အောက်တိုဘာ ၃၀ ရက်တွင် စတင်ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ ၂၀ (ဂျီ ၂၀) ထိပ်သီးအစည်းအဝေးတွင် ဥတုရာသီပြောင်းလဲမှုနှင့် ကမ္ဘာ့စီးပွားရေး ပြန်ဦးမော့လာရေးတို့က အဓိကဦးစားပေး ဆွေးနွေးစရာများ ဖြစ်ခဲ့သည်ဟု သိရသည်။ ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်များက လူကိုယ်တိုင် တက်ရောက်ခဲ့ကြသည်။ ရောမမြို့တွင် ၎င်းအစည်းအဝေးကို နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေး ရည်မှန်းချက်များကို ရှေ့ဆက်ဖော်ဆောင်နိုင်ရန်အလို့ငှာ ရည်မှန်းချက်များနှင့် လက်တွေ့လုပ်ဆောင်မှုများကို ပိုမိုထုတ်ဖော်ပြသပြီး သံသယများကို ကျော်လွှားရန် အောက်တိုဘာ ၂၉ ရက်တွင် ဂျီ ၂၀ ခေါင်းဆောင်များကို သတိပေးခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ အခြေအနေတွေကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် လုပ်ဆောင်ဖို့ အချိန်မီပါသေးတယ်။ လာမယ့် ဂျီ ၂၀ အစည်းအဝေးက အဲဒီလိုလုပ်ဆောင်ဖို့အတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာမယ်လို့ ထင်ပါတယ်” ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။
ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အီတလီနိုင်ငံ၏ မြို့တော်ရောမမြို့တွင် လုံခြုံရေးအစီအမံများကို တင်းကျပ်ထားခဲ့သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည်လည်း အစည်းအဝေး တက်ရောက်ရန် ရောမမြို့သို့ ရောက်ရှိလာခဲ့ပြီး ၎င်းအနေဖြင့် ယခင်သမ္မတ ထရန့်လက်ထက်က ဝရုန်းသုန်းကား အခြေအနေများကို ပြန်ကုစားပြီး ကမ္ဘာ့ဇာတ်ခုံတွင် အမေရိကန်၏ ဦးဆောင်မှုကို ပြန်လည်ရယူရန် ဆန္ဒပြင်းပြလျက်ရှိသည်။
သို့ရာတွင် ကျယ်ပြန့်သော စီးပွားရေးစီမံချက် တစ်စိတ်တစ်ပိုင်းအဖြစ် သမ္မတဘိုင်ဒင်၏ အထင်ကရ ရာသီဥတုဆိုင်ရာ မူဝါဒနှင့် ပတ်သက်ပြီး ၎င်း၏ပါတီတွင်း၌ သဘောထား ကွဲလွဲနေမှုကြောင့် ကွန်ဂရက်တွင် အတည်ပြုရန် ကြန့်ကြာလျက်ရှိသည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ကမူ ဂျီ ၂၀ ထိပ်သီး အစည်းအဝေးသို့ လူကိုယ်တိုင် တက်ရောက်မည်မဟုတ်ဘဲ ဗီဒီယိုလင့်ခ်မှ အစည်းအဝေး တက်ရောက်မည်ဖြစ်သည်။
အဆိုပါ အစည်းအဝေးအား အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အီတလီနိုင်ငံ၏ ဝန်ကြီးချုပ် မာရီယို ဒရာဂီကလည်း အပူချိန်မြင့်တက်မှုကို ၁.၅ ဒီဂရီအထိ ထိန်းချုပ်ကန့်သတ်ရန် လိုအပ်မှုနှင့် ပတ်သက်ပြီး ဂျီ ၂၀ ၏ ကတိကဝတ်ကို လက်တွေ့ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။ ယင်းပမာဏသည် ၂၀၁၅ ခုနှစ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘောတူညီချက်တွင် ပါဝင်သည့် ရည်မှန်းချက်အကြီးဆုံး အစီအစဉ်လည်းဖြစ်သည်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း ကမ္ဘာကြီးအနေဖြင့် ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်ရန် ပျက်ကွက်ခဲ့မည်ဆိုလျှင် ဖြစ်လာနိုင်သည့် အကျိုးဆက်နှင့် ပတ်သက်၍ အလေးအနက် သတိပေးခဲ့သည်။
ဂျီ ၂၀ ထိပ်သီးအစည်းအဝေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် ၅,၀၀၀ ကျော်ကို ဖြန့်ကျက်ချထားခဲ့သည်ဟု အီတလီပြည်ထဲရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။















