုးနိုင်သည် မမေ (ခ) မိုးသူခိုင် (ခ) မေသက်ခိုင်အား အောက်တိုဘာအတွင်း မြောက်ဒဂုံမြို့နယ်၌ Safe House အဖြစ် လုံးချင်းတိုက်ခန်းအား ငှားရမ်းအသုံးပြုရန် ငွေကြေးများထောက်ပံ့ခဲ့ကြောင်း ဖော်ထုတ်ရရှိသည်ဟု သိရသည်။
ထို့ပြင် စက်တင်ဘာလကုန်ခန့်တွင် သန်းထိုက်စိုး (ခ) စိုးကြီးသည် မြဝတီမြို့နေ ဖမ်းဆီးရန်ကျန် ဂျပန်နှင့်ချိတ်ဆက်၍ သန်းနိုင် (ခ) ဘဲဥ ဦးဆောင်သည့် (FFF) အဖွဲ့အတွက် လက်နက်ခဲယမ်းများအား ပို့ဆောင်ခဲ့ကြောင်းနှင့် လက်နက်/ ခဲယမ်းများအား သယ်ယူရာတွင် အောက်စီဂျင်အိုးများအတွင်း သိုဝှက်ကာ သယ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိ ကိုဗစ် - ၁၉ ရောဂါ အခြေအနေအရ ပြည်သူလူထုအနေဖြင့် အောက်စီဂျင်အိုးများ ပြတ်လပ်မှုမရှိစေရေး ကျန်းမာရေး အထောက်အကူပြု ပစ္စည်းအဖြစ် လုံခြုံရေးဖြေလျော့ပေးမှုအား အခွင့်ကောင်းယူကာ အကြမ်းဖက်ပစ္စည်းများအား သယ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု သတင်းထုတ်ပြန်မှုအရ သိရသည်။
FFF အဖွဲ့နှင့် MURM အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် အောက်တိုဘာ ၅ ရက်တွင် သန်းနိုင် (ခ) ဘဲဥ ၊ ပြည့်စုံအောင် (ခ) အသေးလေးနှင့် ဖမ်းဆီးရန်ကျန် တရားခံကိုရဲတို့မှ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့ရှိ လုံခြုံရေးအဖွဲ့များအား ပစ်ခတ်ရန် အခြေအနေ ကြည့်ရှုခဲ့ပြီး MURM အဖွဲ့မှ ကိုရဲအပါ ငါးဦးနှင့် FFF အဖွဲ့မှ သန်းနိုင် (ခ) ဘဲဥ၊ တင်ဇော်မြင့်နှင့် ဖမ်းဆီးရန် ကျန်သူများဖြစ်သော ရှမ်းလေး၊ ဝေယံထက် (ခ) သူရတို့လေးဦးပေါင်း ကိုးဦးတို့ဖြင့် လုံခြုံရေးအဖွဲ့များအား ပစ်ခတ်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ နိုဝင်ဘာ ၇ ရက်တွင် MURM အဖွဲ့မှနှစ်ဦးဦးသည် အခြေအနေစောင့်ကြည့်ခြင်းများ ပြုလုပ်ပြီး တရားခံသန်းနိုင် (ခ) ဘဲဥ၊ တင်ဇော်မြင့်တို့နှစ်ဦးသည် Probox (အဖြူရောင်) ဖြင့် လည်းကောင်း၊ ဝေယံထက် (ခ) သူရ၊ ရှမ်းလေးနှင့် ကိုရဲနှင့် စိစစ်ဆဲ အမျိုးသားနှစ်ဦးတို့သည် Probox (ခဲရောင်) ဖြင့် လည်းကောင်း သွားရောက်၍ Probox (ခဲရောင်) ပေါ်မှ M-16 သေနတ်နှစ်လက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သန်းနိုင် (ခ) ဘဲဥမှ လက်နက်ခဲယမ်းများအား ပြန်လည်သိမ်းယူခဲ့ကြောင်း ဖော်ထုတ်ရရှိကြောင်း သိရသည်။
ထို့အတူ အောက်တိုဘာ ၂၈ ရက် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီး ကျေးရွာနေ ဦးဖိုချိုအား MURM အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းနှင့် နိုဝင်ဘာ ၈ ရက်တွင် သန်းနိုင် (ခ) ဘဲဥသည် ဝေယံထက် (ခ) သူရထံတွင်ရှိသည့် ပစ္စတိုအား ဖမ်းဆီးရန်ကျန် ဖိုးကာ (ကမာရွတ် PDF) ထံသို့ ငှားရမ်းပေးခဲ့ပြီး သေနတ်ငှားရမ်းခအဖြစ် ဖိုးကာမှ FFF အဖွဲ့အား ငွေငါးသိန်းကျပ် ပေးအပ်ခဲ့ကြောင်း၊ နိုဝင်ဘာ ၉ ရက်တွင် အဆိုပါ ပစ္စတိုဖြင့် ကမာရွတ်မြို့နယ်၊ (၅) ရပ်ကွက်၌ ဒေါ်မြင့်မြင့်အေး (ခ) ဒေါ်ပြားကြီးအား ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းနှင့် နိုဝင်ဘာ ၁၀ ရက်တွင် ပစ္စတိုအား ဝေယံထက် (ခ) သူရထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း ဖော်ထုတ်ရရှိကြောင်း သိရသည်။















