(၁)
တံခါးတို့သည် ဟာလာဟင်းလင်းလည်း ဖွင့်မထား။ အသေလည်း ပိတ်မထား။ စေ့ရုံသာ စေ့ထားသဖြင့် တွန်းဖွင့်ဖို့တော့ လိုပါလိမ့်မည်။ စာသားအတိအကျ မဟုတ်သော်လည်း ထိုသဘောမျိုးကို ဆရာသက်လုံရေး သားသော စာအုပ်တစ်အုပ်တွင် ဖတ်ရှုခဲ့ဖူးပါသည်။ တောက်တယ်ကျင်းနှင့် ပတ်သက်ပြီး ရေးသားထားသော စာအုပ်တစ်အုပ်ထဲမှာဟု ထင်ပါသည်။ ထိုစာအုပ်ကို ကျွန်တော်ဖတ်ရှုစဉ်ကာလက လူငယ်ဘဝဖြစ်သဖြင့် လူငယ်ပီပီ လိုရာတွဲ၍ စိတ်ကူးယဉ်မိပါသည်။ မိန်းကလေးများက ယောကျ်ားလေးများကို ဟင်းလင်း ဖွင့်ထားသော တံခါးတစ်ချပ်ကဲ့သို့ လက်ယပ်ခေါ်နေသည်လည်း မဟုတ်။ သို့သော် အသေပိတ်ထားထားသော တံခါးတစ်ချပ်ကဲ့သို့ သူတို့၏ အချစ်ကိုရရှိဖို့ ခက်ခဲသည်လည်းမဟုတ်။ မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှုပါပြီး သူတို့၏အချစ်ကို ရရှိအောင် ကြိုးစားခြင်းက စေ့ထားသော တံခါးတစ်ချပ်ကို တွန်းဖွင့်သလိုမျိုးဟု ခံစားကြည့်ဖူးပါသည်။
တံခါးဆိုသည်မှာ မမြင်ရသည့်အရာများကို မသက်ဆိုင်သူများ မမြင်ရလေအောင် ကာကွယ်ပေးသော ကြားခံပစ္စည်းတစ်ခုဟု နားလည်မိပါသည်။ တံခါးများသည် အိမ်တစ်အိမ်၏ လုံခြုံမှုကို ကာကွယ်ပေးသော အဓိကအရာမှ ပါဝင်ပါသည်။ ရှေးခေတ်ဆောက်လုပ်သည့် အိမ်ပုံစံများဖြစ်သော သုံးပင် နှစ်ခန်း၊ လေးပင် သုံးခန်းအိမ်များတွင် တံခါးနှစ်ဆင့် ပါဝင်လေ့ရှိပါသည်။ ခြေနင်းခုံကိုတက်ပြီးလျှင် အဝင်တံခါးတစ်ချပ်ကို ဖြတ် ကျော်ရသည်။ ထို့နောက် အိမ်မကြီးထဲသို့ ဝင်ရန် တံခါးရွက်များကို ဖြတ်သန်းရသည်။ တံခါးရွက်များတစ်ချပ်နှင့် တစ်ချပ်အကြားရှိ ကာခြားထားသော ပျဉ်ချပ်များကို ပုဏ္ဏားတိုင်ဟု ခေါ်ဝေါ်ကြပါသည်။ လမ်းမက ဖြတ် သွားဖြတ်လာကို ချောင်းကြည့်ချင်လျှင် ပုဏ္ဏားတိုင်အကွယ်ကနေ ချောင်းကြည့်ရသည်။ နှစ်ထပ်အိမ်ကြီးများ၌ အပေါ်ထပ်နှင့် အောက်ထပ်ကို ဆက်သွယ်သော လှေကားထိပ်တွင် အံဖုံးတံခါးဟူသော သီးသန့်တံခါး တစ်ချပ်ထားသေးသည်။ ဓားပြရန်ကို ကြောက်ရသောခေတ်ဖြစ်သဖြင့် တံခါးများလေလေ ပို၍လုံခြုံလေလေပင် ဖြစ်ပါသည်။
ကျွန်တော်ငယ်စဉ်က နေထိုင်ခဲ့သည်မှာလည်း ကျေးလက်တောရွာတစ်ရွာဖြစ်သည်။ ထိုစဉ်က လျှပ်စစ်မီးပင်မရသေး။ လသာမှန် အိမ်၏ အလင်းရောင်ကိုသာ အားပြုနေရသော အချိန်ကာလတစ်ခုပင် ဖြစ်သည်။ ထို့ပြင် ရွာနီးချုပ်စပ်တွင်လည်း ဓားပြမှုများကို ရံဖန်ရံခါ သိုးသိုးသန့်သန့်ကြားနေရသော အချိန်ပင် ဖြစ်၏။ ကျွန်တော်ပဥ္စမတန်းနှစ်သို့ အရောက်တွင် ကျောင်းခန်းထဲက အတန်းဖော်တစ်ယောက်ဖြစ်သော လဲ့လဲ့ဝင်းတို့၏ လယ်တဲ ဓားပြတိုက်ခံရဖူးသည်။ “နင်တို့တဲကို ဘာတွေနဲ့ ဓားပြလာတိုက်တာလဲ”ဟု ကျွန်တော်က မေးတော့ “လှံတွေနဲ့ လာတိုက်တာ”ဟု သူက ပြောပါသည်။ “တံခါးပိတ် မထားဘူးလား” ဟု ထပ်မေးတော့ သူတို့က “တံခါးဖွင့်ခိုင်းပြီး ဓားပြတိုက်တာ”ဟု ပြန်ပြောပါသည်။ တံခါးပိတ်ထားသော်လည်း ခေတ်ကာလ မအေးချမ်းလျှင် ပိတ်ထားသော တံခါးများသည်လည်း လုံခြုံမှုမရှိဖြစ်ရပါသည်။
ထိုသို့သော အကြောင်းတရားများကြောင့် ကျွန်တော်တို့အိမ်သည် မိုးချုပ်သည်နှင့် တံခါးများကို အကုန်ပိတ်လိုက်သည်။ ယောက်ျားသားနားမရှိဘဲ အမျိုးသမီးများသာ နေထိုင်သောကြောင့်လည်း ပို၍အစိုးရိမ်လွန်တတ်သည်။ အိမ်ကြီး၏ ပြတင်းပေါက်များရော၊ တံခါးမကြီးများပါမကျန် အကုန်ပိတ် လိုက်တော့သည်။
ထို့ကြောင့် ညဦးပိုင်းကတည်းက ပိတ်ထားသော တံခါးများအထဲတွင် နေထိုင်ခဲ့ရသော နှစ်ကာလများကိုလည်း ကြုံကြိုက်ခဲ့ရပါသည်။ ခေတ်ကလည်း တံခါးပိတ်ခေတ်ဖြစ်သလို ကျွန်တော်တို့အိမ်ကလည်း တံခါး ပိတ်ချိန်စောသော အိမ်ဖြစ်ပါလားဟု ယခုမှပြန်လည်တွေးတောမိပါသည်။ ထို့နောက် ကျွန်တော်တို့ တက္ကသိုလ်စတက်သောအချိန်၌ တံခါးဖွင့်စီးပွားရေးစနစ်ဟူသော အသံကို ကျယ်ကျယ်လောင်လောင် ကြားခဲ့ရပြန်သည်။ သမဝါယမတွင် ဆီစာအုပ်ကို တန်းစီရသောခေတ်မှ ပုံစံသစ်တစ်ခုသို့ ကူးပြောင်း လာသည်ကိုတော့ သတိပြုမိပါသည်။
(၂)
တံခါးများနှင့်ပတ်သက်၍ ကျွန်တော်တို့၏ စိတ်ဝင်စားမှု မည်သို့ရှိသလဲဆိုသည်ကို စဉ်းစားကြည့်မိပါသည်။ တံခါးတစ်ချပ် ဖွင့်ထားလျှင် မြင်နေရသည့်အတွက် စိတ်ဝင်စားမှုက နည်းပါးလှသည်ဟု ထင်မိပါသည်။ အသေပိတ်ထားသော ဖွင့်ရခက်ခဲသည့် တံခါးမျိုးဆိုလျှင်လည်း အထဲတွင်ရှိသော အရာကို အစပိုင်း၌သာ စိတ်ဝင်စားပြီး နောက်ပိုင်းတွင် စိတ်ဝင်စားမှုလျော့ကျလာသည်ဟု ခံစားမိပါသည်။ ဆရာသက်လုံ ရေး သားသလိုပဲ စေ့ရုံသာစေ့ထားသော တံခါးများက ကျွန်တော်တို့၏ စိတ်အာရုံကို ပို၍ ဆွဲဆောင်နိုင်လိမ့်မည်ဟု ထင်ပါသည်။
လူ့ဘဝကို တံခါးချပ်များနှင့် နှိုင်းယှဉ်ကြည့်လျှင် ကလေးဘဝမှသည် ဆယ်ကျော်သက်တံခါးဝသို့ သူ့အလိုလိုရောက်ရှိလာပါသည်။ အချိန်တန်တော့လည်း ထိုဆယ်ကျော်သက်တံခါးသည် တွန်းဖွင့်စရာတောင် မလိုဘဲ သူ့အလိုလို ပွင့်သွားသောတံခါးပင် ဖြစ်ပါသည်။ ဆယ်ကျော်သက်တံခါး ပွင့်သွားသောအခါ ကျွန်တော်တို့သည် ကလေးဘဝက မသိခဲ့သောအရာများကို ပို၍သိလာခဲ့သည်။ အထူးသဖြင့် ချစ်ခြင်းမေတ္တာနှင့် ပတ်သက်သောကိစ္စများ၊ လိင်ပိုင်းဆိုင်ရာ ကိစ္စများကို သိလာခဲ့သည်မှာ ဆယ်ကျော် သက်တံခါးပွင့်မှသာ ဖြစ်နိုင်ပါသည်။ အသက်အရွယ်သည် တံခါးချပ်များပင်ဖြစ်ရာ အချိန်တန်တော့ လူလတ်ပိုင်းတံခါးရွက်ကို ဖြတ်သန်းခဲ့ရပါသည်။
သည်တစ်ခါကျတော့ ဆယ်ကျော်သက် တံခါးဖြတ်သန်းတုန်းက ရင်ခုန်သံမျိုးကို ပြန်လည်မရရှိနိုင်တော့ပါ။ ငယ်စဉ်ဘဝတုန်းက နံပါတ် (၁) နေရာမှာ အရေးပါခဲ့သော ချစ်ခြင်းမေတ္တာသည် လူလတ်ပိုင်းတံခါးကို ဖြတ် ကျော်ပြီးသောအခါ၌ နံပါတ် (၁) နေရာတွင် မရှိတော့သည်မှာ သေချာပါသည်။ သူ့ထက် ပို၍အရေးပါသော ကိစ္စရပ်များကို ဦးစားပေးကြရပါသည်။ သို့သော်လည်း ထိုသဘောတရားကို ဆယ်ကျော်သက်တံခါး ဖြတ်သန်း ဖူးသူများကို ပြောပြပါက လက်ခံဖို့ဝန်လေး နေတတ်ပါသည်။
ဆိုလိုသည်မှာ တံခါးရွက်တစ်ချပ်ကို မဖြတ်သန်းရသူများသည် ဖြတ်သန်းသူများ ပြောပြသော အကြောင်းအရာကို ရာနှုန်း ပြည့် မယုံကြည်ကြပါ။ ခံစားမိသော အသိတရားနှင့်အတူ ယုံကြည်မှုရရှိသွားသည်ကတော့ ကိုယ်တိုင်ဖြတ်သန်းဖူးမှသာ ဖြစ်ပါ သည်။ ဤနည်းဖြင့် လူ့ဘဝ တစ်လျှောက်လုံးတွင်လည်း တံခါးချပ်များ တစ်ချပ်ပြီးတစ်ချပ် ဖြတ်သန်းသွားကြရပြီး နောက်ဆုံး၌ ခန္ဓာ ချုပ်ငြိမ်းသည်အထိပင် ဖြစ်ပါသည်။
(၃)
ကျွန်တော်တို့ ဖြတ်သန်းခဲ့သာ လူ့ဘဝခရီးတစ်လျှောက်တွင်လည်း တခြားတံခါးချပ်များ ရှိနေပါသေးသည်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက လူကြီးသူမများ ပြောဆိုလေ့ရှိသော စကားတစ်ခွန်းရှိပါသည်။ “၁၀ တန်းသာ အောင်အောင်လုပ်။ ၁၀ တန်းအောင်သွားရင် ဘဝအတွက် အာမခံချက်ရသွားပြီ” ဟု တချို့က ပြောတတ်ကြပါသည်။ ကျွန်တော် ၁၀ တန်းအောင်သောအခါ ဘဝ၏တံခါများအနက် တံခါးတစ်ချပ်ပွင့်သွားပြီဟု ယေဘုယျ ပြောနိုင်ပါသည်။ သို့သော်လည်း ထိုတံခါးနှင့်ပင် ရပ်တန့်မနေဖြစ်။ ဘွဲ့တစ်ဘွဲ့ရရှိရန်ကြိုးစားရသည် မှာလည်း နောက်ထပ်တံခါးတစ်ချပ်ကို ပွင့်အောင် ကြိုးစားရသည်ပင် မဟုတ်ပါလား။ သို့သော် ထိုတံခါးပွင့်သွားသောအခါ၌လည်း ဘာမှမထူးခြားသလို ခံစားရပြန်သည်။ တံခါးတစ်ချပ်သည် မပွင့်ခင်ကသာ ပွင့်သွားအောင် တွန်းဖွင့်ရသော်လည်း ပွင့်သွားသောအခါလည်း လူ့ဘဝ၏ မရောင့်ရဲခြင်းများကြောင့် တခြားတံခါးချပ်များကို ဆက်လက်ဖွင့်ချင်စိတ် ဖြစ်ပေါ်နေပါသည်။
အိမ်ထောင်ပြုသည်မှာလည်း တံခါးတစ်ချပ်ကို ဖွင့်ခြင်းနှင့်ပင် တူပါသည်။ မယူခင်ကာလတုန်းကတော့ အိမ်တစ်အိမ်ကို အပြင်ပန်း အကဲခတ်သည်နှင့်တူပြီး အိမ်ထောင်သည်ဘဝသို့ ရောက်တော့မှ တံခါးရွက်ကို တွန်းဖွင့်လိုက်သည်နှင့် တူပါသည်။ ထိုတံခါးပွင့်သွားသောအခါ တစ်ယောက်၏ စိတ်နေသဘောထား၊ စရိုက်များကို တစ်ယောက်က ပို၍သိရှိလာပြီး နှစ်ဖက်မိဘဆွေ မျိုးအသိုင်းအဝိုင်းများ၏ အကြောင်းကိုလည်း ဂဃနဏပို၍ သိရှိလာကြပါသည်။ ကျွန်တော်တို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများအရ အိမ်ထောင်ရေးတံခါးရွက်ကို ဖွင့်ပြီးပြီဆိုလျှင် ခြေလှမ်းများကို နောက်ဆုတ်ဖို့ ခက်ခဲပြီး ရှေ့သို့သာ ဆက်လက်လှမ်းကြရပါသည်။ တံခါးကိုမဖွင့်ဘဲ အထဲရှိအရာကို အသေးစိတ်မြင်ရဖို့၊ သိရှိနိုင်ဖို့ မလွယ်ကူနိုင်ပါ။
အိမ်ထောင်ရေးတံခါးနှင့် ပတ်သက်၍ သူငယ်ချင်းတစ်ယောက်ကိုလည်း သတိရမိပါသည်။ သူက အိမ်ထောင်မပြုခင်ဆိုလျှင် ချစ်တာပဓာနကို အဓိကထားပြီး တူနှစ်ကိုယ် တိုင်းပြည်ကို တည်ဆောက်ချင်သူ ဖြစ်သည်။ သူနှင့်အတူ လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း ကျွန်တော်က အိမ်ထောင်ရေးမှာ ကာယကံ ရှင်နှစ်ယောက်နှင့်မပြီးသေးဘဲ မိဘဆွေမျိုး အသိုင်းအဝိုင်းများ တစ်နည်းမဟုတ် တစ်နည်း ပါဝင်ပတ်သက်နေသည်ဟု ပြောမိသည်။ သို့သော် သူကလက်မခံ။ အိမ်ထောင်ရေးတွင် နှစ်ယောက်တည်းသဘောနှင့် ပြီးသည်ဟု ခုခံချေပပါသည်။ သူသည် လူပျိုကြီးဘဝနှင့် နှစ်အတန်ကြာနေပြီးမှ အိမ်ထောင်ပြုပါသည်။ ပြုမဲ့ပြုတော့လည်း “ဒွေး ချိုးလေးတိုး” ဆိုသည့်အတိုင်း သူ့ထက် အသက်ထက်ဝက်ခန့်ငယ်သော မိန်းကလေးနှင့် အိမ်ထောင်ပြုသည်။ ထိုအခါကျမှ သူသည် နှစ်ဖက် ဆွေမျိုးအသိုင်းအဝိုင်းများကို လစဉ်ထောက်ပံ့နေရသည်။ ထိုအကြောင်းကို ကျွန်တော်သိသဖြင့် “အိမ်ထောင်ရေးမှာ နှစ်ယောက်တည်းနဲ့ မပြီးဘူးဆိုတာ မင်းယုံသွားပြီလား” ဟု ကျွန်တော်က ပြောတော့ “အေး ဟုတ်တယ်။ ငါယုံသွားပြီ” ဟု ကျေကျေနပ်နပ် ဝန်ခံပါသည်။
ကျွန်တော့်သူငယ်ချင်းသည် အိမ်ထောင်ရေးတံခါးရွက်ကို မဖွင့်ခင် အပြင်ပန်း မြင်ရုံမျှနှင့် တံခါးရွက်ဖွင့်ပြီး အထဲသို့ရောက်သွားတော့မှ ထင်ထားသလို မဟုတ်ကြောင်းကို ဘဝင်ကျကျလက်ခံသွားပါသည်။ တံခါးများ၏ နောက်ကွယ်တွင်ရှိနေသော တချို့ အရာများကို ကြိုတင်မှန်းဆ၍ ရနိုင်သော်လည်း မှန်းဆ၍ မရနိုင်သေးသော ခြွင်းချက် ကိစ္စများသည်လည်း ရှိနေနိုင်ပါသည်။
တံခါးတိုင်းလိုလို အသေပိတ်ထားသည် မဟုတ်ဘဲ စေ့ထားသော တံခါးများရှိသည်ဟု ဆိုကြပါသည်။ ကျွန်တော့်အနေနှင့် အချိန်တန်လျှင် သူ့အလိုလို ပွင့်သွားသောတံခါးများကလွဲ၍ တံခါးမှန်သမျှကို လိုက်ဖွင့်စရာ မလိုဟု ထင်မြင်မိပါသည်။ လိုအပ်သည်ဟု ထင်သဖြင့် အားတက်သရော တွန်းဖွင့်မိလိုက်သော တံခါးများသည်လည်း ပွင့်သွားသောအခါ၌ ထင်မှတ်ထားသလို ဖြစ်မလာခြင်းမျိုးကိုလည်း ကြုံတွေ့တတ်ပါသေး သည်။ တခြားသူများအနေနှင့်တော့ မပြောတတ်။ ကျွန်တော့်အနေနှင့်ကတော့ မဖွင့်မိခဲ့လျှင် အကောင်းသားဟု နောင်တရချင်ချင် ဖြစ်မိသော ဖွင့်မိခဲ့သော တံခါးအချို့ကိုလည်း ကြုံခဲ့ရဖူးပါသည်။










