ဖိအားများနေသော တာလီဘန်က အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ သံတမန်စစ်ဆင်ရေး စတင်

ဖိအားများနေသော တာလီဘန်က အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ သံတမန်စစ်ဆင်ရေး စတင်
တာလီဘန်ကိုယ်စားလှယ်အဖွဲ့ ကာတာနိုင်ငံ ဒိုဟာမြို့တွင် အောက်တိုဘာ ၁၂ ရက်က နိုင်ငံတကာသံတမန်များနှင့် တွေ့ဆုံနေစဉ်
တာလီဘန်ကိုယ်စားလှယ်အဖွဲ့ ကာတာနိုင်ငံ ဒိုဟာမြို့တွင် အောက်တိုဘာ ၁၂ ရက်က နိုင်ငံတကာသံတမန်များနှင့် တွေ့ဆုံနေစဉ်
Published 12 October 2021
Ref: AFP

သဘောထားတင်းမာသော အစ္စလာမ္မစ်အုပ်စု တာလီဘန်သည် နိုင်ငံတကာ ထောက်ခံမှုရရှိရေးအတွက် သံတမန်ရေးထိုး စစ်တစ်ရပ်ကို ဆင်နွှဲနေသောကြောင့် တာလီဘန်သည် ဥရောပသံတမန်များ၊ အမေရိကန် သံတမန်များနှင့် ပူးတွဲမျက်နှာစုံညီ ဆွေးနွေးပွဲများကို ကျင်းပသွားမည်ဟု အောက်တိုဘာ ၁၁ ရက်တွင် ဥရောပသမဂ္ဂက ထုတ်ဖော်ပြောကြားသည်။

အနှစ် ၂၀ ကြာ စစ်ပွဲအပြီးတွင် အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းသွားခဲ့ပြီးနောက် သြဂုတ်လတွင် အာဏာပြန်ရလာသော တာလီဘန်သည် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရန် ကြိုးစားနေသကဲ့သို့ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးတစ်ခုကို ရှောင်လွှဲရန် အကူအညီများကိုလည်း ရှာဖွေလျက်ရှိသည်။

အာဖဂန်နစ္စတန်၏ စီးပွားရေးပြိုလဲ မသွားစေရေးအတွက် ယင်းနိုင်ငံသို့ငွေများ ပိုမိုလှူဒါန်းပေးကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ကမ္ဘာကို တိုက်တွန်းခဲ့သော်လည်း အာဖဂန်အမျိုးသမီးများနှင့် မိန်းကလေးများအတွက် တာလီဘန်၏ ကတိပျက်မှုများကို ဝေဖန်ခဲ့သည်။

အမေရိကန်နှင့် ဥရောပတို့က တာဝန်ရှိသူများသည် ကာတာနိုင်ငံ ဒိုဟာမြို့တွင် အာဖဂန်နစ္စတန်အစိုးရအဖွဲ့သစ်၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်ဟု ဥရောပသမဂ္ဂ ပြောရေးဆိုခွင့်ရအမျိုးသမီး နာဘီလာမာဆရယ်လီက ပြောကြားခဲ့သည်။ ၎င်းတို့သည် အောက်တိုဘာ ၁၂ ရက်တွင် ဒိုဟာမြို့၌ တွေ့ဆုံခဲ့ကြသည်ခြင်းဖြစ်သည်။

ယခုဆွေးနွေးပွဲတွင် အမေရိကန်နှင့် ဥရောပတို့က ကိုယ်စားလှယ်များအနေဖြင့် အာဖဂန်မှ ထွက်ခွာလိုသူများ လွတ်လပ်စွာ ထွက်ခွာနိုင်ရေး၊ လူသားချင်းစာနာမှုဆိိုင်ရာ အကူအညီပေးအပ်နိုင်ရေး၊ အာဖဂန်နစ္စတန်ကို အကြမ်းဖက်အုပ်စုများ၏ နေရာဖြစ်မလာစေရန် တားဆီးရေးတို့အပါအဝင် ပြဿနာရပ်များကို ဖြေရှင်းခွင့်ရရှိခဲ့ကြသည်ဟု ၎င်းကပြောကြားသည်။

“ဒါဟာ နည်းပညာရှင်အဆင့်မှာ အလွတ်သဘော တွေ့ဆုံတာဖြစ်ပါတယ်။ ကြားဖြတ်အစိုးရကို အသိအမှတ်ပြုတဲ့သဘော မဟုတ်ပါဘူး” ဟု မာဆရယ်လီက ပြောကြားသည်။

နိုင်ငံတကာ အကူအညီများ ဖြတ်တောက်ခံထားရခြင်း၊ စားနပ်ရိက္ခာစျေးများ မြင့်တက်လာခြင်း၊ အလုပ်အကိုင်မဲ့ မြင့်တက်လာခြင်းတို့ကြောင့် အာဖဂန်နစ္စတန် စီးပွားရေးသည် စိုးရိမ်စရာအနေအထားကို ရောက်ရှိနေသဖြင့် တာလီဘန်သည် မဟာမိတ်များကို အလွန်အမင်း လိုအပ်နေသည်။

အခြားနိုင်ငံတစ်နိုင်ငံက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခြင်းမခံရသေးသော တာလီဘန်အစိုးရသည် မကြာသေးမီက ပြင်းထန်သည့် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သော IS-K ၏ ခြိမ်းခြောက်မှုကိုလည်း ရင်ဆိုင်နေရသည်။

အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းသွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်တာဝန်ရှိသူများနှင့် လူပုဂ္ဂိုလ်ချင်း တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရက်ပိုင်းအတွင်း တာလီဘန် ယာယီနိုင်ငံခြားရေးဝန်ကြီး အမ်မာခန်းမွတ်တာကီက ဥရောပသမဂ္ဂတာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဟု အစောပိုင်းတွင် ကြေညာခဲ့သည်။ “ကျွန်တော်တို့ဟာ တစ်ကမ္ဘာလုံးနဲ့ အပြုသဘောဆက်ဆံရေးတွေကိုပဲ အလိုရှိပါတယ်။ အဲ့ဒီလို ဟန်ချက်မျှတဲ့ဆက်ဆံရေးဟာ အာဖဂန်နစ္စတန်ကို မတည်မငြိမ်ဖြစ်တာကနေ ကာကွယ်နိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ၎င်းကထုတ်ဖော် ပြောကြားခဲ့သည်။             

Most Read

Most Recent