စီးပွားရေးဆိုးရွားနေသော်လည်း ပြည်သူ့ဘဝတိုးတက်ရေးကို မြောက်ကိုရီးယားခေါင်းဆောင်ကင် တောင်းဆို

စီးပွားရေးဆိုးရွားနေသော်လည်း ပြည်သူ့ဘဝတိုးတက်ရေးကို မြောက်ကိုရီးယားခေါင်းဆောင်ကင် တောင်းဆို
အောက်တိုဘာလ ၁၀ ရက်က ပြုံယမ်းမြို့တော်ရှိ လုပ်သားများပါတီ၏ ၇၆ ကြိမ်မြောက် နှစ်ပတ်လည်နေ့တွင် မိန့်ခွန်းပြောကြားနေသော ခေါင်းဆောင် ကင်ဂျုံအွန်အား တွေ့ရစဉ်
အောက်တိုဘာလ ၁၀ ရက်က ပြုံယမ်းမြို့တော်ရှိ လုပ်သားများပါတီ၏ ၇၆ ကြိမ်မြောက် နှစ်ပတ်လည်နေ့တွင် မိန့်ခွန်းပြောကြားနေသော ခေါင်းဆောင် ကင်ဂျုံအွန်အား တွေ့ရစဉ်
Published 11 October 2021
Ref: Reuters

ဆိုးရွားသောစီးပွားရေး အခြေအနေနှင့် ရင်ဆိုင်နေရသော်လည်း တာဝန်ရှိသူများအနေဖြင့် ပြည်သူ့ဘဝတက်ရေးကို အလေးထားရန် အာဏာရပါတီ၏ နှစ်ပတ်လည်အခမ်းအနားကို ဂုဏ်ပြုပြောကြားရာတွင် ခေါင်းဆောင်ကင်ဂျုံအွန်က တိုက်ခဲ့တွန်းသည်ဟု အောက်တိုဘာ ၁၁ ရက်တွင် မြောက်ကိုရီးယားအစိုးရ မီဒီယာက ဖော်ပြခဲ့သည်။

ကိုရီးယားလုပ်သားများပါတီ တည်ထောင်သည့် ၇၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို အောက်တိုဘာ ၁၀ ရက်၌ ပြုလုပ်ခဲ့ရာ အနုပညာဖျော်ဖြေပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် မီးရှူးမီးပန်းဖောက်ပွဲများကို ကျင်းပခဲ့သော်လည်း ယင်းကဲ့သို့သော အခမ်းအနားများတွင် ထည့်သွင်းပြုလုပ်လေ့ရှိသည့် ကြီးမားသော စစ်ရေးပြချီတက်မှု ပါဝင်ခဲ့ခြင်းမရှိဟု ဆိုသည်။

အဏုမြူနှင့် လက်နက်အစီအစဉ်များကြောင့် နှစ်ပေါင်းများစွာ ဒဏ်ခတ်အရေးယူခံထားရခြင်းက မြောက်ကိုရီးယားစီးပွားရေးကို အခြေအနေဆိုးရွားစေခဲ့ပြီး မိုးသည်းထန်ခဲ့ခြင်းနှင့် ရေကြီးခြင်းများကလည်း စီးပွားရေးကို ဆိုးရွားစေခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ဖြစ်ပွားချိန်အတွင်း မိမိဘာသာချမှတ်ခဲ့သော စည်းကမ်းချက်များကြောင့် နိုင်ငံ၏အဆင်းရဲဆုံး ပြည်သူများမှာ ငတ်မွတ်မှုအန္တရာယ် ရှိလာသည်။ ပိုမိုဆိုးရွားလာသော လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေသည် အကြပ်အတည်းတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူတစ်ဦးက အစီရင်ခံစာတစ်ခုတွင် ဖော်ပြခဲ့ပြီး ယင်းအစီရင်ခံစာကို လွန်ခဲ့သော သီတင်းပတ်တွင် ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရသည်။

မြောက်ကိုရီးယားသည် နိုင်ငံတော်စီးပွားရေးကို ပြုပြင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်၊ မကြာသေးခင်က ပြုလုပ်ခဲ့သော ပါတီအစည်းအဝေးများနှင့် အစိုးရအဖွဲ့အစည်းအဝေးပွဲများတွင် ချမှတ်ခဲ့သော စီးပွားရေးဆိုင်ရာ ရည်မှန်းချက်များ ပြီးမြောက်စေရန် ကြီးမားသောတာဝန်များကို ရင်ဆိုင်နေရသည်ဟု ကင်ကပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရမီဒီယာ KCNA က ဖော်ပြခဲ့သည်။

“အခြေအနေ ဆိုးရွားနေပေမယ့်လည်း မကြုံဖူးလောက်အောင် အရေးပါတဲ့ အလုပ်တာဝန်ကို အင်တိုက်အားတိုက် ဆောင်ရွက်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းကတော့ ပါတီတစ်ခုလုံး စည်းလုံးကြစေဖို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းကဖြည့်စွက် ပြောကြားခဲ့သည်။ သို့ရာတွင် နိုင်ငံ၏အဏုမြူ လက်နက်များကြောင့် နိုင်ငံရေးဆိုင်ရာ ရှေ့မတိုးနောက်မဆုတ် အခြေအနေကိုမူ ကင်ကပြောဆိုခဲ့ခြင်းမရှိပေ။

တာဝန်ရှိသူများသည် အခွင့်ထူးခံဖြစ်ရေးနှင့် ဦးစားပေးဆက်ဆံခံရရေးတို့ကို မတောင်းဆိုသင့်ကြောင်း၊ မိမိတို့၏ အလုပ်သည် ပြည်သူ့အကျိုးစီးပွားများကို ထိပါးခြင်းရှိမရှိ သို့မဟုတ် ပြည်သူကို ဒုက္ခပေးခြင်းရှိမရှိ အမြဲတမ်းစဉ်းစားသင့်ကြောင်း ကင်ကပြောကြားခဲ့သည်။ ကင်မိန့်ခွန်း ပြောကြားချိန်တွင် အခမ်းအနား တက်ရောက်သူများက social distancing ကို လိုက်နာခဲ့ခြင်းမရှိပေ။

မြောက်ကိုရီးယားနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ် တစ်ခုတစ်လေရှိသည်ဆိုသော သတင်းကိုမကြားရသော်လည်း အစိုးရကတင်းကျပ်သော နယ်စပ် lockdown များ၊ သွားလာမှုကန့်သတ်ချက်များနှင့် အခြားသောအစီအမံများကို ချမှတ်ခဲ့သည်။

လူငယ်များ ပျော်ပွဲရွှင်ပွဲများကို တက်ရောက်ခဲ့ကြပြီး အခြားလူများက ယခင်မြောက်ကိုရီးယားခေါင်းဆောင်များ၏ ရုပ်တုများတွင် ပန်းများချနေကြသည်ကို အစိုးရရုပ်သံတွင် ပြသခဲ့သည်။               

Most Read

Most Recent