မွန်ပြည်နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေကအနေက ဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား အောက်တိုဘာ ၂၀ ရက် (သီတင်းကျွတ်လပြည့်နေ့) တွင် COVID-19 စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
“ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲနဲ့ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို မနှစ်ကအတိုင်းပဲ ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ အစဉ်အလာမပျက် ဖွင့်လှစ်ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်” ဟု ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ရုံးအဖွဲ့မှူး ဦးစိုးတင့်က ပြောကြားသည်။
COVID-19 ကူးစက်ကပ်ရောဂါကာလ ဖြစ်နေသည့်အတွက် တောင်ပေါ်ရှိ ဂေါပကအဖွဲ့ဝင် ဝန်ထမ်းများနှင့် စျေးသူ၊ စျေးသားများအားလုံး COVID-19 ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးသားဖြစ်အောင် စီမံဆောင်ရွက်နေကြောင်းနှင့် ဘုရားဖူးလာပြည်သူများကိုလည်း ကျန်းမာရေးနှင့်ပတ်သက်ပြီး စစ်ဆေးဆောင်ရွက်ခြင်းများကို လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း ဦးစိုးတင့်က ဆိုသည်။
“အဲ့ဒီအပြင်ကို စျေးဆိုင်ခန်းတွေ၊ တည်းခိုခန်းတွေနဲ့ပတ်သက်လို့ ဖြေလျှော့မှုတွေ လုပ်ဆောင်ပေးထားတယ်။ သူတို့ကလည်း ကပ်ရောဂါကာလအတွင်းမှာ စျေးမရောင်းရတာလည်း ကြာနေကြပြီဆိုတော့ ဒီနှစ်မှာတော့ ရန်ပုံငွေကောက်ခံခြင်းမလုပ်တော့ဘဲနဲ့ ကင်းလွတ်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်” ဟု ဦးစိုးတင့်က ဆက်လက်ပြောကြားသည်။
COVID-19 ကြောင့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက ရပ်နားခဲ့ပြီး တောင်ပေါ်ရှိ စျေးဆိုင်ခန်းများ၊ ထမင်းဆိုင်များနှင့် တည်းခိုခန်းများအား ပိတ်သိမ်းထားခဲ့သော်လည်း ဘုရားဖူးများကို ခြေလျင်လမ်းမှ တက်ရောက်ဖူးမြော် ခွင့်ပြုထားကြောင်း သိရသည်။
“ဂေါပကအဖွဲ့ကတော့ ဒီနှစ်တောင်ဖွင့် ရာသီအတွက်ကို လေလံသွင်းစရာမလိုဘဲနဲ့ ဆိုင်ဖွင့်လှစ်ခွင့်ပြုမယ်လို့ သိရတယ်။ ဆိုင်ခန်းအတော်များများလည်း တောင်ပေါ်ကိုတက်ပြီးတော့ ပြုပြင်တာတွေ၊ ပြင်ဆင်တာတွေ လုပ်နေကြပြီလို့လည်း သိရတယ်” ဟု ကျိုက်ထီးရိုးရင်ပြင်တော်စခန်းရှိ ထမင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလေ့ရှိကြောင်းနှင့် ပုံမှန်ကာလတွင် နှစ်စဉ်ဘုရားဖူးသုံးသန်းခန့် လာရောက်လေ့ရှိကြောင်း သိရသည်။















