ဆန္ဒပြမှုများအပေါ် အင်အားသုံးခြင်းကို ရှောင်ကြဉ်ရန် ဆူဒန်စစ်တပ်ကို အမေရိကန် တိုက်တွန်း

ဆန္ဒပြမှုများအပေါ် အင်အားသုံးခြင်းကို ရှောင်ကြဉ်ရန် ဆူဒန်စစ်တပ်ကို အမေရိကန် တိုက်တွန်း
အောက်တိုဘာ ၂၉ ရက်က ဆူဒန်နိုင်ငံ ခါတွန်မြို့တော်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြသူများကို တွေ့ရစဉ်
အောက်တိုဘာ ၂၉ ရက်က ဆူဒန်နိုင်ငံ ခါတွန်မြို့တော်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြသူများကို တွေ့ရစဉ်
Published 30 October 2021
Ref: AFP

အောက်တိုဘာ ၃၀ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် လူထုဆန္ဒပြပွဲများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုကို ရှောင်ကြဉ်ရန် ဆူဒန်စစ်တပ်ကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်းခဲ့ပြီး ယင်းသည်အရပ်သားအစိုးရ ဖြုတ်ချခံရပြီးနောက်တွင် အဓိကစမ်းသပ်မှု  ဖြစ်လာလိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

ဆူဒန်တွင် စစ်တပ်က အာဏာရယူခဲ့ပြီးနောက်ပိုင်း သေဆုံးသူ ၂၀ မှ ၃၀ ဦးအထိ ရှိခဲ့ကြောင်း အဆင့်မြင့်အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၉ ရက်တွင် ခန့်မှန်းခဲ့သည်။ ယင်းပမာဏသည် လူရှစ်ဦးသေဆုံးခဲ့သည်ဟု ဆူဒန်ကျန်းမာရေးဌာန တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်ထက် ပိုများပြားနေသည်။

အောက်တိုဘာ ၃၀ ရက်နေ့သည် အမှန်တကယ် စမ်းသပ်မှု ဖြစ်လာမည်ဟု ၎င်းတာဝန်ရှိသူက ပြောကြားခဲ့ပြီး အရပ်သားများ ဦးဆောင်သော ကြားဖြတ်အစိုးရကို စစ်တပ်က ဖယ်ရှားခဲ့မှုအပေါ် ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို  တုံ့ပြန်မည့် အခြေအနေအပေါ် အမေရိကန် အစိုးရအနေဖြင့် အလွန်စိုးရိမ်နေကြောင်းလည်း ၎င်းကပြောသည်။

“ဆူဒန်ပြည်သူတွေဟာ စစ်တပ်ကအစိုးရကို ဖြုတ်ချမှုအပေါ် ဆန့်ကျင်တဲ့အနေနဲ့ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ပြုလုပ်ဖို့  ပြင်ဆင်နေပါတယ်။ ဆန္ဒပြသူတွေအပေါ် ဘယ်လိုအကြမ်းဖက် လုပ်ရပ်မျိုးကိုမဆို ရှောင်ကြဉ်ဖို့နဲ့ ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်ကို အပြည့်အဝ လေးစားမှုရှိဖို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို တိုက်တွန်းလိုက်ပါတယ်” ဟု အမည်မဖော်လိုသည့် ၎င်းတာဝန်ရှိသူက သတင်းထောက်များကို ပြောကြားသည်။

ယင်းသည် ဆူဒန်စစ်တပ်၏ သဘောထားကို အမှန်တကယ် ထင်ဟပ်စေမည် ဖြစ်ကြောင်းနှင့် ကံအကြောင်းမလှပါက ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လာနိုင်သည်ဟုလည်း သူကပြောသည်။

ဗိုလ်ချုပ်ကြီး အက်ဘ်ဒယ်ဖာတာ အယ် - ဘာဟန် ဦးဆောင်သည့် စစ်တပ်က ဆန္ဒပြမှုများကို လုံးလုံးလျားလျား ပိတ်ပင်ဟန့်တားမှုနှင့် လမ်းနှင့်တံတားများကို ပိတ်ဆို့မှုများ လုပ်ဆောင်လာနိုင်သည်ဟုလည်း ၎င်းကသတိပေးခဲ့သည်။

သံတမန်ရေး မျက်နှာစာတွင် အမေရိကန် ပြည်ထောင်စုသည် ဖြုတ်ချခံ ဆူဒန်အစိုးရဝန်ကြီးချုပ် အက်ဘ်ဒါလာ ဟမ်းဒေါ့ကို ပြန်လွှတ်ပေးရန် ဆူဒန်စစ်ဗိုလ်ချုပ်ကြီး ဘာဟန်ကို တွန်းအားပေးနိုင်ခဲ့သည့် ယူအေအီးနိုင်ငံနှင့် အနီးကပ် ဆက်သွယ်ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်။ ဆူဒန်တွင် စစ်တပ်ကအာဏာလွှဲယူခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးနယ်ပယ်မှ လူပုဂ္ဂိုလ် ၃၀ ဦးခန့် ဖမ်းဆီးထိန်းသိမ်း ခံထားရသည်ဟု သိရသည်။

ဒီမိုကရေစီစနစ်အတွက် ရပ်တည်ကာကွယ်သူဖြစ်သော သမ္မတဂျိုးဘိုင်ဒင် လက်ထက်တွင် အမေရိကန် ပြည်ထောင်စုသည် ဆူဒန်ကို ပေးအပ်နေသော ဒေါ်လာသန်း ၇၀၀ ခန့်ရှိသည့် စီးပွားရေး အထောက်အပံ့များကို ရပ်ဆိုင်းခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် လူငယ်ထုဦးဆောင်သော လူထုဆန္ဒပြမှုများကြောင့် အာဏာရှင်သမ္မတ အိုမာအယ်-ဘာရှား ဖြုတ်ချခံရပြီးနောက်တွင် ဆူဒန်၏ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ထောက်ခံအားပေးသည့်အနေဖြင့် အမေရိကန်က အဆိုပါ အကူအညီများကို  ပေးအပ်ခဲ့သည်။ ဥရောပနိုင်ငံများကလည်း ဆူဒန်စစ်တပ်ကို ဖိအားပေးမှုများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် ယူအေအီး၊ ဆော်ဒီနှင့် အိမ်နီးချင်း အီဂျစ်နိုင်ငံတို့က ဆူဒန်၏ တည်ငြိမ်မှုရှိရေးကိုသာ အလေးထား ပြောဆိုခဲ့သည်။                     

Most Read

Most Recent