စစ်ကိုင်းမြို့ မြို့မရဲစခန်း၊ ထွေအုပ်ရုံး၊ တရားရုံးအပါအဝင် နေရာအများအပြား၏ အနီးဝန်းကျင်တွင် အောက်တိုဘာ ၉ ရက် ည ၇ နာရီကျော်က ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာများမှာ အမှတ် (၁) မြို့မရဲစခန်း၊ ရွှေမင်းဝံရပ်ရှိ အမှတ် (၂) ရဲစခန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ရုံး၊ မြို့နယ်တရားရုံး၊ မြို့နယ်စည်ပင်ရုံး၊ မြို့အ ဝင် ရတနာပုံတံတားစစ်ဆေးရေးဂိတ် စသည့် နေရာများ၏ အနီးအနားဝန်းကျင်များတွင် ဖြစ်ပြီး ပေါက်ကွဲမှုမှာ နေရာကိုးနေရာထက် မနည်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အတူ ပဒူတိုက်နယ်ရဲကင်းစခန်းတွင်လည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြည်သူတစ်ဦး သေ ဆုံးခဲ့ကြောင်း သိရသည်။
“ညက ပေါက်ကွဲသံတွေက ဆက်တိုက် ကြားရတယ်။ အသံလည်း အတော်ကျယ်တယ်။ မနက်ရောက်တော့ စည်ပင်တို့ ထွေအုပ်တို့ ဘက် ပတ်ကြည့်တာ ထူးထူးခြားခြားဘာမှ မတွေ့ရဘူး” ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြော ကြားသည် ။
“စစ်ကိုင်းမှာ ပေါက်ကွဲတဲ့ဖြစ်စဉ်တွေက ဆိုင်ကယ်နဲ့ လိုက်ပစ်ပြီး မောင်းပြေးတာပဲ။ ကြီးကြီးမားမား ပျက်စီးထိခိုက်တာမရှိဘူး။ ပဒူတိုက်နယ်ရဲကင်း ပေါက်ကွဲမှုမှာတော့ ပြည် သူတစ်ယောက် သေသွားတယ်” ဟု တာဝန် ကျ ရဲအရာထမ်းတစ်ဦးက ပြောကြားသည်။
ယင်းသို့ တစ်ညတည်း ကိုးကြိမ်ထက်မနည်းပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သဖြင့် အောက်တိုဘာ ၁၀ ရက်တွင် ရတနာပုံတံတား ပေါ် ဖြတ်သန်းသည့်ဆိုင်ကယ်များကို ရပ်တန့်စစ်ဆေးခြင်းများ ပြုလုပ်လျက်ခဲ့သည်။
“အရင်က တံတားပေါ် ဆိုင်ကယ်နဲ့ဖြတ်ရင် ဘယ်တော့မှ မစစ်ဘူး။ များသောအားဖြင့် ကားတွေပဲ စစ်တာ။ ကနေ့တော့ ဆိုင်ကယ်တွေ အကုန်စစ်နေတာပဲ။ ရပ်ပေးတာကို ငေါက်ငမ်းနေတာ” ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြော ကြားသည်။















