ကမ္ဘာ့နိုင်ငံများတွင် COVID-19 ဖြစ်ပွားမှု အောက်တိုဘာ ၁၇ ရက်က တစ်ရက်အတွင်း လူနာသစ် သုံးသိန်းကျော်နှင့် သေဆုံးသူ ၄၂၀၀ ကျော်ရှိ

ကမ္ဘာ့နိုင်ငံများတွင် COVID-19 ဖြစ်ပွားမှု အောက်တိုဘာ ၁၇ ရက်က တစ်ရက်အတွင်း လူနာသစ် သုံးသိန်းကျော်နှင့် သေဆုံးသူ ၄၂၀၀ ကျော်ရှိ
အမေရိကန်နိုင်ငံ ယူတားကျန်းမာရေးဆိုင်ရာ တက္ကသိုလ်တွင် ဆရာဝန်များက COVID-19 လူနာတစ်ဦးအား ကြည့်ရှုစောင့်ရှောက်နေစဉ်
အမေရိကန်နိုင်ငံ ယူတားကျန်းမာရေးဆိုင်ရာ တက္ကသိုလ်တွင် ဆရာဝန်များက COVID-19 လူနာတစ်ဦးအား ကြည့်ရှုစောင့်ရှောက်နေစဉ်
Published 18 October 2021

ကမ္ဘာ့နိုင်ငံများတွင် COVID-19 ဖြစ်ပွားမှု မြင့်တက်နေဆဲဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်က တစ်ရက်အတွင်းလူနာသစ် သုံးသိန်းကျော်နှင့် သေဆုံးသူ ၄၂၀၀ ကျော်ရှိကြောင်း Worldometer က ထုတ်ပြန်ထားသော စာရင်းအရ သိရသည်။

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုအနေဖြင့် အောက်တိုဘာ ၁၇ ရက်က တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ လူနာအသစ် ၃၀၂၀၂၂ ဦးနှင့် သေဆုံးသူ ၄၂၃၆ ဦးရှိကြောင်း Worldometer က ထုတ်ပြန်ထားသော စာရင်းအရ သိရသည်။

အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းအထိ ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၂၄၁၄၅၆၂၄၆ ဦးရှိပြီး သေဆုံးသူ ၄၉၁၃၉၄၉ ဦးရှိပြီး ပြန်လည်သက်သာ ကောင်းမွန်လာသူပေါင်း ၂၁၈၆၈၂၇၁၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှ မြို့များနှင့်နှိုင်းယှဉ်လျှင် COVID-19 lockdown အောက်တွင် အချိန်အကြာဆုံးရှိခဲ့သည့် မဲလ်ဘုန်းမြို့တွင် နေအိမ်၌သာနေထိုင်ရေး (Stay at Home) အမိန့်ကို ယခုသီတင်းပတ်အတွင်း ပြန်လည်ရုပ်သိမ်းသွားမည်ဟု အရာရှိများက အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၆ ရက်မှစပြီး ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်အချို့ကို ရုပ်သိမ်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက လူဦးရေငါးသန်းခန့်နေထိုင်သည့် မဲလ်ဘုန်းမြို့သည် lockdown ခြောက်ကြိမ်ချခဲ့ပြီး ယင်းကာလသည် ရက်ပေါင်း ၂၆၂ ရက် သို့မဟုတ် ကိုးလနီးပါးခန့် ရှိခဲ့သည်။

သြစတြေးလျနှင့် အခြားမီဒီယာများက မဲလ်ဘုန်း lockdown သည် အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့တော်၌ ၂၃၄ ရက်ကြာချခဲ့သည့် lockdown ထက် ကျော်လွန်ပြီး ကမ္ဘာ့အချိန်အကြာဆုံး lockdown ဖြစ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

မဲလ်ဘုန်းမြို့ပါဝင်သည့် ၀ိတိုရိယပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေချိန်တွင် ပြည်နယ်အတွင်း ကာကွယ်ဆေး ထိုးနှံမှုနှုန်းကို နှစ်ဆမြှင့်တင်ခဲ့ပြီး ယခုသီတင်းပတ်တွင် ကာကွယ်ဆေးထိုးနှံမှုနှုန်း ၇၀ ရာခိုင်နှုန်း ရောက်ရှိမည်ဟု မျှော်လင့်ထားကာ တားမြစ်ကန့်သတ်ချက်များကို ဖြေလျှော့ပေးနေသည်။

“ဒီနေ့ဟာ ထူးခြားကောင်းမွန်တဲ့နေ့ပါ။  ဒီနေ့ဟာ ၀ိတိုရိယပြည်နယ်မှာ နေထိုင်သူတွေအတွက် သူတို့ ဘာကိုရရှိခဲ့လဲဆိုတဲ့အပေါ် ဂုဏ်ယူနိုင်တဲ့နေ့ပါ” ဟု ၀ိတိုရိယပြည်နယ်ဝန်ကြီးချုပ် ဒန်နီယယ်အန်ဒရူးက ပြောကြားခဲ့သည်။

စီးပွားရေးလုပ်ငန်းအချို့နှင့် ဧည့်ခံပြုစုရေးနေရာများကို ပြန်ဖွင့်ပေးခဲ့ပြီး ယင်းသို့ပြန်ဖွင့်ပေးမှုတွင် မူလဝင်ဆံ့သည့်လူဦးရေထက် လျှော့ချကန့်သတ်သွားမည် ဖြစ်သည်။

နိုဝင်ဘာ ၅ ရက်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည့် ဒေသခံစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးအပြည့်အဝထိုးနှံ ပြီးစီးမည့်အချိန်တွင် လက်လီအရောင်းဆိုင် အများအပြား အပါအဝင် ဖြေလျှော့မှုအများစုကို ပြုလုပ်သွားမည်ဖြစ်သည်။

အောက်တိုဘာ ၁၇ ရက်က ၀ိတိုရိယပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၁၈၃၈ ဦးရှိခဲ့ပြီး သေဆုံးသူခုနစ်ဦး ရှိခဲ့သည်။

ရက်ပေါင်း ၁၀၀ ရှိခဲ့သည့် lockdown ကို ပြီးခဲ့သည့် သီတင်းပတ်က ရုပ်သိမ်းခဲ့သည့် အိမ်နီးချင်း နယူးဆောက်သ်ဝေးလ်စ် ပြည်နယ်တွင် ရောဂါကူးစက်ခံရသူ ၃၀၁ ဦးနှင့် သေဆုံးသူ ၁၀ ဦးရှိခဲ့သည်။ ယင်းပြည်နယ်အတွင်း နေထိုင်သူ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးစီးခဲ့ပြီးဖြစ်သည်။

တစ်ချိန်က COVID-19 ကပ်ရောဂါကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ခဲ့သည့် သြစတြေးလျသည် ယခုအခါတွင် ကာကွယ်ဆေးထိုးနှံမှုများကို တိုးမြှင့်နေပြီး ဗိုင်းရပ်စ်နှင့် အတူယှဉ်တွဲနေထိုင်ရန် ပြင်ဆင်နေသည်။

မဟာဗျူဟာအသစ်အရ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးစီးခဲ့မည်ဆိုလျှင် lockdown ချမှတ်ရန် လိုအပ်မည်မဟုတ်တော့ပေ။ အောက်တိုဘာ ၁၇ ရက်အထိ သြစတြေးလျတွင် ကာကွယ်ဆေးထိုးနှံနိုင်သည့် လူဦးရေ၏ ၆၈ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးစီးခဲ့ပြီးဖြစ်သည်။

Most Read

Most Recent