လူမှုဗေဒနှင့် နိုင်ငံရေးသိပ္ပံ

လူမှုဗေဒနှင့် နိုင်ငံရေးသိပ္ပံ
Published 27 October 2021

လူမှုဗေဒဟူသည် လူမှုရေးအပြုအမူများ သို့မဟုတ် လူ့အဖွဲ့အစည်းကို လေ့လာသည့် ပညာရပ်ဖြစ်ပြီး ၎င်းတို့၏ မူလအစ၊ ဖြစ်ပေါ်တိုးတက်လာပုံ၊ အဖွဲ့အစည်းများ၊ ကွန်ရက်များနှင့် အသင်းအပင်းများ အကြောင်းလည်း ပါဝင်သည်။ လူမှုဗေဒမှာ လူမှုရေးသိပ္ပံပညာရပ် တစ်ခုဖြစ်ပြီး ကိုယ်တွေ့မျက်မြင်ကို အခြေခံသော ဆန်းစစ်နည်းနှင့် ဝေဖန်ဆန်းစစ်နည်း စသည့် နည်းအမျိုးမျိုးတို့ကိုအသုံးပြုကာ လူ့အဖွဲ့အစည်း၏ အစီအစဉ်တကျဖြစ်မှု၊ ကစဥ့်ကလျား ဖြစ်မှုနှင့် ပြောင်းလဲမှု စသည်တို့နှင့် ဆက်စပ်နေသော အသိပညာတို့ကို ဖွံဖြိုးတိုးတက်စေရန်အတွက် လုပ်ဆောင်သည်။ လူမှုဗေဒပညာရှင် အများစုသည် လူမှုရေးဆိုင်ရာ ပေါ်လစီများနှင့် လူမှုဖူလုံရေး ကိစ္စရပ်များပေါ်သို့ တိုက်ရိုက်သက်ရောက်သော သုတေသနများကို ပြုလုပ်ရန် အားသန်ကြပြီး အခြားလူမှုဗေဒ ပညာရှင်များမှာ လူမှုရေးဆိုင်ရာ လုပ်ငန်းစဉ်များကို သီအိုရီအားဖြင့် နားလည်မှုကို ပိုမိုကောင်းမွန်စေရန်အတွက် အဓိကအားစိုက် လုပ်ဆောင်ကြသည်။ လူမှုဗေဒဆိုင်ရာ ကိစ္စရပ်များမှာ အသေးစားအဆင့် တစ်ဦးချင်းစီ၏ လွတ်လပ်စွာ ရပ်တည်လုပ်ဆောင် ရွေးချယ်မှုများမှစ၍ အကြီးစားအဆင့်စနစ်နှင့် လူမှုအဆောက်အအုံ အချင်းချင်း အပြန်အလှန်ယှက်နွှယ်နေခြင်းတို့အထိ ပါဝင် သည်။

နိုင်ငံရေးသိပ္ပံဟူသည် လူတစ်ဦးနှင့် ပတ်သက်သော နိုင်ငံရေးလုပ်ဆောင်ချက်များ ဖြစ်သည်။ နိုင်ငံရေးသိပ္ပံက နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအောက်၌ စုစည်းထားသော လူမှုရေးဆိုင်ရာအုပ်စုများကို လေ့လာသည်။ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ လူသားနှစ်ရပ်စလုံး၏ အကြောင်းကို လေ့လာသည်။ နိုင်ငံရေးသိပ္ပံ၏ နယ်ပယ်၌ နိုင်ငံတော်နှင့် အစိုးရနှစ်ရပ်စလုံး အကျုံးဝင်သည်။ နိုင်ငံရေးသိပ္ပံတွင် နိုင်ငံ၏ဇာစ်မြစ်၊ ဆင့်ကဲဖြစ်စဉ် နှင့် လုပ်ငန်းဆောင်တာများ၊ အစိုးရပုံစံများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အမျိုးအစားများ၊ အုပ်ချုပ်ပုံများ၊ ဥပဒေများ၊ ဥပဒေပြုမှုများ၊ နိုင်ငံတကာဆက်ဆံရေးများ၊ နိုင်ငံရေးဆိုင်ရာ ကိုယ်စားပြုမှု နည်းလမ်းများ၊ ရွေးကောက်ပွဲများ၊ မဲပေးပုံများ၊ နိုင်ငံရေးလှုပ်ရှားမှုများ၊ နိုင်ငံရေးအိုင်ဒီယိုလိုဂျီများ အစရှိသဖြင့် ကိုယ်ပိုင်ခေါင်းစဉ် အကြောင်းအရာများ ရှိသည်။ နိုင်ငံရေးသိပ္ပံသည် နိုင်ငံတစ်ခု ဖြစ်တည်လာပုံကို သမိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ်၊ မည်ကဲ့သို့သော နိုင်ငံဖြစ်သည်ကို သုံးသပ်လေ့လာချက် တစ်ရပ်နှင့် နိုင်ငံတစ်နိုင်ငံ မည်ကဲ့သို့ ဖြစ်သင့်သည်ကို နိုင်ငံရေးကျင့်ဝတ်ဆိုင်ရာအရ ဆွေးနွေးမှုတစ်ရပ် ဖြစ်သည်။ သမိုင်းအရ လူမှုဗေဒသည် နိုင်ငံရေးနှင့် သမိုင်းနှင့် ပတ်သက်သော ဒဿနိကဗေဒ၌ ပင်မအားဖြင့် အခြေတည်ထားခြင်း ဖြစ်သည်။ အမှန်တကယ်၌ ပလေတို၏ Republic နှင့် အရစ္စတိုတယ် ၏ Politics ကဲ့သို့သော ကျမ်းများကို နိုင်ငံရေးသိပ္ပံဟု ခေါ်ဆိုသော်လည်း လူမှုရေး အကြောင်းအရာများကို အခြေပြုထားခြင်း ဖြစ်သည်။

နိုင်ငံရေးသိပ္ပံနှင့် လူမှုဗေဒတို့သည် အနီးကပ်ဆက်နွှယ်လျက်ရှိသည်။ “နိုင်ငံရေးဟူသည် လူမှုရေးအပေါ်၌ အခြေပြုထားခြင်း ဖြစ်သည်။ နိုင်ငံရေးသိပ္ပံကို လူမှုဗေဒမှ ခွဲခြားမှုသည် အထူးကျွမ်းကျင်သူများ၏ လေ့လာရေးနယ်ပယ်သာ ဖြစ်သည်။ အမှန်တကယ်၌ နိုင်ငံရေးသိပ္ပံနှင့် လူမှုဗေဒတို့အကြား ကွဲပြားစွာ သတ်မှတ်နိုင်သည့် နယ်နိမိတ်များ မရှိ” ဟု အဆိုရှိသည်။ ယင်းဘာသာရပ် နှစ်ခုတို့သည် အပြန်အလှန် အထောက်အကူပြုလျက် ရှိသည်။ အမှန်တကယ်၌ နိုင်ငံရေးဆိုင်ရာ လုပ်ဆောင်ချက်များသည် လူမှုရေးဆိုင်ရာ လုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးသိပ္ပံဟူသည် လူမှုဗေဒ၏ ဘာသာခွဲတစ်ခု ဖြစ်သင့်သည်။ နိုင်ငံရေးသိပ္ပံကို နိုင်ငံရေးဆိုင်ရာ လူမှုဗေဒဟု ခေါ်ဆိုသင့်သည်။

နိုင်ငံရေးလုပ်ဆောင်ချက်များသည် လူသားတို့၏ လူမှုဘဝအပေါ် သြဇာသက်ရောက်မှု ရှိသကဲ့သို့ လူသားတို့၏ လူမှုဘဝကလည်း နိုင်ငံရေးလုပ်ဆောင်ချက်များအပေါ် သြဇာသက်ရောက်မှုရှိသည်။ အမှန်တကယ်၌ နိုင်ငံရေးလုပ်ဆောင်ချက်များဟူသည် လူမှုရေးဆိုင်ရာ အကြောင်းအရာများ၏ အပြင်ဘက်၌ မည်သည့်အဓိပ္ပာယ်မျှရှိမည် မဟုတ်ပါ။ နိုင်ငံရေးဟူသည် လူ့အဖွဲ့အစည်းကို ထင်ဟပ်ပြထားမှုသာ ဖြစ်လိမ့်မည်။ ယင်းအချက်ကို ရှင်းလင်းစေသည်မှာ အများပြောဆိုလေ့ရှိကြသော “လူတို့သည် ၎င်းတို့နှင့် ထိုက်တန်သော အစိုးရကိုသာရကြသည်” ဟူသည့်စကားဖြစ်သည်။ နိုင်ငံရေးသိပ္ပံသည် နိုင်ငံတော်နှင့် အစိုးရတို့၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်တာများအကြောင်း အချက်အလက်များကို လူမှုဗေဒ အားပေးသည်။ နိုင်ငံရေးဆိုင်ရာ အာဏာပိုင်များ၏ ဇာစ်မြစ်ကို သိရှိသည့် လူမှုဗေဒမှနေ၍ နိုင်ငံရေးသိပ္ပံ ဆင်းသက်လာသည်။ နိုင်ငံရေးသိပ္ပံသည် နိုင်ငံတော်နှင့် သက်ဆိုင်သည်။ သို့သော် လူမှုဗေဒသည် လူသားဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်အဖြစ် နိုင်ငံတော်ဟူသည်ကို လေ့လာသည်။ သမိုင်း၏ အစောပိုင်းကာလများ၌ နိုင်ငံတော်ဟူသည့် ပုံစံသည် နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းတစ်ခုထက် လူမှုရေးဆိုင်ရာ အင်စတီကျူးရှင်းတစ်ခုနှင့်သာ ပို၍တူသည်။ ထို့ပြင် နိုင်ငံတော်၏ ဥပဒေများသည် လူ့အဖွဲ့အစည်းအပေါ် ကြီးမားသော သြဇာသက်ရောက်မှုရှိသည်။ ယင်းဥပဒေများသည် အစဉ်အလာများ၊ ဓလေ့ထုံးတမ်းများ၊ သဘောတူညီမှုများနှင့် ခေတ်များအပေါ် အကြီးအကျယ် အခြေခံထားသည်။ ယင်းတို့ အားလုံးသည် လူမှုဗေဒများဖြစ်သည်။

ထို့ကြောင့် နိုင်ငံရေးဟူသည် လူမှုရေးနှင့် သီးခြားကင်းကွာနေသော အကြောင်းအရာ မဟုတ်သကဲ့သို့ နိုင်ငံရေးသိပ္ပံသည်လည်း လူမှုဗေဒဟူသည့် ဘာသာရပ်အတွင်းမှ ဘာသာခွဲတစ်ရပ်သာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၂၇ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်