ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရသည့် အမေရိကန်ဂျာနယ်လစ် ဒန်နီဖန်စတာ ပြန်လည်လွတ်မြောက်

ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရသည့် အမေရိကန်ဂျာနယ်လစ် ဒန်နီဖန်စတာ ပြန်လည်လွတ်မြောက်
Published 16 November 2021
Ref: AP

အမေရိကန်ဂျာနယ်လစ် ဒန်နီဖန်စတာကို မြန်မာနိုင်ငံရှိ အကျဉ်းထောင်မှ လွှတ်ပေးလိုက်ပြီဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းဘီလ်ရစ်ချက်ဆန်က ထုတ်ပြန်ခဲ့သည်ဟု AP သတင်းဌာနက ဖော်ပြခဲ့သည်။

ဖန်စတာကို ထောင်မှလွှတ်ပေးလိုက်ပြီဟု နိုဝင်ဘာ ၁၅ ရက်တွင် ရစ်ချက်ဆန်က ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံ၌ပင် ၎င်းထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သူသည် မကြာခင်ကာတာမှတစ်ဆင့် အမေရိကန် ပြည်ထောင်စုသို့ ပြန်လည်တော့မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“ဒီနေ့ဟာ ခင်ဗျားတို့မျှော်လင့်နေတဲ့နေ့ ဖြစ်ပါတယ်” ဟု ရစ်ချဒ်ဆင်က ပြောကြားခဲ့သည်။ “ဒန်နီဟာ နောက်ဆုံးမှာ သူချစ်ရတဲ့သူတွေနဲ ့ပြန်လည်ဆက်သွယ်ရတော့မှာဆိုတော့ ကျွန်တော်တို့ အလွန်ကျေးဇူးတင်ပါတယ်” ဟု ရစ်ချက်ဆန်က ပြောသည်။

Frontier Myanmar အွန်လိုင်းမဂ္ဂဇင်း၏ စီမံခန့်ခွဲမှုအယ်ဒီတာဖန်စတာသည် သတင်းမှားဖြန့်ဝေခြင်း၊ မတရားအသင်း ဆက်သွယ်ခြင်း၊ ဗီဇာစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းတို့ဖြင့် နိုဝင်ဘာ ၁၂ ရက်တွင် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံခဲ့ရသည်။ သူသည်အခြားတရားရုံးတစ်ရုံးတွင်လည်း မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုတန်ပြန်ရေး ဥပဒေကို ချိုးဖောက်မှု၊ နိုင်ငံတော်သစ္စာဖောက်မှုနှင့် နိုင်ငံတော်အား အကြည်ညိုပျက်စေသည့် စွဲချက်များဖြင့် အမှုရင်ဆိုင်ခဲ့ရသည်။

မြန်မာနိုင်ငံတွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းယူခဲ့ပြီးနောက် ပြစ်ဒဏ်စီရင်ခံရသည့် ဂျာနယ်လစ်ခုနှစ်ဦးထဲတွင် ဖန်စတာသည် အပြင်းထန်ဆုံး ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။

ဖန်စတာသည် မေလက အမေရိကန်နိုင်ငံ ဒက်ထရိုက်မြို့ှရှိ ၎င်း၏မိသားစုနှင့် တွေ့ဆုံရန် ၎င်း၏နေအိမ်သို့ ပြန်မည့်အချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ယင်းအချိန်ကတည်းက ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က “အပြစ်မဲ့သူတစ်ဦး မတရားပြစ်ဒဏ်ချမှတ်ခံသည်” ဟု ပြောကြားခဲ့သည်။

ရစ်ချက်ဆန်သည် မကြာသေးခင်က မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် ဖန်စတာလွတ်မြောက်ရေးကိစ္စကို ဆွေးနွေးခဲ့သည်။

Most Read

Most Recent