ပြီးခဲ့သည့်တစ်ပတ်အတွင်း မြန်မာအပါအဝင် အာဆီယံနိုင်ငံများ၌ COVID-19 ထပ်တိုးလူနာသစ် ၂၇၀၀၀၀ ကျော်နှင့် သေဆုံးသူ ၄၃၀၀ ကျော်ရှိ

ပြီးခဲ့သည့်တစ်ပတ်အတွင်း မြန်မာအပါအဝင် အာဆီယံနိုင်ငံများ၌ COVID-19 ထပ်တိုးလူနာသစ် ၂၇၀၀၀၀ ကျော်နှင့် သေဆုံးသူ ၄၃၀၀ ကျော်ရှိ
ရန်ကုန်မြို့တွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုမြင်ကွင်း (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့တွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုမြင်ကွင်း (ဓာတ်ပုံ-ကြည်နိုင်)
Published 11 October 2021

ပြီးခဲ့သည့်တစ်ပတ်အတွင်း မြန်မာအပါအဝင် အာဆီယံနိုင်ငံများ၌ COVID-19 ထပ်တိုးလူနာသစ် ၂၇၀၀၀၀ ကျော်နှင့် သေဆုံးသူ ၄၃၀၀‌ ကျော်ရှိကြောင်း အောက်တိုဘာ ၇ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သော WHO အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများ၏ COVID-19 ဖြစ်ပွားမှုအခြေအနေ အပတ်စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

WHO အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများတွင် တစ်ပတ်အတွင်း လူနာသစ် ၂၇၈၆၅၇ ဦးရှိခဲ့ပြီး ထပ်တိုးသေဆုံးသူ ၄၃၁၈ ဦးရှိခဲ့ကြောင်းနှင့်ယင်းနိုင်ငံများ၌ လက်ရှိအထိ COVID-19 လူနာစုစုပေါင်း ၄၃ သန်း ကျော်ရှိပြီး ၎င်းတို့အနက်သေဆုံးသူ ၆၇၈၀၃၅ ဦးကျော်ရှိပြီ ဖြစ်သည်။

ရုရှားနိုင်ငံက ထုတ်လုပ်ခဲ့သည့် Sputnik V ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အတည်ပြုရေး လုပ်ငန်းစဉ်များအား ပြန်လည်စတင်သွားရန် စီစဉ်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

WHO သည် လက်ရှိကမ္ဘာ့နိုင်ငံပေါင်း ၄၅ နိုင်ငံတွင် အသုံးပြုနေသည့် ရုရှားနိုင်ငံပိုင် Gamaleya သုတေသနဌာနမှ ထုတ်လုပ်ခဲ့သည့် Sputnik V ကာကွယ်ဆေးကို အတည်ပြုရန် လေ့လာမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။

ကပ်ရောဂါကာလအတွင်း အရေးပေါ်အသုံးပြုရန် WHO ၏ ခွင့်ပြုချက်ရရှိထားသည့် ကာကွယ်ဆေးအချို့ရှိပြီး ယင်းကာကွယ်ဆေးများမှာ Pfizer-BioNTech ၊ Janssen ၊ Moderna ၊ Sinopharm ၊ Sinovac နှင့် AstraZeneca တို့ ဖြစ်သည်။

Sputnik V ကာကွယ်ဆေးအတွက် အတည်ပြုရေးလုပ်ငန်းစဉ်များမှာ တရားရေးလုပ်ထုံးလုပ်နည်းအချို့ လစ်ဟာမှုများရှိနေသဖြင့် ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်ဟု WHO ၏ ဆေးဝါးနှင့် ကာကွယ်ဆေးများဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူးချုပ် မာရီယန်ဂီလာဆီမာအိုက ပြောကြားခဲ့သည်။

“ရုရှားအစိုးရနဲ့ ညှိနှိုင်းမှုတွေဟာ အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာပဲ ဖြစ်ပါတယ်။ တရားရေး လုပ်ထုံးလုပ်နည်းတွေကို အပြီးသတ်လုပ်ဆောင်ပြီးတာနဲ့ ကာကွယ်ဆေး အတည်ပြုရေးလုပ်ငန်းစဉ်ကို ကျွန်မတို့ ပြန်လည်စတင်သွားမှာပါ” ဟု ၎င်းကသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

WHO ၏ အရေးပေါ်အသုံးပြုခွင့် ပေးထားသည့် ကာကွယ်ဆေးစာရင်းအရ ယင်းစာရင်းတွင်ပါဝင်သည့် ကာကွယ်ဆေးများသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိနေသည်ဆိုသည့်အချက်ကို နိုင်ငံများ၊ ငွေကြေးထည့်ဝင်သူများ၊ ဝယ်ယူရေးအေဂျင်စီများနှင့် အဖွဲ့အစည်းများကို အာမခံချက်ပေးသည့် သဘောသက်ရောက်သည်။

ယင်းစာရင်းသည် နိုင်ငံများ၊ အထူးသဖြင့် နိုင်ငံတကာအဆင့်မီသည့် ဆေးဝါးစံနှုန်း သတ်မှတ်သည့်အဖွဲ့များ မရှိသည့်နိုင်ငံများအတွက် ကာကွယ်ဆေးများ လျင်မြန်စွာဖြန့်ချိရာတွင် ကာကွယ်ဆေး ဝယ်ယူတင်သွင်းမှုနှင့် အတည်ပြုရေး လုပ်ငန်းစဉ်များအတွက် အဆင်ပြေချောမွေ့စေရန် လမ်းခင်းပေးရာ ရောက်သည်။

Sputnik V ကာကွယ်ဆေးကို ရုရှားအပြင် အယ်ဂျီးရီးယား၊ အာဂျင်တီးနား၊ အိန္ဒိယ၊ အီရန်၊ မက္ကဆီကို၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ယူအေအီးနှင့် ဗင်နီဇွဲလားနိုင်ငံများ အပါအဝင် နိုင်ငံအများအပြားတွင် အသုံးပြုနေသည်။

သို့သော်လည်း ကာကွယ်ဆေး အတည်ပြုရေးအတွက် လျှောက်ထားသည့် အချက်အလက်များမှာ ပြည့်စုံလုံလောက်မှု မရှိသေးကြောင်း ဆီမာအိုက ပြောကြားခဲ့သည်။

ဇွန်လကလည်း WHO သည် Sputnik V ကာကွယ်ဆေး ထုတ်လုပ်သည့်နေရာများကို စုံစမ်းစစ်ဆေးမှု ကိုးကြိမ်ပြုလုပ်ခဲ့သည်။

Most Read

Most Recent