COVID-19 ကာကွယ်ဆေးတစ်လုံးလျှင် လူငါးဦးထိုးနှံနိုင်သည့် Sinopharm ကာကွယ်ဆေးများကို တောင်ကြီးမြို့သို့ အလုံးပေါင်းနှစ်သောင်း ပို့ဆောင်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စာချုပ်ချုပ်ဆို ဝယ်ယူထားသည့် Sinopharm အမှတ်တံဆိပ် COVID-19 ရောဂါ ကာကွယ်ဆေးလေးသန်းသည် အောက်တိုဘာ ၂ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိခဲ့ပြီး အောက်တိုဘာ ၄ ရက်တွင် ကာကွယ်ဆေးအလုံး ၂၀၀၀၀ ကို တောင်ကြီးမြို့သို့ ပို့ဆောင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
စာချုပ်ချုပ်ဆို ဝယ်ယူထားသည့် ၂၄ သန်းအနက် စုစုပေါင်း ၁၂ သန်း ရောက်ရှိပြီး ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကာကွယ်ဆေးများကို အသက် ၁၈ နှစ်အထက် လူဦးရေ ၃၆ ဒသမ ၉ သန်းကို ဦးစားပေးထိုးနှံပေးလျက်ရှိပြီး အောက်တိုဘာ ၂ ရက်အထိ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသည့် လူဦးရေ ၃၈၇၂၉၅၆ ဦး(၃ ဒသမ ၈၇၂ သန်း)၊ တစ်ကြိမ်ထိုးနှံပြီးစီးသူ ၄၅၁၇၇၉၀ ဦး (၄ ဒသမ ၅၁၇ သန်း)၊ ထိုးနှံပြီးစီးသည့်လူဦးရေ စုစုပေါင်း ၈၃၉၀၇၄၆ ဦး (၈ ဒသမ ၃၉၀ သန်း) နှင့် ထိုးနှံပြီးစီးသည့် အကြိမ်ရေ စုစုပေါင်း ၁၂ ဒသမ ၂၆၃ သန်း (၁၂၂၆၃၇၀၂) ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
တရုတ်နိုင်ငံမှ ထပ်မံရောက်ရှိလာသည့် COVID-19 ကာကွယ်ဆေးများကို ဦးတည်ဦးစားပေးအုပ်စုများအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲရှောင်စခန်းများတွင် ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ရောက်ရှိလာသော ကာကွယ်ဆေးများကို မူလဦးတည်အုပ်စုများနှင့် ဦးစားပေးအစီအစဉ်များအပြင် ယခင်က အသက် ၆၅ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများအုပ်စုကို အသက် ၅၅ နှစ်နှင့်အထက်သို့ တိုးချဲ့ခြင်း၊ ထပ်မံ၍ ဦးတည်အုပ်စုအသစ်များ တိုးချဲ့ခြင်းအနေဖြင့် မသန်စွမ်းသူများ အုပ်စု၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအုပ်စု၊ နာတာရှည် ရောဂါအခံရှိသူများအုပ်စု၊ ကယ်ဆယ်ရေးစခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင်ရှိသူများ အုပ်စုတို့ကို ထပ်မံထည့်သွင်း ထိုးပေးမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။















