တရုတ်ပြည်ကိုဗစ်နဲ့ ပြည်တော်ပြန်နိုင်ရေးအခက်တွေ့နေတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားများ

တရုတ်ပြည်ကိုဗစ်နဲ့ ပြည်တော်ပြန်နိုင်ရေးအခက်တွေ့နေတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားများ
မြန်မာနိုင်ငံသားများအား တရားမဝင်လမ်းကြောင်း ဂိတ်ပေါက်မှ ပြန်ပို့နေသည်ကို တွေ့ရစဉ်
မြန်မာနိုင်ငံသားများအား တရားမဝင်လမ်းကြောင်း ဂိတ်ပေါက်မှ ပြန်ပို့နေသည်ကို တွေ့ရစဉ်
Published 14 November 2021
ပြည့်စုံ (မူဆယ်)

တရုတ်နိုင်ငံ မန်စီရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်တော်ပြန်နိုင်ရေး အခက်အခဲတွေ့နေကြရပြီး ရွှေလီမြို့ကို လော့ဒေါင်းချခံထားရခြင်းကြောင့် ပြည်တော်ပြန်များ နေရပ်ပြန်နိုင်ရန် အခက်အခဲမျိုးစုံ ဖြစ်ပေါ်နေပါတယ်။ မန်စီမြို့က ပြန်ခွင့်ရသူတွေအနေနဲ့လည်း တရားမဝင်လမ်းကြောင်းကနေ ရိုက်နှက်ပြန်ပို့ခံရခြင်း၊ တိုက်ပွဲဖြစ်ပွားရာနယ်မြေသို့ အပို့ခံရခြင်းစတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေများ ရင်ဆိုင်နေကြရသည်ဟု တရုတ်နိုင်ငံမှ ပြန်လာသူများထံမှ သိရပါတယ်။

“ ကျွန်တော်တို့ကို ပြန်ပို့မယ်ဆိုပြီး ရဲစခန်းကနေ ကားကြီးနှစ်စီးနဲ့ ခေါ်လာတယ်။ အစပထမထင်ထားတာက ကျွန်တော်တို့ကို လူသားဂုဏ်သိက္ခာရှိရှိ နဲ့ ပြည်တော်ပြန်ရမယ်လို့ ထင်ထားတာ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်တော်တို့မသိတဲ့ နေရာပေါ့။ မြန်မာနိုင်ငံ နယ်စပ်ခြံစည်းရိုးနားမှာရပ်လိုက်ပြီး ကားပေါ်က ဆင်းခိုင်းတယ်။ နောက် သူတို့ရဲတွေက ခြံစည်းရိုး ကာထားတဲ့ တံခါးကို ဖွင့်ပြီး သွားခိုင်းတယ်။ ကျွန်တော်တို့ ဘယ်နေရာရောက်မှန်းမသိဘူး ကိုင်းတောကိုဖြတ်ပြီး တောင်ကြောပေါ်က လမ်းရောက်တော့ ကားတစ်စီးလာတာနဲ့ မေးတော့ မုံးကိုးမြို့ရဲ့ ဟေမိုးလုံရွာရောက်နေတာ သိရတယ်။ ကျွန်တော်တို့ ကြောက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်မှာက တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာလေ။ သူတို့သိသိကြီးနဲ့ တရားမဝင်ခိုးပေါက်ကနေ စစ်ပွဲဖြစ်ပွားရာ ဒေသကိုပို့လိုက်တာ” ဟု ပြည်တော်ပြန်များက ဆိုပါတယ်။

ယခု ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ လုပ်အားခနည်းလာခြင်းကြောင့် မိသားစုဝမ်းရေးအတွက် တစ်နယ်ရပ်ခြားနိုင်ငံသို့ ထွက်ခွာရွှေ့ပြောင်း အလုပ်လုပ်ကြသူများပြားလာရာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ ထန်းလုပ်ငန်းလုပ်ကိုင်သူများနှင့် တရုတ်မြန်မာနယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များအနေဖြင့်  အလုပ်အကိုင်ရရှိနိုင်ရန်နဲ့  ဝင်ငွေပိုမိုရရှိနိုင်ရန် အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။

မြန်မာနိုင်ငံသားများအနေနဲ့ တရုတ်နိုင်ငံ၌ စက်ရုံအလုပ်ရုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ကျောက်ဆစ်လုပ်ငန်း၊ ပရိဘောဂလုပ်ငန်းများ၊ အုတ်ဖုတ်ခြင်းလုပ်ငန်းများ၊ ကံ့ခုတ်ခြင်း၊ သစ်ခွစိုက်ခြင်း၊ စျေးများ၊ စည်ပင်လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ စသည်တို့တွင် အလုပ်လုပ်ကိုင်ကြလျက်ရှိသည်ဟု တရုတ်နိုင်ငံအတွင်း အလုပ်လုပ်ကိုင်ကြသူများထံက သိရပါတယ်။

ယခုနှစ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံအတွင်းရှိ မြို့များကို လော့ဒေါင်းချခြင်း၊ စက်ရုံအလုပ်ရုံများ၊ စျေးများကို ပိတ်ခြင်းများ ဖြစ်ပေါ်လာခြင်းကြောင့် အလုပ်လက်မဲ့ ဖြစ်ကာ စားဝတ်နေရေးခက်ခဲပြီး အိမ်ငှားခမပေးနိုင်ဖြစ်လာတဲ့ အခြေအနေများ မြန်မာအလုပ်သမားများအနေဖြင့် ကြုံ‌တွေ့လာရခြင်းတို့‌ကြောင့် ပြန်တော်ပြန်ခွင့်ရရန် တရုတ်နိုင်ငံမှ သက်ဆိုင်ရာ မြို့ရဲစခန်းတွင် နေထိုင်ခွင့်၊ ကျန်းမာရေးစာ‌အုပ်၊ ရောဂါကင်းရှင်းကြောင်း ဆေးစစ်ချက်များနှင့်အတူ ပြန်ခွင့်လျှောက်လွှာတင်ပြီး စာရင်းပေးသွင်းခဲ့ရပါတယ်။

အထက်ပါ တရုတ်နိုင်ငံ မန်စီမြို့က အခက်အခဲဖြစ်‌ပေါ်ခဲ့သော ရွှေ့ပြောင်း မြန်မာအလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံပြန်ခွင့်ရရန် အလုပ်ထွက်ခဲ့ရပြီး နေအိမ်အခန်းများပြန်အပ်ခဲ့ကာ ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ချက်များနဲ့အတူ တရုတ်နိုင်ငံအတွင်း နေထိုင်ခွင့်လက်မှတ်များကိုပါ ဝှာဖုန်းရဲစခန်းမှာအပ်၍ နိုင်ငံပြန်ခွင့်လျှောက်ထားသော်လည်း ရက်၂၀ ကျော် တစ်လနီးပါးအထိ ပြန်ခွင့်မရကြသေးဘဲ ရဲစခန်းအနီးအဆင်ပြေရာ နေရာများတွင် စောင့်ဆိုင်းနေခဲ့ကြရသည်ဟု မြန်မာနိုင်ငံပြန်ခွင့် စောင့်ဆိုင်းနေကြသူများထံမှ သိရပါတယ်။

“ ပြန်မယ့်သူတွေ အကုန်ဆေးစစ်ပြီးကြောင်း စာရွက်တွေလည်းရှိပါတယ်။ ကိုဗစ်-၁၉ မရှိကြောင်း၊ ဆေးစစ်ပြီးတော့လည်း ပြန်မရပါဘူးဗျာ။ အဓိကကတော့ ရွှေ့ပြောင်းလုပ်သားတွေ ပိုခက်ခဲနေပါတယ်။ ကတ်တွေကလည်း ရဲစခန်းကသိမ်းကုန်ပါပြီ။ စာရင်းတင်ပြီးတာတောင် ပြန်ခွင့်မရကြသေးပါဘူးဗျာ။ ကျွန်‌တော့်သူငယ်ချင်းဆို အထောက်အထား ကတ်တွေ ရဲစခန်းမှာအပ်ထားတော့ ဆီးချိုတက်လို့ ဆေးရုံပြဖို့တောင် အတော်လေးခက်ခဲနေတယ်။ ကျန်းမာရေးအတွက်ကတော့ ပိုခက်ခဲတာပေါ့” လို့ မန့်စီရဲစခန်းအနီးမှာ နေထိုင်စောင့်ဆိုင်းနေရသူ ကိုအိုက်စိုင်းက ပြောပါတယ်။

ဝှာဖုန်းရဲစခန်းတွင်တစ်ရက် နေထိုင်လိုပါက တရုတ်ယွမ်ငွေ ၁၆၀ ပေးရသည်ဟု သိရပါတယ်။ အလုပ်အကိုင်မဲ့ကာ အိမ်ငှားရမ်းခမပေးနိုင်သောကြောင့် နိုင်ငံပြန်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဝှာဖုန်းရဲစခန်းတွင် နေထိုင်ခပေးကာ နေထိုင်ရန် ငွေကြေးမတတ်နိုင်သောကြောင့် ရဲစခန်းအနီး ကားပေါ်တွင် ပစ္စည်းများ စုပေါင်းထားကာ စောင့်ဆိုင်းနေထိုင်ကြရလျက် ရှိပါတယ်။ ဒါ့ကြောင့် တစ်ကိုယ်ရေ သန့်ရှင်းရေး ပြုလုပ်ရန်ခက်ခဲခြင်း၊ စားဝတ်နေရေးခက်ခဲခြင်းတို့ကို ရင်ဆိုင်နေရပြီး နိုင်ငံပြန်ခွင့်ရရန် စောင့်ဆိုင်းရလျက်ရှိသည်ဟု နိုင်ငံပြန်ရန်စောင့်ဆိုင်းနေသူများထံမှ သိရပါတယ်။

ထိုသို့ ရက်ကြာမြင့်စွာ စောင့်ဆိုင်းကြရပြီး ပြန်ခွင့်ရရှိသူများကိုလည်း တရုတ်နိုင်ငံ မန်စီမြို့က တာဝန်ရှိသူများက လူတစ်ဦးလျှင် အထုပ်နှစ်ထုပ်သာ ယူဆောင်ခွင့်ပြုသဖြင့် ကျန်ရှိတဲ့ အသုံးအဆောင် ပစ္စည်းများကို စွန့်ပစ်ထားခဲ့ကြရပါတယ်။

ထိုသို့ ပြန်ခွင့်ပြုသော်လည်း မြန်မာအစိုးရ တာဝန်ရှိသူများက တရားဝင် လက်ခံပေးနေသော ဂိတ်ပေါက်များမှ ပြန်လည်ပို့ဆောင်ခြင်း မပြုဘဲ တရုတ်မြန်မာနယ်စပ် တိုက်ပွဲဖြစ်ပွားနေရာသို့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေကို ချိုးဖောက်ပြီး တရားမဝင်နေရာများမှ ပြန်လည်ပို့ဆောင်မှုများရှိနေတယ်လို့  တရားမဝင်နေရာများမှ ပြန်ပို့ခံရသော ရွှေ့ပြောင်းအလုပ်သမားများက ဆိုပါတယ်။

တရုတ်နိုင်ငံက အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေကိုချိုးဖောက်ကာ ရွှေ့ပြောင်းမြန်မာ အလုပ်သမား ၁၀၀ ကျော်ကို မြန်မာပြည်တာဝန်ရှိသူများထံ အကြောင်းကြားခြင်းမရှိဘဲ တရုတ်မြန်မာ နယ်စပ် တရားမဝင်နယ်စပ်ပေါက်မှ တိုက်ပွဲများ ဖြစ်ပွားနေသော မုံးကိုးမြို့ ဟေမုံလုံကျေးရွာသို့  နှစ်ရက်ဆက်တိုက် ပို့ဆောင်ခဲ့ပါတယ်။

ထိုသို့ တရုတ်တာဝန်ရှိသူများ က မြန်မာအလုပ်သမားများကို တရားမဝင်ဂိတ်မှ တိုက်ပွဲဖြစ်ပွားရာ နေရာသို့ပို့ဆောင်ခြင်းကို နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက်နံနက်က ပို့ဆောင်ခဲ့ခြင်း ဖြစ်ပြီး တရုတ်မြန်မာခြံစည်းရိုး ကိုင်းတောကိုဖြတ်ခိုင်းကာ တိုက်ပွဲဖြစ်ပွားနေရာနယ်မြေသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ ကျွန်တော်တို့ကြားတာပေါ့။ လူ ၆၀‌ ကျော်ကို မနေ့ကကိုပြန်ပို့လိုက်ပြီ။ အဲဒီထဲမှာ ကျွန်တော့်သူငယ်ချင်းပါတယ်။ ဒါကြောင့် ကျွန်တော်နဲ့အတူ အခန်းဖော်သူငယ်ချင်း တစ်ယောက်ရယ်၊ သူ့သူဌေးရယ် ရဲစခန်းကိုသွားတယ်။ ငါတို့က စာရင်းပေးထားတာကြာပြီ။ အခုသူတို့ကို အရင်ပို့တာလဲပေါ့ဆိုမှ ကျွန်တော်တို့ကို ပြန်ပို့ခဲ့တာပါ” ဟု ကိုခင်မောင်ထွေးက ဆိုပါတယ်။

“ အခု ကျွန်တော်တို့ကို ကားနှစ်စီးနဲ့ခေါ်လာတယ်။ တစ်စီးကို လူ ၃၅ ယောက်ပါတယ်။ အမျိုးသမီးတွေ  လူငယ်လူရွယ်တွေ၊ တရုတ်မြန်မာ ခြံစည်းရိုး နားချပြီးကိုင်းတောကို ဖြတ်ခိုင်းတယ်။ ဒီဘက်မှာက တပ်မတော်နဲ့ကိုးကန့်တို့ တိုက်ပွဲဖြစ်ပွားရာ နယ်မြေဖြစ်နေတယ်။ အခုတရုတ် လုပ်ရပ်က ကမ္ဘာ့လူသားချင်းစာနာမှု ဥပဒေကိုချိုးဖောက်ပြီး ကျွန်တော်တို့ လူ့သားဂုဏ်သိက္ခာအရ သိက္ခာရှိရှိမပြန်ရဘူး။ အခက်အခဲဖြစ်ပြီးမှ ပြန်ရတယ်” ဟု မန်စီမြို့က နေရပ်ပြန်လာသူ ကိုခင်မောင်ထွေးက ဆက်‌ပြောပါတယ်။

ထို့ပြင် တရုတ်နိုင်ငံ ဝမ်တိန်မြို့တွင်နေထိုင်ကြလျက်ရှိသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများကြောင့် ကိုဗစ်ရောဂါဖြစ်ပွားသည်ဟု စွပ်စွဲမှုများရှိနေပြီး တရုတ်နိုင်ငံ ဝမ်တိန်မြို့မှ မြန်မာအလုပ်သမား ငါးဦးကို ကိုဗစ်ရောဂါတွေ့ရှိသည်ဟုဆိုကာ အောက်တိုဘာ ၂၁ ရက် ည ၁၀ နာရီက ရေကြီးနေသော ဝမ်တိန်ချောင်းကို ဖြတ်ကူးရန် ရိုက်နှက်စေခိုင်းခံရမှုများကို ရွှေ့ပြောင်းမြန်မာအလုပ်သမားများ ကြုံတွေ့ခဲ့ရပါတယ်။

“Positive လူနာတွေ့တယ်ဆိုပြီး လူကိုခေါ်သွားတယ်။ ည ၉ နာရီ လောက်ကျတော့ မြန်မာနိုင်ငံပြန်ပို့မယ်ဆိုပြီး ဝန်တိမ်စျေးနားကို သွားပို့တယ်။ ဝန်တိမ်ချောင်းက ရေကြီးနေတော့ ကူးလို့မရဘူး။ အဲဒီတော့ အမျိုးသမီးငယ်သုံးယောက်က ကားပေါ်က မဆင်းတော့ ရိုက်တယ်။ ကျွန်တော့်တူလေးက သွားတားတော့ နှစ်ချက် အရိုက်ခံလိုက်ရတယ်။ ဘယ်လိုမှ ကူးလို့မရတော့ မနက်မှကူးပြီး ပြန်မယ်လို့ တောင်းဆိုသေးတယ် မရဘူး။ နောက်ဆုံးတော့ ည ၁၁ နာရီခွဲလောက်မှာ ဝမ်တိန်ကနေ ရွှေလီမှတစ်ဆင့် ကျယ်ဂေါင်စျေးနားက ခိုးပေါက်ကနေ တစ်ဆင့်ပို့ပေးတယ်” ဟု တရားမဝင် ဂိတ်ပေါက်မှ ပို့ဆောင်ခံခဲ့ရသူ ကိုအောင်သိန်းက ပြောပါတယ်။

မြန်မာနိုင်ငံသားများ ဂုဏ်သိက္ခာရှိရှိ ပြည်တော်ပြန်နိုင်ရန် မြန်မာနိုင်ငံ မူဆယ်ခရိုင် တာဝန်ရှိသူများက  တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်တိုင်းအစိုးရနှင့် ဆွေးနွေးခဲ့ပြီး မူဆယ်မြို့ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက်စစ်ဆေးရေးဂိတ် နန်းတော်ဂိတ်မှ လူမျိုးဘာသာ ဆင်းရဲချမ်းသာမခွဲခြားဘဲ ဇူလိုင် ၂၆ ရက်မှ ယနေ့အထိတိုင် စနစ်တကျနွေးထွေးစွာ လက်ခံခဲ့ရာ အမျိုးသား ၇၄၉၇ ဦး၊ အမျိုးသမီး ၆၄၈၈ ဦး စုစုပေါင်း ၁၃၉၈၅ ဦးလက်ခံခဲ့ပြီး ဖြစ်ကြောင်း သိပါတယ်။

မြန်မာနိုင်ငံက မည်သည့် ဘာသာဝင်မဆို ဘယ်ပြည်နယ် ဘယ်တိုင်းကဖြစ်ဖြစ် မိမိတို့နိုင်ငံသားတွေကို လက်ခံပေးနေပါတယ်။ တစ်ဖက်နိုင်ငံက ဘယ်နေ့ပြန်တော်ပြန် ဘယ်နှဦးပို့မယ်လို့ အကြောင်းကြားတာနဲ့ မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေက နန်းတော်ဂိတ်မှာ လက်ခံပေးနေပါတယ်။ အခုဆို ၁၃၉၀၀ ကျော်သွားပြီ။ ဟိုဘက် တရုတ်နိုင်ငံထဲက ပြည်တော်ပြန်ချင်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲက အခက်အခဲမျိုးစုံ ကြုံတွေ့နေရသူတွေ အသင်းကိုအကြောင်းကြားလာတာ ရှိတယ်။ ဒါတွေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တင်ပြထားပြီးဖြစ်တယ်။

တာဝန်ရှိသူတွေကလည်း တရားဝင်နယ်စပ်ပေါက်ကနေ သူတို့နေရပ်ပြန်နိုင်အောင် တရုတ်ဘက်နဲ့ ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်လို့ တရုတ်မြန်မာ နယ်စပ် မူဆယ်မြို့မှ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ရက်မှ ဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပါတယ်။

တရုတ်နိုင်ငံ မန်စီမြို့ဘက်မှ ပြန်လာလိုသည့် မြန်မာနိုင်ငံသား များစွာရှိနေပြီး  ပြန်ခွင့်ရရန် စောင့်ဆိုင်းနေကြရကာ တရားဝင် ဂိတ်ပေါက်မှ မိမိတို့ပစ္စည်းအားလုံးကို တရားဝင် ပြန်လည်ယူဆောင်ကာ ပြန်လာလိုကြလျက်ရှိသည်ဟု ရွှေ့ပြောင်းမြန်မာအလုပ်သမားများထံမှ သိရပါတယ်။

တရုတ်နိုင်ငံက ယခင်နှစ်များနှင့် ယခုနှစ်များတွင် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများနဲ့ အကြောင်း အမျိုးမျိုးကြောင့်ပြစ်ဒဏ်ကျခံရာမှ ပြန်လွှတ်ပေးခဲ့သူများကို မြန်မာတာဝန်ရှိသူများအား အကြောင်းကြားမှု မရှိဘဲ တရားမဝင် မြစ်ဆိပ်များ၊ ခိုးပေါက်များမှ ပြန်လွှတ်မှုများရှိခဲ့ရာ မြန်မာတာဝန်ရှိသူများက တရားဝင်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ရကြောင်း သိရပါတယ်။

ထို့ပြင် တရုတ်နိုင်ငံက COVID-19 ရောဂါနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများ မဝင်ရောက်စေရန် အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံပြည်တွင်းရေးမငြိမ်းချမ်းသည့် အချိန်ကို အခွင့်ကောင်းယူကာ မြန်မာဘက် အကြောင်းကြားမှု မရှိဘဲ နယ်ကျော်ခြံစည်းရိုးခတ်များ ဆက်တိုက်လုပ်ဆောင်လျက်ရှိနေပြီး COVID-19 ရောဂါအကြောင်းပြချက်ဖြင့် မြန်မာ-တရုတ် နယ်စပ်ဂိတ်များကို ပိတ်ထားခြင်းကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း ရွှေ့ပြောင်းမြန်မာအခြေခံလုပ်သားများ အလုပ်လက်မဲ့ဖြစ်ကာ လူမှုစီးပွား အခက်အခဲမျိုးစုံဖြစ်ပေါ်မှုကြောင့် ဖြစ်တဲ့နည်းလမ်းမျိုးစုံနဲ့ နေရပ်ပြန်ရန် ကြိုးစားမှုများရှိနေရာ အချို့မှာ တရားမဝင်ဖြတ်ကျော်သွားလာမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံရမှုများ ရှိနေကြောင်း ရွှေ့ပြောင်းမြန်မာ အလုပ်သမားများထံမှ သိရပါတယ်။

Most Read

Most Recent