အာဖဂန်နစ္စတန်၏ တာလီဘန်အစိုးရအဖွဲ့သစ်က ပိတ်ဆို့မှုများမှတစ်ဆင့် ၎င်းတို့ အပေါ် ဖိအားများပေးရန် ဆက်လက်ကြိုးပမ်းနေမှုများသည် လုံခြုံရေးကို လျော့ပါးစေမည်ဖြစ်ပြီး စီးပွားရေး ဒုက္ခသည်လှိုင်းတစ်ခုကို ဖြစ်စေလိမ့်မည်ဟု အမေရိကန်နှင့် ဥရောပ သံတမန်များကို သတိပေးခဲ့သည်။
တာလီဘန်အဖွဲ့၏ ယာယီနိုင်ငံခြားရေးဝန်ကြီး အမ်မီယာ ခန်း မွတ်တာကီသည် ကာတာနိုင်ငံ ဒိုဟာ မြို့တော်တွင် အနောက်နိုင်ငံများမှသံတမန်များနှင့် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အာဖဂန်အစိုးရကို အားနည်း စေရန် လုပ်ဆောင်မှုများသည် မည်သူ့ကိုမျှ အကျိုးရှိစေမည်မဟုတ်ဘဲ လုံခြုံရေးကဏ္ဍတွင် ကမ္ဘာကို တိုက်ရိုက်ထိခိုက်စေမည်ဖြစ် ကာ စီးပွားရေးယိုယွင်းမှုကြောင့် အာဖဂန်မှ ထွက်ခွာသူများရှိလာနိုင်သည့် ဆိုးကျိုးများ ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၁၂ ရက်နှောင်းပိုင်းတွင် ထုတ် ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ဆယ်စုနှစ်နှစ်စုကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီး နောက် သြဂုတ်လအတွင်း တာလီဘန်အဖွဲ့သည် အမေရိကန်၏ ကျောထောက်နောက်ခံ ရရှိခဲ့သည့် အာဖဂန်အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့ပြီး အစ္စလာမ္မာစ် စော်ဘွားနိုင်ငံအဖြစ်ကြေ ညာခဲ့ကာ တင်းကျပ်သည့် ဘာသာရေးဥပဒေများ ပြဋ္ဌာန်းခဲ့သည်။
သို့သော် အာဖဂန် တည်ငြိမ်အေးချမ်းရန် အားထုတ်ကြိုးပမ်းမှုများမှာမူ ပြိုင်ဘက် အစွန်းရောက်အဖွဲ့ဖြစ်သည့် အိုင်အက်စ် ခိုရာဆန်အဖွဲ့၏ တိုက်ခိုက်မှုများဖြင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး နိုင်ငံတကာ၏ ပိတ်ဆို့မှုများနှင့်အတူ ဘဏ်များတွင်လည်း ငွေကြေးပြတ်လပ်မှုများဖြစ်ပွားကာ အစိုးရဝန်ထမ်းများကို လစာငွေ မပေးနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။
“ကမ္ဘာ့နိုင်ငံတွေကို ကျွန်တော်တို့ တိုက် တွန်းချင်တာက လက်ရှိချမှတ်ထားတဲ့ ပိတ် ဆို့မှုတွေကို အဆုံးသတ်ဖို့၊ ဘဏ်တွေကို ပုံ မှန်အတိုင်း လည်ပတ်ခွင့်ပေးဖို့ဖြစ်ပါတယ်။ အဲဒါမှသာ ပရဟိတအဖွဲ့တွေ၊ အသင်းအဖွဲ့ တွေနဲ့ အစိုးရဟာ သူတို့ရဲ့ ဝန်ထမ်းတွေကို လစာငွေ ပေးနိုင်မှာဖြစ်ပြီး နိုင်ငံတကာရဲ့ ငွေကြေး အထောက်အပံ့တွေလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု မွတ်တာကီက ပြောကြားခဲ့ သည်။အာဖဂန်၏ စီးပွားရေးပြိုလဲမည်ဆိုပါက များပြားသည့် ရွှေ့ပြောင်းနေထိုင်သူများသည် အခြားနိုင်ငံများသို့ ဝင်ရောက်မည်ဖြစ်ပြီး ပါကစ္စတန်၊ အီရန်နှင့် ဥရောပနယ်စပ်များကဲ့သို့ အိမ်နီးချင်း နိုင်ငံများအပေါ် ဖိအားများ ကျရောက်စေမည်ဖြစ်ပြီး ယင်းအချက်ကို ဥရောပနိုင်ငံများက အထူးစိုးရိမ်လျက်ရှိသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ၎င်းတို့သည် အာဖဂန်နစ္စတန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ် များအတွက် အထောက်အပံ့ပေးရန် အဆင် သင့်ရှိနေသော်လည်း တာလီဘန်တို့အနေဖြင့် လူ့အခွင့်အရေး အထူးသဖြင့် အမျိုးသမီးများ အခွင့်အရေးကို လေးစားမည်ဟု အာမခံချက် မရှိလျှင် တာလီဘန်တို့အား တိုက်ရိုက် ထောက်ပံ့မှုအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက် အတွင်းက ဒိုဟာမြို့တော်တွင်ပြုလုပ်ခဲ့သည့် အမေရိကန်နှင့် တာလီဘန်ကိုယ်စားလှယ် အဖွဲ့တို့အကြား ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် အမေရိကန်က အာဖဂန်နစ္စတန်ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးမည်ဖြစ်သော်လည်း တာလီဘန် အဖွဲ့ကို အစိုးရအဖြစ် အသိအမှတ်ပြုမည် မဟုတ်ဟု ပြောကြားခဲ့သည်။














