အာဖဂန်ရွေးကောက်ပွဲနေ့၌ ဗုံးခွဲတိုက်ခိုက်မှု အများအပြားဖြစ်ပွားခဲ့ရာ လူဒါဇင်နှင့်ချီ ဒဏ်ရာရ

အာဖဂန်ရွေးကောက်ပွဲနေ့၌ ဗုံးခွဲတိုက်ခိုက်မှု အများအပြားဖြစ်ပွားခဲ့ရာ လူဒါဇင်နှင့်ချီ ဒဏ်ရာရ
အောက်တိုဘာ ၁၈ ရက်တွင် ကန်ဒါဟာပြည်နယ်၌ စစ်ဆေးရေးဂိတ်တစ်ခုတွင် ရဲများက စောင့်ကြပ်နေစဉ် (Photo: AFP)
အောက်တိုဘာ ၁၈ ရက်တွင် ကန်ဒါဟာပြည်နယ်၌ စစ်ဆေးရေးဂိတ်တစ်ခုတွင် ရဲများက စောင့်ကြပ်နေစဉ် (Photo: AFP)
Published 21 October 2018
Ref: AFP

အောက်တိုဘာ ၂၀ ရက် ရွေးကောက်ပွဲနေ့က မြို့တော်ကဘူးအနှံ့ရှိ မဲရုံများတွင် ဖောက်ခွဲမှုများစွာဖြစ်ပွားခဲ့ရာ သေဆုံးဒဏ်ရာရသူများစွာရှိခဲ့သည်။ နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းမှု၊ ဝန်ထမ်းအင်အားနည်းပါးမှုတို့ကြောင့် မဖွင့်ဖြစ်ခဲ့သည့် မဲရုံအများအပြားလည်းရှိခဲ့သဖြင့် ကာလရှည်ကြာ နှောင့်နှေးနေခဲ့သည့် အာဖဂန်လွှတ်တော် ရွေးကောက်ပွဲများမှာ ဖရိုဖရဲ ဖြစ်ခဲ့ရသည်။

လက်ရှိအချိန်အထိ သေဆုံးသူသုံးဦးထက်မနည်းရှိပြီး ဒဏ်ရာရသူ ၃၀ ကျော်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ တာလီဘန်တို့ကမူ မိမိအသက်ကို ကာကွယ်ရေးအတွက် ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် မဲဆန္ဒရှင်များကို ရွေးကောက်ပွဲနေ့တွင် ထပ်မံသတိပေးထားသည်။

ထိုသို့ စစ်သွေးကြွတို့က သတိပေးထားသော်လည်း အာဖဂန်နိုင်ငံတစ်ဝန်းရှိ မဲရုံများတွင် မဲဆန္ဒရှင်များသည် မဲပေးရန် နာရီပေါင်းများစွာ စောင့်စားနေခဲ့ကြသည်။ မဲရုံ အများအပြားမှာမူ တရားဝင် မဲရုံစဖွင့်ချိန်ကို ခြောက် နာရီခန့် ကျော်လွန်သွားသော်လည်း ဖွင့်လှစ်ခဲ့ခြင်း မရှိခဲ့ကြပေ။ ဖရိုဖရဲ ပြင်ဆင်မှုများ၊ မပြည့်စုံသော မဲဆန္ဒရှင်စာရင်း၊ ယခုရွေးကောက်ပွဲ၌ ပထမဆုံးအကြိမ် စတင် အသုံးပြုသည့် ပြဿနာပေါ်နေသော မဲပေးသူ စိ စစ်ရေးစက်များကြောင့် ဖွင့်လှစ်သည့် မဲရုံများတွင်လည်း အချိန်ကြာမြင့်စွာ ကြန့်ကြာမှုများ ရှိခဲ့သည်။

မဲရုံဝန်ထမ်းအဖြစ် တာဝန်ပေးခံထားရသည့် ကျောင်းဆရာ၊ ဆရာမများသည် အချိန်မီရောက်လာခြင်းမရှိသောကြောင့် မဲရုံအများစုကို နောက်ကျမှ ဖွင့်ခဲ့ကြရသည်။ ထို့ကြောင့် အမှီအခိုကင်းသော ရွေးကောက်ပွဲကော်မရှင်က မဲပေးချိန်ကို လေးနာရီ ထပ်တိုးပေးခဲ့သည်။ မွန်းလွဲ တစ်နာရီအထိ မဖွင့်သေးသော မဲရုံများကိုမူ အောက်တိုဘာ ၂၁ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဟု သိရသည်။

“ကျွန်တော်က မြန်မြန်ပြီးရင် မြန်မြန် အိမ်ပြန်လို့ရအောင် လာခဲ့တာ။ ဒါပေမဲ့ တစ်နာရီကျော်တဲ့အထိ စတောင်မစရသေးဘူး။ လူတန်းကြီးက ရှည်လာပြီ။ ဗုံးခွဲသမားတစ်ယောက် လာဗုံးခွဲလို့ ဗုံးဆန်မှန်မှာလည်း ကြောက်ရသေးတယ်” ဟု အသက် ၄၂ နှစ်အရွယ် မူစတာဖာအမည်ရှိသူက ကဘူးရှိ ဗလီတစ်ခုအပြင်ဘက်တွင် ပြောကြားခဲ့သည်။

သုံးနှစ်ကျော် နှောင့်နှေးခဲ့သော ယခု ပါလီမန်ရွေးကောက်ပွဲတွင် မဲပေးရန်စာရင်းပေးထားသူ ကိုးသန်းနီးပါးရှိသည်။ သို့သော် ရွေးကောက်ပွဲနေ့၌ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် လာရောက်မဲပေးသူဦးရေကို ထိခိုက်ဖွယ်ရှိနေသည်။ ရွေးကောက်ပွဲ မတိုင်မီလများအတွင်းကလည်း တိုက်ခိုက် မှုများကြောင့် သေဆုံးဒဏ်ရာရသူ ရာနှင့်ချီ ရှိခဲ့သည်။ အောက်တိုဘာ ၁၇ ရက်က သြဇာကြီး ပြည်နယ်ရဲချုပ်ကို သေစေခဲ့သည့် တိုက်ခိုက်မှုကြီးဖြစ်ပွားခဲ့ရာ နိုင်ငံတောင်ပိုင်းကန် ဒါဟာပြည်နယ်တွင်မူ မဲပေးမှုများကို သီတင်းတစ်ပတ်နောက်ဆုတ်ခဲ့ရသည်။

အောက်တိုဘာ ၂၀ ရက်က မဲပေးမှု များလုပ်ဆောင်နေစဉ် နိုင်ငံမြောက်ပိုင်းရှိ ကန်ဒုဇ်မြို့တွင် ရော့ကတ်သုံးစင်း၊ အနောက်ပိုင်းပြည်နယ် ဟီရတ်တွင် ရော့ကတ်တစ်စင်းကျရောက်ခဲ့မှုနှင့်အတူ နေရာအနှံ့အ ပြားတွင် ဗုံးခွဲမှုများဖြစ်ပွားခဲ့သည်။

ယခုရွေးကောက်ပွဲများသည် လာမည့်နှစ်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲအတွက် အရေးပါသည့် စမ်းသပ်မှုတစ်ခုအဖြစ် ရှုမြင်ခံရသည်။ သို့သော် မဲရုံများတွင် အသုံးပြုသည့် မဲဆန္ဒရှင် စစ်ဆေးရေးစက်များ တွင်သာ ပြဿနာပေါ်ခဲ့ပါက မဲရလဒ်များမှာ ကသောင်းကနင်း ဖြစ်သွားမည်ကို စိုးရိမ်မှုများလည်းရှိနေသည်။ အဆိုပါ အငြင်းပွားဖွယ်စက်များနှင့် ပေးခဲ့ခြင်း မဟုတ်သော မဲများကိုမူ ထည့်တွက်မည်မဟုတ်ဟု ရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့သည်။

Most Read

Most Recent