ငါးမျှားသူများ

ငါးမျှားသူများ
Photo: fanartamerica
Photo: fanartamerica
Published 26 October 2021
ထက်လူအောင်

ငါးမျှားခြင်း၏ အဓိကရည်ရွယ်ချက်မှာ ငါးရဖို့ မဟုတ်ပါ။

ဝတ္ထုတိုတစ်ပုဒ်ရဲ့ အဖွင့်စာကြောင်း တစ်ကြောင်းဖြစ်ပါတယ်။ ဒီဝတ္ထုတိုက ဂျူးရဲ့နာမည်ကြီး ဝတ္ထုတိုတစ်ပုဒ်ပေါ့။

မိုးရွာနေတဲ့မနက်ခင်းကို ဝတ္ထုတိုတစ်ပုဒ်နဲ့ပဲ ကျွန်တော်နှုတ်ဆက်လိုက်တယ်။ဖတ်ပြီးသားဝတ္ထုတိုဖြစ်ပေမဲ့ ပြန်ဖတ်နေမိတယ်။ ဇာတ်လမ်းကိုသိနေပေမဲ့ ထပ်ဖတ်မိလိုက်တယ်။ အထက်တန်းစာရေးကြီးတစ်ယောက်ရဲ့ ငါးမျှားနေရတဲ့အကြောင်း ။ ရေကန်နဲ့ အိမ် မိုင်ဝက်လောက်ဝေးပေမဲ့ ရုံးဆင်းပြီး အိမ်ပြန်ရောက်တာနဲ့ ရေကန်ကိုသွားပြီး ငါးမျှားတဲ့စာရေးကြီး။ ဖြောင့်မတ်သူတစ်ယောက်၊ မိသားစုနဲ့ အစေးမကပ်သူ၊ သူရဲ့ဇနီးနဲ့ရော သားသမီးတွေနဲ့ရော စိတ်သဘောထားခြင်း မတူညီတစ်ယောက်။ လူတစ်ယောက် နေ့တိုင်းငါးမျှားနေရတဲ့အကြောင်းကို (ဆရာမ) ဂျူးက လှပစွာရေးဖွဲ့ထားတဲ့ဝတ္ထုတိုပေါ့။ ဝတ္ထုတိုအတတ်ပညာနဲ့ ဘယ်လိုဘယ်ညာရေးထားတယ်လို့  ကျွန်တော်မပြောတတ်ဘူး။ ငါးရဖို့မဟုတ်ဘဲနဲ့ ငါးမျှားနေတဲ့လူတစ်ယောက်ကိုတော့ စာနာမိတယ် ။ တစ်ချိန်ချိန်မှာ ကျွန်တော်လည်း အိမ်နဲ့ဝေးတဲ့ရေကန်တစ်ကန်မှာ ငါးမျှားနေတဲ့လူတစ်ယောက် ဖြစ်လာနိုင်တာပဲ မဟုတ်လား။ ဝတ္ထုတိုကိုဖတ်ပြီး ဒီလောက်လေးပဲ တွေးမိလိုက်တယ်။ ရှည်ရှည်ဝေးဝေး တွေးမိဖို့ ၊ ခံစားမိဖို့ ကျွန်တော့် စိတ်တွေ ကြည်လင်မနေပါဘူး။ ရာသီဥတုနဲ့ အတူ အုံ့မှိုင်းအေးစက်နေဆဲပေါ့ ။

“စာချည်းဖတ်မနေနဲ့ဦး။ မိုးတိတ်ရင် ဆန်သွားဝယ်ပေးအုန်း၊ ဆန်မရှိတော့ဘူး” ဇနီးသည်ရဲ့အသံက မိုးသံကို ကျော်လွန်ပြီး ထွက်ပေါ်လာတယ်။ “အေး” လို့ ပြန်ပြောလိုက်တဲ့ ကျွန်တော့်စကားသံရဲ့နောက်မှာ           “အိမ်မှာ ပိုက်ဆံလည်းနည်းနေပြီ” ဆိုတဲ့ အသံက ကပ်လိုက်လာတယ်။ “ဘယ်တတ်နိုင်မလဲ။ ကပ်ဆိုးကာလကြီးဆိုတော့” ဆိုတဲ့ နှစ်သိမ့်စကားသံကိုလည်း ထပ်ကြားရပြန်တယ်။ ဇနီးသည်ပြောတာလည်း မှန်တယ်။ အိမ်မှာ ဆန်လည်းနည်းနေတယ်။ ဆီလည်း နည်းနေတယ်။ ငွေလည်း နည်းနေတယ်။ ဒါပေမဲ့ ဘာမှမတတ်နိုင်ဘူးလေ။ ရှိတာကို ချွေတာစားနေရမှာပဲ မဟုတ်လား။

မိုးက သည်းသည်းမည်းမည်းရွာနေဆဲ။ ဆန်ထွက်ဝယ်ဖို့ အဆင်မပြေသေးဘူး။ ဒါနဲ့ စာအုပ်တစ်အုပ်ယူလိုက်ပြီး ထပ်ဖတ်လိုက်တယ်။ မောင်ကျော်သာ (ပဲခူး) ရဲ့ လက်ရွေးစင် ဝတ္ထုတိုများစာအုပ်။ ဆရာ့ရဲ့ ဝတ္ထုတိုတွေက မော်ဒန်ဝတ္ထုဆိုတွေလို့ စာပေဝေဖန်ရေး ဆောင်းပါးတွေမှာ ဖတ်ရတယ်။ အဲဒါတွေကို ကျွန်တော် သိပ်စိတ်မဝင်စားဘူး။ ကျွန်တော် ဖတ်ကြည့်တယ်။ ဆရာ့ဝတ္ထုတိုတွေကို ကြိုက်သွားတယ်။ ဆရာ့ဝတ္ထုတိုစာအုပ်တွေ့ရင် ဝယ်ဖတ်တယ်ပေါ့။ ဒါပဲ မဟုတ်လား။

“ငါးမျှားဖူးတဲ့လူတစ်ယောက်သာ ငါးတစ်ကောင်မိတဲ့အရသာကို သိနိုင်တယ်ကွ”

ပထမဆုံးဖတ်မိတဲ့ဝတ္ထုတိုရဲ့ အဖွင့်စာကြောင်းပဲဖြစ်ပါတယ်။ ဒီနေ့တော့ ဘာဖတ်ဖတ် ငါးမျှားတာနဲ့တိုးနေပါလား ။ အဲဒီဝတ္ထုတိုကိုတော့ပြီးအောင် မဖတ်လိုက်ရဘူး။ မိုးမတိတ်လည်း ဆန်သွားဝယ်ပေးဖို့ ဇနီးသည်က ပြောလာလို့ဖြစ်ပါတယ်။

ဆန်အပြင် ငါးလည်းဝယ်ပေးဖို့ ထပ်ပြောလာတယ်။ “ဒါဆို စျေးထဲသွားဝယ်မှ ဖြစ်မှာပေါ့” လို့ ပြန်ပြောလိုက်တယ်။

ကျွန်တော့်စကားအဆုံးမှာ ကျွန်တော့်ရဲ့ရှေ့ကို စျေးစာရင်းစာရွက်နဲ့ ပိုက်ဆံရောက်လာတယ်။ မိုးကာအကျႌဝတ်၊ နှာခေါင်းစည်းတပ်ပြီး ဆိုင်ကယ်ကိုထုတ်ပေါ့။ မိုးကလည်း သဲသဲမဲမဲရွာနေဆဲပါပဲ။ ဒီမိုးအတိတ်ကို စောင့်နေရင် ထမင်းငတ်မှာ သေချာတယ်။  မိုးဘယ်လောက်ရွာရွာ လမ်းပေါ်မှာ လူရှိနေပါတယ်။ ကျွန်တော့်လိုစျေးဝယ်သွားတဲ့ လူတွေနဲ့ ပစ္စည်းဟောင်းကောက်တဲ့ တွန်းလှည်းလေးတွေပေါ့။ ပစ္စည်းဟောင်းကောက်တဲ့ တွန်းလှည်းလေးနှစ်စီး။ မိုးရေအောက်မှာ တရွေ့ရွေ့နဲ့။ ဆင်းရဲခြင်းမှာ ဖျားနာနေတဲ့လူတွေ က တွန်းလှည်းလေးတွေကို တွန်းလို့ပေါ့ ။

အရင်ကဆို ပစ္စည်းဟောင်းကောက်တာတဲ့အလုပ်ကို ကလေးတွေပဲ လုပ်တာများတယ်။ ကျွန်တော်နေတာက မြို့လေးရဲ့ကွက်သစ်ဆိုတော့ ဆင်းရဲတဲ့သူများတယ်။ အိမ်ငှားနေတဲ့သူတွေ၊ ကျူ းကျော်တဲတွေမှာနေသူတွေ များတယ်။ ရပ်ကွက်ထဲက ကလေးတချို့အိတ်တွေနဲ့ ပစ္စည်းဟောင်းလိုက်ကောက်တာ တွေ့တွေ့နေရတတ်တယ်။ ဒါက အရင်တုန်းက မြင်ကွင်း။ ဒီနှစ်ပိုင်းတွေမှာ လူကြီးတွေ ပစ္စည်းကောက်လာကြတယ်။ အိတ်တွေနဲ့ မဟုတ်တော့ဘူး။ တွန်းလှည်းလေးတွေနဲ့ပေါ့။ ကောက်လို့ရတဲ့ ပုလင်းခွံတွေ၊ ကော်ပစ္စည်းတွေကို တွန်းလှည်းပေါ်တင်ပြီးသွားနေကြတာကို တွေ့နေရတယ်။ ဒီကပ်ဆိုးကာလကြီးမှာ အလုပ်တွေနား ၊ အလုပ်တွေပိတ်ဆိုတော့ ရရာအလုပ်လုပ်ကြရတာပေါ့။ အရင်းအနှီး မရှိတဲ့သူတွေအဖို့ ပစ္စည်းဟောင်းကောက်တဲ့အလုပ်က ဒီကာလမှာ အဆင်ပြေဆုံးအလုပ်ပေါ့။ ပစ္စည်းဟောင်းဝယ်တဲ့ဒိုင်က တွန်းလှည်းငှားတယ်။ တွန်းလှည်းယူ၊ ပစ္စည်းကောက် တွန်းလှည်းငှားတဲ့ဒိုင်မှာ ပြန်သွင်းပေါ့။ ခေတ်ကြီးက ပြုလုပ်ထားတဲ့ အခြေအနေတွေပေါ့ ။

မိုးရေတွေ ၊ မြင်ကွင်းတွေကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ စျေးကိုရောက်သွားတယ်။ စျေးထဲဝင်တော့ စတိုးဆိုင်တွေကို စတွေ့တယ်။ စတိုးဆိုင်တွေမှာ ငါးမျှားတံတွေကို တင်ရောင်းတာတွေ့ရတယ်။ နိုင်ငံခြားကလာတဲ့ ငါးမျှားတံတွေပေါ့။ တစ်ချောင်းကို တစ်သောင်း၊ နှစ်သောင်းလောက် စျေးရှိမယ် ထင်တယ်။ မြို့လေးမှာ ၀ါသနာအရ ငါးမျှားသူတွေများလာလို့ တင်ရောင်းကြတယ်ထင်တာပဲ။ ငါးမျှားတံတွေကိုဖြတ်ကျော်ပြီးတဲ့ နောက်မှာတော့ သားငါးတန်းရောက်သွားပါတယ်။ မိန်းမရဲ့စျေးစာရင်းစာရွက်ထဲမှာ ငါးဝယ်ဖို့လည်းပါတယ်။ ငါးဝယ်ပြီးမှ ဆန်သွားဝယ်မယ်ပေါ့။ ငါးမြစ်ချင်း ၅၀ သားပေးပါ။  ၄၀၀ စျေးနော်တဲ့။ အမေး၊ အဖြေအဆုံးမှာ ကျွန်တော့်မျက်လုံးတွေ စျေးစာရင်းစာရွက် ပေါ်ရောက်သွားတယ် ။ မိန်းမရေးပေးတာက ၃၅၀ စျေး ။ ငါးမြစ်ချင်း တစ်ပိဿာ ၃၅၀၀ ပေါ့။ အခုတော့ တစ်ပိဿာ ၄၀၀၀ စျေး ဖြစ်နေပြီ။ ဘယ်တတ်နိုင်မလဲ။ ဝယ်ရမှာပဲလေ။ကြက်သားစျေးမေးကြည့်တော့ တစ်ပိဿာ ၇၀၀၀ တဲ့။ တက်ပြီးရင်တက်နေတဲ့စျေးတွေ။ ငါးတွေ၊ ကြက်တွေ မွေးရမလိုဖြစ်နေပြီ။ ငါးဝယ်ပြီး တဲ့အခါ ဆန်ဝယ်ဖို့ ဆန်ဆိုင်တွေဆီ ဆက်သွားပေါ့။ ဆန်ခြောက်ပြည်ဝယ်ခဲ့ပါတဲ့။ စျေးစာရင်းမှာ ရေးထားတယ်။

ဆန်စျေး တစ်ပြည်ကို ၂၀၀ တက်ပါတယ်တဲ့။ဆန်ဆိုင်ပိုင်ရှင်က အသိမိတ်ဆွေဆိုတော့ ဆိုင်ရှေ့ရောက်တာနဲ့တန်းပြောတော့တာ။ “တက်လည်း ဝယ်ရမှာပဲလေ” လို့ပြန်ပြောရတာပေါ့။ ဒီစကားမပြောဘဲ ထမင်းမစားတော့ဘူးဗျာလို့ ပြောလို့မှမရတာ။ ဆန်ဝယ်ပြီးတဲ့နောက် စျေးစာရင်းမှာပါတဲ့ဟာလေးတွေ ဆက်ဝယ်ပေါ့ ။ အားလုံးဝယ်ပြီးတဲ့အခါ လက်ထဲမှာ ပိုက်ဆံမကျန်တော့ဘူး။ စိတ်ဓာတ်လည်း အတော်ကျသွားတယ်။

စျေးကနေအိမ်ပြန်တော့ မိုးတိတ်သွားပြီ။ အိမ်အပြန်လမ်းမှာ ဘာအကြောင်းမှ မတွေးမိတော့ဘူး ။ ကုန်စျေးနှုန်းတွေ ဒီလိုဆက်တက်နေရင် ဘယ်လိုရှေ့ဆက်ရမလဲဆိုတဲ့အတွေးက တစ်ခေါင်းလုံးအပြည့် နေရာယူသွားပြီ မဟုတ်လား။ အိမ်ပေါက်ဝရောက်တာနဲ့ မိန်းမကဆီးပြောတယ် ။ “စျေးဝယ်ရတာ ဘယ်လိုလဲ၊ စျေးတွေ တော်တော်မှ တက်ရဲ့လား။ ရှင်ပေးတဲ့ပိုက်ဆံလောက်ငလား၊ မလောက်ငလား ကြည့်လေ” တဲ့။ “အေးပါကွာ” လို့ ပြန်ပြောပြီး စျေးထုပ်ကိုပေးလိုက်တယ်။ အိမ်ထဲဝင် ရေတစ်ခွက်သောက်ပြီး အိမ်ရှေ့လမ်းပေါ်ကို တက်လိုက်တယ်။ ဒီတိုင်းဆို ဝင်ငွေနဲ့ထွက်ငွေမျှအောင် လုပ်ဖို့မလွယ်ဘူး။ ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားရင်း လမ်းနည်းနည်းလျှောက်လိုက်မိတယ်။အစ်ကို လမ်းလျှောက်နေတာလားတဲ့။ ရပ်ကွက်ထဲက အသိတွေ။ ငါးမျှားတံကိုယ်စီနဲ့ပေါ့။ကျွန်တော့်ကိုလှမ်းမေးတယ်။ သူတို့အမေးကို ပြန်မဖြေနိုင်သေးဘူး။ သူတို့ကို ပြန်မေးမိလိုက်တယ်။ ငါးမျှားတံတွေနဲ့ဆိုတော့ ထူးဆန်းနေတယ်။ မင်းတို့ငါးမျှားမလို့လားဆိုတော့ ဟုတ်တယ် အစ်ကိုရေတဲ့။ ကျွန်တော်တို့နဲ့ လိုက်ခဲ့လေတဲ့။ ခေါ်တာနဲ့ သူတို့နဲ့လိုက်သွားလိုက်တယ်။သူတို့ငါးမျှားတံတွေက ၀ါးကိုင်းတွေနဲ့လုပ်ထားတာ။ စျေးထဲက စတိုးဆိုင်တွေမှာ ရောင်းတဲ့ ငါးမျှားတံတွေလိုတော့ မဟုတ်ဘူး။

ငါးမျှားတဲ့နေရာကိုသွားရင်း သူတို့နဲ့စကားတွေ ပြောပေါ့။ အရင်က မင်းတို့ငါးမမျှားပါဘူး။

“အခုမှ ငါးတွေဘာတွေ မျှားလို့ပါလား”  “မမျှားလို့မရဘူး အစ်ကိုရေ။ အလုပ်အကိုင်တွေက မကောင်း။ဝင်ငွေမရှိ၊ ကုန်စျေးနှုန်းက တက်ဆိုတော့ ဟင်းစားလေး ဘာလေးရမလားလို့ မျှားကြတာ။ တစ်နပ်စာရလည်း မနည်းဘူးလေ” သူတို့ရဲ့ အဖြေစကားမှာ ငါးမျှားတံတစ်ချောင်းလုပ်ဖို့ ကျွန်တော် အသိဝင်သွားတယ်။ ဟင်းတစ်နပ်စာချက်ဖို့ ငါးရရင်လည်းမဆိုးဘူး မဟုတ်လား ။ ငါးမျှားတာ ချက်စားဖို့ပါ။ (ဆရာမ)ဂျူ းရဲ့ဝတ္ထုတိုအဖွင့်စာကြောင်းလိုတော့ မဟုတ်ဘူးပေါ့။