YBS စနစ် ပျက်ယွင်းလာမှုနဲ့ တစ်ကျော့ပြန် ‘ခါး’ များ

YBS စနစ် ပျက်ယွင်းလာမှုနဲ့ တစ်ကျော့ပြန် ‘ခါး’ များ
YBS ခရီးသွားများကို တွေ့ရစဉ်
YBS ခရီးသွားများကို တွေ့ရစဉ်
Published 19 September 2021

(၁)

အခုတစ်လော ‘ခါး’ ကိစ္စက လူပြောသူပြော တော်တော်များလာတယ်။ ‘ခါး’ ကြောင့် ဒုက္ခရောက်သွားသူတွေ၊ ‘ခါး’ ကြောင့် မျက်ရည်နဲ့ မျက်ခွက်ဖြစ်သွားရသူတွေ၊ ‘ခါး’ ကြောင့် ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရသူတွေ၊ ‘ခါး’ ကြောင့်ကြောက်လန့်တကြားဖြစ်ရသူတွေရဲ့ အသံတွေက အခုတစ်လော အပြင်မှာရော၊ လိုင်းပေါ်မှာပါ ကျယ်လောင်လို့လာပါတယ်။

‘ခါး’ ဆိုတာ တခြားမဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ဒုစရိုက်လောကမှာ အမြစ်တွယ်နေတဲ့ ခါးပိုက်နှိုက်တွေကို ပြောတာပါ။ ရဲတွေကတော့ သူတို့ကို ‘ခါး’ လို့ အတိုကောက် ခေါ်ပါတယ်။

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှာ ဟိုအရင်ကတည်းက နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ သက်တော်ရှည် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (ဒါမှမဟုတ်) မထသဟာ ဇာတ်သိမ်းခဲ့ပါတယ်။

အဲဒီနေ့မှာ ရန်ကုန်မြို့လမ်းပန်းဆက်သွယ်ရေးအတွက် YBS-Yangon Bus Service ကို အရင်ရန်ကုန်တိုင်းအစိုးရက အသက်သွင်းခဲ့လို့ပါ။  

နေ့စဉ် ခရီးသွားပြည်သူတွေအနေနဲ့လည်း မထသစနစ်ကနေ YBS စနစ် ပြောင်းလဲမှုအပေါ် ကြိုဆိုလက်ခံခဲ့ပြီး အများကြီး မျှော်လင့်ခဲ့ကြပါတယ်။ အဓိကကတော့ သွားရေးလာရေးအဆင်ပြေမှုနဲ့ လုံခြုံမှုအပေါ်မှာ ခရီးသွားပြည်သူတွေက အများကြီးမျှော်လင့်ခဲ့ကြတာပါ။

ဘာဖြစ်လို့လဲဆိုတော့ မထသစနစ်တုန်းက ခရီးသွားပြည်သူတွေအနေနဲ့ နေ့စဉ်သွားလာရာမှာ အဆင်မပြေမှုနဲ့ မလုံခြုံမှုတွေရဲ့ဒဏ်ကို ခံစားခဲ့ရလို့ပါပဲ။

လိုင်းကားမောင်းသူတွေအနေနဲ့ ပိုက်ဆံပိုတောင်းတာ၊ မှတ်တိုင်မရပ်တာ၊ ကားနှစ်စီးပြိုင်မောင်းလာပြီဆို အသက်အန္တရာယ်ရှိတဲ့အထိ အမောင်းကြမ်းတာ၊ စပယ်ယာတွေရဲ့ မိုက်မိုက်ရိုင်းရိုင်း မချေမငံပြောဆို ဆက်ဆံခံရတာ၊ ရုံးဆင်းရုံးတက်ချိန်ဆို ကားမဆ့ံအောင် လူတွေကို ငါးပိသိပ် ငါးချဉ်သိပ်တင်တာ၊ ခရီးစဉ်အတိုင်းမဆွဲဘဲ လူမရရင် လှည့်ချင်တဲ့နေရာကနေ လှည့်ပြန်တာ၊ ခါးပိုက်နှိုက်အန္တရာယ်များတာစတဲ့ ဖြစ်စဉ်တွေအပေါ်မှာ ခရီးသွားပြည်သူတွေက စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တာ ကြာခဲ့ပါပြီ။ ‘မချစ်သော်လည်း အောင့်ကာနမ်း’ ဆိုသလို နေ့စဉ်စားဝတ်နေရေးအတွက် သွားလာလှုပ်ရှားနေရတဲ့အတွက် ဒီဒုက္ခတွေကို ခါးစည်းခံပြီး သွားလာနေကြရတာ ဖြစ်ပါတယ်။

ဒါတွေ ဘာကြောင့် ဖြစ်နေရလဲဆိုတော့ မထသစနစ်မှာ ပုတ်ပြတ်စနစ်နဲ့ သွားခဲ့လို့ဖြစ်ပါတယ်။ ကားပိုင်ရှင်အုံနာက သူ့ကားကိုပုတ်ပြတ်စနစ်နဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို ပေးထားတဲ့အတွက် သူတို့ကလည်း ကိုယ့်အတွက်ကျန်ဖို့ရှာရင်းကနေ ဒုက္ခမျိုးစုံကို ခရီးသွားပြည်သူတွေက ရင်စည်းပြီးခံခဲ့ရပါတယ်။ တကယ်တော့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆိုတာ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းဆိုပေမဲ့ မထသစနစ်မှာတော့ ပိုက်ဆံရှာတဲ့ လုပ်ငန်းမျိုးဖြစ်သွားခဲ့တယ်။ 

YBS စနစ်ကို စတင်ချိန်မှာတော့ ကုမ္ပဏီတွေထောင်ပြီး အများပိုင်ယာဉ်လိုင်းအဖြစ် လုပ်ဆောင်ခဲ့သလို ပုတ်ပြတ်စနစ်နဲ့မဟုတ်ဘဲ ယာဉ်မောင်းတွေကို လခစားစနစ်နဲ့ ပြောင်းလဲခဲ့ပါတယ်။ ဒါ့အပြင် YBS ကားတွေမှာ ယာဉ်မောင်းတစ်ဦးပဲထားရှိပြီး ယာဉ်နောက်လိုက်တွေကို ဖယ်ရှားခဲ့ပါတယ်။ ကားခကိုလည်း ကောက်ယူတဲ့စနစ်ကနေ ကိုယ်ထူကိုယ်ထ ပုံးထဲထည့်တဲ့စနစ်ကို ပြောင်းလဲလိုက်တဲ့အတွက် ကားခအပိုတောင်းခံရတဲ့ဒုက္ခကနေ ခရီးသွားပြည်သူတွေ ကျွတ်လွတ်ခဲ့ရတယ်။

ဒါပေမဲ့လည်း YBS စနစ်ကို စတင်အသက်သွင်းချိန်မှာ ခရီးသွားပြည်သူတွေအနေနဲ့  အဆင်ပြေပြေ သွားလာနိုင်ခြင်း မရှိခဲ့ပါဘူး။ ယာဉ်အစီးရေ၊ သတ်မှတ်ထားတဲ့ယာဉ်လိုင်းနဲ့ ခရီးသည်ဦးရေ အချိုးအစား မမျှတတဲ့ပြဿနာတွေကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ YBS ပေါ်မှာ အပြေးအလွှားတိုးဝှေ့ပြီး စီးခဲ့ရပါတယ်။ အဲဒီလို အဆင်မပြေမှုတွေကို အခွင့်ကောင်းယူပြီး အဲဒီအချိန်တုန်းကလည်း YBS ကားတွေပေါ်မှာ ‘ခါး’ တွေ သောင်းကျန်းခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ YBS ကားတွေပေါ်မှာ ‘ခါး’ တွေရဲ့ ဇာတ်လမ်းက တစ်ခန်းရပ်ခဲ့ပါတယ်။

(၂)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်မှာ လိုက်ပါပြောင်းသွားအထဲ YBS ကားတွေလည်း ပါပါတယ်။ ကပ်ရောဂါနဲ့ နိုင်ငံရေးအပြောင်းအလဲမှာ YBS ကားတွေရဲ့ ပြောင်းလဲလာခြင်းက ကောင်းတဲ့ ပြောင်းလဲခြင်းမျိုးတော့ မဟုတ်ခဲ့ပါဘူး။

လမ်းပေါ်မှာ ခရီးသည်သွားလာမှု နည်းပါးတာကို အကြောင်းပြုပြီး YBS ကားတွေမှာ ကားခတွေကို တိုးမြှင့်ကောက်ခံလာကြပါတယ်။ နောက်ပြီး YBS ကားတွေပေါ်မှာ ယာဉ်မောင်းရဲ့ ဘော်ဒါလား၊ စပယ်ယာလား၊ ယာဉ်မောင်းမိန်းမလား ဘယ်သူတွေမှန်း မှန်းဆလို့မရတဲ့သူတွေကလည်း လိုက်ပါလာပြီး ယာဉ်စီးခကောက်ခံတဲ့အမှုကို ပြုခဲ့ကြတယ်။

အရင်က ယာဉ်စီးခ ၂၀၀ ဆိုပေမဲ့လည်း လက်ရှိမှာတော့ ယာဉ်စီးခက အဲဒီလူတွေရဲ့ ပါးစပ်ထဲက တောင်းသလောက်ကို ခရီးသွားပြည်သူတွေအနေနဲ့ ပေးစီးနေရတာပါ။ ဘာကြောင့် ယာဉ်စီးခတွေ တက်တယ်ဆိုတာတော့ ခရီးသည်တွေအနေနဲ့ မသိရပါဘူး။

ဒီလိုယာဉ်စီးခ တိုးကောက်တာနဲ့ပတ်သက်လို့ ခရီးသည်တွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ ခရီးသည်တွေရဲ့အသံတွေ ညံနေပေမဲ့လည်း YBS ယာဉ်လိုင်းတွေက တော့ ဒီကိစ္စကို ဖြေရှင်းပေးခြင်း မရှိခဲ့ပါဘူး။ နောက်ပြီး YBS ယာဉ်ပေါ်မှာ ပါလာတဲ့သူတွေရဲ့ မချေမငံပြောဆိုမှုတွေကိုလည်း ခရီးသည်တွေအနေနဲ့ ခံခဲ့ရပါတယ်။      

ပိုက်ဆံအကြွေမပါလို့ ၁၀၀၀ တန်ပေးတဲ့အခါ ၅၀၀ ပဲ ပြန်အမ်းပြီး ယာဉ်စီးခကို ၅၀၀ ယူလိုက်တာမျိုး၊ ၂၀၀ ပြန်အမ်းဖို့ ပြောတဲ့အခါ ရန်လိုတဲ့အပြုအမူနဲ့ ဆက်ဆံခံရတာမျိုး၊ အရင်က ယာဉ်စီးခက၂၀၀ ပဲရှိပေမဲ့ ဘာလို့ ၃၀၀ ကောက်တာလဲလို့ မေးတဲ့အခါ မကျေနပ်ရင် နောက်ကားစီးလို့ ပြန်ပြောခံရတာမျိုး၊ ကားတစ်စီးနဲ့ တစ်စီးစောင့်ပြီး မောင်းတာမျိုး၊ ပြိုင်မောင်းတာမျိုး၊ ခရီးသည်မရတဲ့အခါ ဂိတ်ဆုံးအထိ မသွားတော့ဘဲ လမ်းမှာတခြားကားကို လွှဲပြောင်းပေးတာမျိုး၊ မှတ်တိုင်အပြည့် မရပ်တော့တာမျိုးစတဲ့ အရင်မထသစနစ်တုန်းက မကောင်းတဲ့ အကျင့်စရိုက်တွေကို YBS ကားတွေမှာ ပြန်မြင်တွေ့ရသလို လက်တွေ့မှာလည်း ကျင့်သုံးနေပါပြီ။

(၃)

YBS ကားတွေရဲ့ ပြောင်းလဲလာမှုနဲ့အတူ ကျွဲကူးရေပါဆိုသလို YBS ကားတွေပေါ်မှာ တစ်ကျော့ပြန် ‘ခါး’ တွေက ပြန်လည်သောင်းကျန်းလို့ လာခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း ခါးပိုက်နှိုက်ခံရသူက ကိုဒီဇင်ထူးပါ။ စက်တင်ဘာ ၁၃ ရက်က အနှိုက်ခံရတာပါ။ ဒါပေမဲ့ သူဘယ်ကားပေါ်မှာ အနှိုက်ခံရမှန်း မသိပါဘူး။ YBS - 4 ပေါ်မှာလား။ YBS - 21 ပေါ်မှာလားဆိုတာ သူဝေခွဲမရခဲ့ပါဘူး။ သူ့အဖြစ်က တစ်ပူပေါ်နှစ်ပူဆင့်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ သူခါးပိုက်နှိုက်ခံရတဲ့ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံအပြင် မှတ်ပုံတင်နဲ့ ဘဏ်ကတ်တွေ ပါသွားလို့ပါပဲ။ ဒါကြောင့်လည်း သူ့မှတ်ပုံတင်နဲ့ ဘဏ်ကတ်ကို တွေ့ရှိသူတွေအနေနဲ့ ဆက်သွယ်ပေးဖို့ လူမှုကွန်ရက်ပေါ်က “YBS တိုင်ကြားရန်” Group မှာ ရေးတင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း YBS ကားပေါ်မှာ ခါးပိုက်နှိုက်ခံရသူကတော့ YBS ခရီးသည်တစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်မင်း ဖြစ်ပါတယ်။ သူအနှိုက်ခံရတုန်းက YBS ကားပေါ်မှာ ခါးပိုက်နှိုက် သုံးယောက်တောင်ပါတယ်လို့ သူကဆိုပါတယ်။ ဒါပေမဲ့ ဘာမှတော့ မပါသွားခဲ့ပါဘူး။ 

“ဒီနေ့တော့ ကိုယ်အနှိုက်ခံလိုက်ရတယ်။ ရှစ်မိုင်အကျော်လေးမှာ။ ကိုယ်က လက်မြန်လို့ပါတော့ မပါသွားဘူး။ မီးပွိုင့်မိတော့ ဒီကောင်တွေ ဆင်းသွားတယ်။ သူတို့အဖွဲ့မှာ သုံးယောက်တောင်” လို့  ကိုအောင်ကျော်မင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ထပ်ပြီး ခါးပိုက်နှိုက်ခံရသူကတော့ မသဇင်ထွေးပါ။ သူက YBS - 7 ကားပေါ်မှာ ခါးပိုက်နှိုက်ခံရတာ ဖြစ်ပါတယ်။ သူ့ကျောပိုးအိတ်ကို ခွဲပြီးနှိုက်သွားတာပါ။ ပိုက်ဆံအိတ်ပါသွားပေမဲ့ ဖုန်းတော့ပါမသွားခဲ့ပါဘူး။ သူ့ကိုလည်း YBS ကားပေါ်မှာ အုပ်စုလိုက် ခါးပိုက်နှိုက်သွားတာဖြစ်ပါတယ်။

“YBS - 7 ကားပေါ်မှာ ခါးပိုက်နှိုက်တွေ တော်တော်ဆိုးဆိုး ဖြစ်နေပြီ ထင်တယ်။ အုပ်စုလိုက် အချောင်စောင့်နေကြတာ။ ဒီနေ့လည်း ကျွန်မကျောပိုးအိတ် အခွဲခံရတယ်။ ဖုန်းတော့ ပါမသွားဘူး။ ပိုက်ဆံအိတ်တော့ ပါသွားတယ်။ လူကို စိတ်ရှုပ်အောင်လုပ်ပြီး အုပ်စုလိုက် လုပ်စားနေကြတာ။ သတိထားကြပါ” လို့ မသဇင်ထွေးက ဆိုပါတယ်။

လက်ရှိမှာ ခါးပိုက်နှိုက်ခံရသူတွေရဲ့ ပြောပြချက်အရ YBS ယာဉ်လိုင်း အတော်တော်များများမှာ ဖြစ်ပွားနေတာပါ။ ဒါနဲ့ပတ်သက်လို့လည်း တာဝန်ရှိသူတွေက ဘာမှမလုပ်နိုင်သေးပါဘူး။ ပြောရရင် နိုင်ငံရေးမတည်မငြိမ်ဖြစ်နေချိန်မှာ တောကြောင်တွေ လက်ခမောင်းခတ်သလိုမျိုး YBS ယာဉ်ပေါ်မှာ ခါးပိုက်နှိုက်တွေ ထကြွသောင်းကျန်းနေကြတာလည်း ဖြစ်ပါတယ်။             

YBS ပေါ်မှာ ခါးပိုက်နှိုက်တွေ ပေါချက်။ လိုင်းနဲ့ပေါင်းပြီး တင်ထားသလားတောင် ထင်ရတယ်” လို့ YBS ကားစီးနေသူ ကိုအောင်ကိုက ပြောပါတယ်။

လက်ရှိ YBS ယာဉ်ပေါ်က ခါးပိုက်နှိုက်မှုဖြစ်စဉ်တွေမှာ အများစုကအုပ်စုလိုက်နှိုက်ကြတာ ဖြစ်ပါတယ်။ သုံးယောက်တစ်အုပ်စု၊ ငါးယောက်တစ်အုပ်စုဖွဲ့ပြီး ခါးပိုက်နှိုက်တဲ့ အလုပ်ကို လုပ်ဆောင်နေကြတာပါ။

“YBS ပေါ်က သူခိုး၊ ဂျပိုးများကို သတိထားကြပါ။ ကားမောင်းသမားလည်း ကူညီနိုင်မှာ မဟုတ်ပါဘူး။ လူအများနဲ့ ၀ိုင်းလုပ်စားနေကြပါတယ်။ သက်ဆိုင်ရာက ဘာလုပ်ပေးနိုင်မလဲဆိုရင် ဘာမှလုပ်မပေးနိုင်ပါဘူး” လို့ YBS ခရီးသည် ကိုပိုင်ဖြိုးသူက ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ခါးပိုက်နှိုက်ခံရတဲ့ ကိုကောင်းထက်ကျော်ကတော့ ငါးယောက်အုပ်စုနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ သူ့အိတ်ကိုခွဲပြီး အနှိုက်ခံရတာပါ။ သူသိလိုက်လို့ ကားပေါ်က ဆင်းလိုက်ချိန်မှာတော့ ခါးပိုက်နှိုက်တွေက သူ့နောက်ကို လိုက်လာပါတယ်။ ဒါပေမဲ့ သူဆင်းတဲ့ မှတ်တိုင်က ယုဇနပလာဇာဖြစ်တဲ့အတွက် လူသွားလူလာများတာကြောင့် ခါးပိုက်နှိုက်တွေက သူ့ကိုအန္တရာယ် တစ်စုံတစ်ရာ မပေးနိုင်ခဲ့ပါဘူး။ 

“YBS - 7 ပေါ်မှာ ဒီနေ့မနက် အခွဲခံရတာပါ။ လူငါးယောက်လောက်ဝိုင်းပြီး ဆင်းမယ့်အပေါက်ကို ပိတ်ရပ်ထားပြီး လုပ်တာပါ။ တော်သေးတယ်။ ဘာမှပါမသွားတာ။ အစကတော့ မသိဘူး။ ဒီဘဲဘာလို့ မဆင်းဘဲ တောင့်တောင့်ကြီး ရပ်နေတာလဲလို့။ အတင်းတိုးတိုက်ပြီး ဆင်းမှရတာပါ။ ဒါတောင် တစ်မှတ်တိုင်ကျော် သွားပါတယ်။ ကျွန်တော့်အိတ်က ဂျင်းသားနှစ်ထပ် အထူကြီးပါ။ ဘယ်လို ဓားမျိုးသုံးလည်းတော့ မသိဘူး။ ဒါတောင် ကျွန်တော်ဆင်းတဲ့မှတ်တိုင်မှာ လိုက်ဆင်းလာတာ။ ယုဇနပလာဇာဆိုတော့ လူများလို့ တော်သေးတယ်” လို့ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ခါးပိုက်နှိုက်ခံခဲ့ရတဲ့ ကိုကောင်းထက်ကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကျော်အတွင်းမှာပဲ ခါးပိုက်နှိုက်ခံရသူက ကိုဇင်ကိုမင်းဖြစ်ပါတယ်။ သူကတော့ ထောက်ကြံ့-ဆူးလေပြေးဆွဲနေတဲ့ YBS ကားပေါ်မှာ အနှိုက်ခံခဲ့ရတာပါ။ သူ့အိတ်ကိုခွဲပြီး ဖုန်းနှိုက်သွားတာ ဖြစ်ပါတယ်။ သူကတော့ ခါးပိုက်နှိုက်ခံရတာကို မသိခဲ့ပါဘူး။ ခါးပိုက်နှိုက်တွေ ကားပေါ်ကဆင်းတော့မှ ဘေးကလူပြောလို့ အိတ်ကို စစ်လိုက်တဲ့အခါ ခါးပိုက်နှိုက်ခံရမှန်း သိတာပါ။

“ကျန်ခဲ့တဲ့ ၇ ရက်နေ့က ကျွန်တော်YBS - 37 ထောက်ကြံ့-ဆူးလေ အဲကွန်းကားပေါ်မှာ အိတ်ခွဲပြီး ဖုန်းနှိုက်ခံလိုက်ရတယ်။ အရမ်းကြောက်ဖို့ ကောင်းပါတယ်။ အိတ်ထဲမှာထည့်ထားတဲ့ ခေါက်ထီးတောင် ဓားရာတွေနဲ့ ပေါက်ပြီး ကျန်ခဲ့တယ်။ ကျွန်တော့်တုန်းက ယောကျ်ားနှစ်ယောက်ပါ။ အနောက်မှာ တစ်ယောက်  ဘေးမှာတစ်ယောက်ညှပ်ပြီး ယူသွားတာပါ။ လုံးဝမသိလိုက်ပါဘူး။ ဒါပေမဲ့ သူတို့ ကပ်နေမှန်းတော့ သိပါတယ်။ ပုံမှန်ထင်ပြီး နေလိုက်တာ။ အနှိုက်ခံလိုက်ရပါတယ်။ စုတ်စုတ်ပြတ်ပြတ်တွေပါ။ လုံးဝအကပ်မခံပါနဲ့။ ကားကျပ်နေရင် လုံးဝမစီးပါနဲ့။ လွယ်အိတ်ကို ရှေ့မှာထားတာတောင် အနှိုက်ခံလိုက်ရတာပါ။  အော်သာအော်မိရင် ဓားနဲ့ထိုးသွားမလားမသိ။ သူတို့ဆင်းသွားတာနဲ့ ဘေးကကောင်လေးတစ်ယောက်က အစ်ကို့လွယ်အိတ်တစ်ချက် စစ်ကြည့်ပါဦး။ သူတို့ အရမ်းကပ်နေလို့ပြောလို့ စစ်ကြည့်တော့ ဖုန်းမရှိတော့ဘူး။ အိတ်ကလည်း ကွဲနေတယ်” လို့  ကိုဇင်ကိုမင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်းကလည်း အရေးကြီးအလုပ်ကိစ္စနဲ့ အပြင်သွားတဲ့ အမျိုးသမီးတစ်ဦး အိမ်အပြန် YBS ကားစီးရာမှာ ခါးပိုက်နှိုက်ခံခဲ့ရပါတယ်။ ကားပေါ်မှာ သူ့ကိုခါးပိုက်နှိုက်တွေကညှပ်ပြီး ပိုက်ဆံအိတ်ထဲကို နှိုက်နေတာပါ။ သူသတိထားမိချိန်မှာတော့ ခါးပိုက်နှိုက်က ပိုက်ဆံအိတ်ထဲကနေ လက်ကိုပြန်ရုပ်သွားပါတယ်။  သူကဘာလုပ်တာလဲလို့မေးတဲ့အခါ ခါးပိုက်နှိုက်က ဘာလုပ်လို့လဲလို့ ခါးပိုက်နှိုက်က ပြန်မေးတဲ့အတွက် ကားဒရိုင်ဘာကို ရဲစခန်းဆီ မောင်းခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ခါးပိုက်နှိုက်တွေက ချက်ချင်းဆိုသလို ကားကိုရပ်ခိုင်းပြီး ကားပေါ်ကနေ ဆင်းသွားပါတယ်။ ကားပေါ်ကနေ ဆင်းသွားတဲ့ ခါးပိုက်နှိုက်က အားလုံး လေးယောက်ပါ။ သူလည်း ဘာပစ္စည်းမှ ပါမသွားတဲ့အတွက် ဒီအတိုင်းထားလိုက်ပါတယ်။

“ဘာပစ္စည်းမှ ပါမသွားတော့ ရဲစခန်း မပို့လိုက်ရဘူး။ သူလည်းဆင်းရော သူ့နောက်ကနေပြီး ပြေးဆင်းတာ သုံးယောက်တောင်။ အနောက်မှာ တစ်ယောက်၊ ညီမဘေးမှာ နှစ်ယောက်။ အရမ်းကိုကြောက်ဖို့ ကောင်းပါတယ်။ တကယ်မရှိတဲ့သူတွေ တန်ဖိုးရှိတာလေးတွေပါသွားရင် ရင်ကျိုးရမှာပါ” လို့ YBS ခရီးသည် အမျိုးသမီးက ပြောပါတယ်။

ကားပေါ်မှာ ခါးပိုက်နှိုက်ခံရတာကို တွေ့ရှိပါက ၀ိုင်းဝန်းပေးကြဖို့နဲ့ ကိုယ်နဲ့ မဆိုင်သလို မနေကြဖို့ အဲဒီအမျိုးသမီးက မေတ္တာရပ်ခံပါတယ်။

“ဒီလိုကောင်တွေကို ပညာပေးကြပါ။ နောက်မလုပ်ရဲအောင် ၀ိုင်းဝန်းပြီး တားပေးကြပါ။ ညီမ ဒီနေ့ဖြစ်ခဲ့သလို ကိုယ့်ညီမ၊ အစ်မ၊ အမေတွေလည်း လမ်းထွက်နေရတာပါ။  မသိသလို မနေကြပါနဲ့။ ကိုယ်နဲ့ မဆိုင်သလို မနေကြပါနဲ့။ မေတ္တာရပ်ခံပါတယ်” လို့ သူက ဆိုပါတယ်။

နောက်ပိုင်း YBS ကားတွေပေါ်မှာ ခါးပိုက်နှိုက်ခံရမှု ဖြစ်စဉ်တွေ များပြားလာတဲ့အတွက် ခရီးသည်အချင်းချင်း သတိပေးမှုတွေ ပြုလုပ်သလို လူမှုကွန်ရက်စာမျက်နှာပေါ်က YBS ယာဉ်လိုင်းတွေနဲ့ သက်ဆိုင်တဲ့ Group တွေမှာလည်း ရေးသားလာတာတွေ ရှိလာပါတယ်။            

“အားလုံးပဲစီးရင် အထူးဂရုစိုက်ကြပါ။ ကာလက မကောင်းတော့ ခါးပိုက်နှိုက်တွေက အရမ်းပေါလာနေပြီ” လို့ ကိုဇင်ကိုမင်းက ဆိုပါတယ်။

YBS ခရီးသည်တစ်ဦးဖြစ်တဲ့ ကိုဘိုဘိုအောင်က “တိုင်းပြည်အခြေအနေကို အခွင့်ကောင်းယူပြီး လှုပ်ရှားနေတဲ့ YBS ပေါ်က မသမာသူ ခိုးဆိုးလုနှိုက်တွေ ပါလာလို့ ကာယကံရှင်နဲ့ ပြဿနာဖြစ်တဲ့အခါ ခရီးသွားပြည်သူအချင်းချင်း ဝန်းရံပေးကြပါ။ မသိချင်ယောင် မဆောင်ပါနဲ့။ ပြဿနာဖြစ်ရင် ဘယ်မှသွားတိုင်လို့ မရတာ အသိပါပဲ။ ခါးပိုက်နှိုက်က တစ်အုပ်စုကို သုံး၊ လေးယောက်ပါပဲ။ မတရားတာမြင်ရင် တရားတဲ့ဘက်က ရပ်တည်ဖို့ ယောကျ်ားသားများ ရှေ့ထွက်ပေးကြပါ။ ဦးဆောင်ပြီး ဖြေရှင်းမယ့်သူရှိရင်လည်း ဝန်းရံပေးကြပါ” လို့ ဆိုပါတယ်။

YBS ကားပေါ်မှာ ခါးပိုက်နှိုက်မှု ဖြစ်စဉ်တွေ ပိုမိုဖြစ်ပွားလာတာကို ခရီးသည်အများစုက အတည်ပြုပါတယ်။ ခါးပိုက်နှိုက်မှုဖြစ်စဉ်တွေမှာ အရွယ်မျိုးစုံကျူးလွန်လာတာကို တွေ့ရတယ်လို့ ခရီးသည်အများစုက ဆိုပါတယ်။

အရင်တုန်းကတော့  ရဲတပ်ဖွဲ့အနေနဲ့ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် စီမံချက်တွေဆွဲပြီး ဘတ်စ်ကားတွေပေါ်မှာ အသွင်ယူစောင့်ကြည့်တာတွေ လုပ်ခဲ့ပါတယ်။ 

“ခါးပိုက်နှိုက်နဲ့ပတ်သက်ရင် ကျွန်တော်တို့ နယ်မြေစခန်းတွေကျတော့လေ။ နယ်မြေစခန်းတွေကနေ ခရိုင်ဌာနတို့၊ တိုင်းဌာနတို့ကို ခါးပိုက်နှိုက်တွေကို စီမံချက်နဲ့ ဖမ်းဆီးဖို့အတွက် ကျွန်တော်တို့ဆီက လုပ်တတ်ကိုင်တတ်တဲ့ လူဟောင်းတွေနဲ့ခေါ်ပြီးတော့ သွားကြတယ်။ တွဲကြတယ်။ နှစ်လဆို နှစ်လ၊ သုံးလဆို သုံးလ။ စီမံချက်လေးတွေချပြီးတော့ ခရိုင် ဒါမှမဟုတ် တိုင်းဌာနမှ သွားတွဲတယ်။ သူတို့ကို ခွဲထားတယ်ပေါ့။ ခရိုင်ဌာန ကြီးကြပ်ရေးမှူးက အတွဲလိုက်ပေါ့။ ဘယ်သူနဲ့ဘယ်သူက ဘယ် YBS ကားကိုတက်။ ကားနံပါတ် ဘယ်လောက်ကိုတက်။ ကားလိုင်းတွေ ဖြန့်ချလိုက်တာပေါ့။ ကားလိုင်းတွေမှာ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ ချထားတာ” လို့ ခါးပိုက်နှိုက်ဖမ်းဆီးရေး ရဲအရာရှိတစ်ဦးက ပြောပါတယ်။         

ခါးပိုက်နှိုက်မှု ကျူးလွန်သူ ပေါများလာတာဟာ တရားရေး ပြစ်ဒဏ်လျော့ရဲနေခြင်းက အဓိက အကြောင်းရင်းဖြစ်တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။

တရားလိုပြုလုပ်တိုင်တန်းမှုနည်းပါးတဲ့ ခါးပိုက်နှိုက်မှုဖြစ်စဉ်တွေမှာ လက်ပူးလက်ကြပ်မိရင်တောင် တရားလိုပြုလုပ်သူမရှိတဲ့အတွက် သံသယမှုအနေနဲ့သာ အမှုစွဲဆိုရလေ့ရှိပါတယ်။ ခါးပိုက်နှိုက်ခံရသူကလည်း တရားရုံးကိစ္စတွေနဲ့ အလုပ်ရှုပ်မှာစိုးတာကြောင့် တရားလိုပြုလုပ်ဖို့ ငြင်းဆန်လေ့ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း တရားလိုမရှိ မျက်မြင်သက်သေမရှိတဲ့ ခါးပိုက်အမှုတွေဟာ အချိန်ကြာမြင့်တတ်တယ်လို့ အငြိမ်းစားရဲအရာရှိကြီးတစ်ဦးက ပြောပါတယ်။

“ခါးပိုက်နှိုက်အမှုတွေမှာ တရားလိုအပါအဝင် မျက်မြင်သက်သေတွေရှိရင် အမိန့်ချရတာ မြန်တယ်။ တရားလိုကလည်း အမှုမဖွင့်ဘူး။ မျက်မြင်သက်သေလည်း မရှိဘူး။ ကျူးလွန်သူကလည်း ဝန်မခံဘူးဆိုရင်  အမှုကကြာနိုင်တယ်” လို့ အငြိမ်းစားရဲအရာရှိကြီးက ပြောကြားပါတယ်။

ရိုးရိုးခါးပိုက်နှိုက်မှုတွေကို ရာဇသတ်ကြီး ပုဒ်မ ၃၇၉ (နှိုက်) နဲ့ တရားစွဲဆိုပြီး ပြစ်ဒဏ်ကတော့ အများဆုံး ထောင်တစ်လချတယ်လို့ ခါးပိုက်နှိုက်ဖမ်းဆီးရေး ရဲအရာရှိတစ်ဦးက ပြောပါတယ်။

“ဖမ်းမိရင် ဒီကောင်တွေကို အများဆုံး ထောင်တစ်လတော့ ချတယ်။ ရိုးရိုးသာမန်နှိုက်သွားတယ်ဆိုရင် တစ်လတော့ချတယ်။ ဒီကောင်တွေရော နှိုက်တဲ့ကောင်ရော၊ အထုပ်ကာကောင်တွေရော။ သူတို့က နှိုက်ရင် အနည်းဆုံးနှစ်ယောက် သုံးယောက်ပါတယ်။ အဲဒီကောင်တွေ အကုန်လုံးကို တစ်လပဲချကြတယ်။ ရာဇသတ်ကြီး ပုဒ်မ ၃၇၉ (နှိုက်) နဲ့ ချတာ” လို့ သူက ဆိုပါတယ်။

ပြစ်ဒဏ်နည်းပါးတဲ့အတွက် ခါးပိုက်နှိုက်အမှုနဲ့ ထောင်ကျပြီး ပြန်လွတ်လာသူအများစုဟာ ဒီအလုပ်ကိုပဲ ဆက်လက်လုပ်ကိုင်ကြပါတယ်။

“ခါးပိုက်နှိုက်မှုနဲ့ ထောင်ကျပြီး ပြန်လွတ်လာတဲ့သူတွေထဲမှာ ရာခိုင်နှုန်း ၉၀ ကျော်က ပြန်လုပ်ကြတဲ့သူတွေ များတယ်” လို့ အငြိမ်းစားရဲအရာရှိကြီးက ဆိုပါတယ်။

ရိုးရိုးခါးပိုက်နှိုက်အမှုကို ကျူးလွန်သူအနေနဲ့ ထောင်ဒဏ် အများဆုံးတစ်လပဲ ကျခံရမှာဖြစ်တဲ့အတွက် အထပ်အထပ်ကျူးလွန်နေတာဖြစ်ပြီး ဒါတွေကို တားဆီးနိုင်ဖို့ဆိုရင် ဥပဒေကို ပြင်ဆင်သင့်တယ်လို့ ခါးပိုက်နှိုက်ဖမ်းဆီးရေး ရဲအရာရှိတစ်ဦးက ပြောပါတယ်။

“သူတို့အနေနဲ့ ဒီလိုအထပ်ထပ် ကျူးလွန်တာက ပြစ်ဒဏ်နည်းလို့လည်း ပါတယ်။ အမှန်က ဥပဒေကို ပြင်သင့်တယ်။ သူနဲ့ထိုက်တန်တဲ့ ထိရောက်တဲ့ အမှန်အတိုင်း ဥပဒေနဲ့အညီ တကယ်ပြင်းထန်တဲ့ဥပဒေ သူလုပ်ခဲ့တဲ့သူ့ရဲ့ပြစ်ဒဏ်ကို အမှန်တရားအတိုင်း ပြင်းထန်တဲ့ဥပဒေကို ထိုက်တန်ဥပဒေ ဖြစ်သင့်တယ်” လို့  သူကထောက်ပြပါတယ်။

“အခုက ကြီးကြီးမားမား ပြစ်ဒဏ်လုပ်ခဲ့ပေမဲ့ ထောင်ထဲကနေ ခပ်ပေါ့ပေါ့လေး ပြန်ထွက်လာတယ်။ ဒီလိုဆိုတော့ သူတို့က ပြန်ထွက်လာရင် ပြန်လုပ်မှာပဲ။ တစ်ခါတလေ ရယ်ရတယ်။ ကျွန်တော်တို့က ဖမ်းတယ်။ သူတို့က ဝင်တယ်။ ပြီးရင် ခပ်ပေါ့ပေါ့ပဲ ပြန်ထွက်လာတယ်။ ကျွန်တော်တို့နဲ့ သူတို့က စိန်ပြေးတမ်းကစားသလို ဖြစ်နေတယ်” လို့  သူက ဆိုပါတယ်။

လက်ရှိမှာ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ဘတ်စ်ကားပေါ်က ခါးပိုက်နှိုက်တွေကို ဖမ်းဆီးဖို့အတွက်ဆို ရဲတပ်ဖွဲ့အနေနဲ့လည်း စီမံချက်တွေချပြီး လုပ်ဆောင်နိုင်ဖို့ မရှိတော့ပါဘူး။  တကယ်လို့ ဘတ်စ်ကားပေါ်မှာ အမြစ်တွယ်နေတဲ့ ခါးပိုက်နှိုက်အန္တရာယ် ပပျောက်ဖို့ဆိုရင် လျှို့ဝှက်စီမံချက်ချပြီး ခါးပိုက်နှိုက်တစ်ခုတည်းဖမ်းဖို့အတွက် သီးသန့်အဖွဲ့ဖွဲ့ပြီး လုပ်ဆောင်သင့်တယ်လို့ ၎င်းကမှတ်ချက်ပြုပါတယ်။

“နယ်မြေအလိုက်ကို သီးသန့်အဖွဲ့တွေ ဖွဲ့ပြီးတော့ လျှို့ဝှက်စီမံချက်လေးတစ်ခုလောက်ကို သီးသန့်အဖွဲ့လေးဖွဲ့ပြီးတော့ လုပ်စေချင်တယ်။ သီးသန့်အဖွဲ့ဆိုတာက ခါးပိုက်နှိုက်တစ်ခုတည်းကို ဖမ်းဖို့အတွက် သီးသန့်အဖွဲ့လေးတစ်ခုဖွဲ့ပြီးတော့ ဘတ်စ်ကားလိုင်းတွေ။ အဓိက မိန်းလိုင်းတွေ သူတို့ တကယ်လုပ်နိုင်တဲ့ မိန်းလိုင်းတွေ ဥပမာလှိုင်သာယာကနေ မရမ်းကုန်းဆို တစ်ကြောတစ်လိုင်း။ အင်းစိန်ကနေ မြို့ထဲကို တစ်ကြောတစ်လိုင်း အဲဒီလိုသီးသန့်လိုင်းတွေမှာ တစ်လိုင်းတစ်လိုင်းကို စီမံချက်ချပြီး လုပ်စေချင်တယ်။ အဲဒါကို အမြဲတမ်းမလုပ်နိုင်ရင်တောင် တစ်လကို ရက် ၂၀၊ ၁၅ ရက်လောက် လုပ်မယ်ဆို ဒီကောင်တွေကိုဖမ်းနိုင်မှာ။ ခက်တာက ကျွန်တော်တို့ဆီမှာ လုပ်တော့လုပ်ပေမဲ့ ရဲအင်အားက နည်းတော့ နေ့စဉ်မလုပ်နိုင်ဘူး။ ဒီလို ရဲတွေဘက်က လမ်းကြောင်းတက်တာလည်း နည်းတဲ့အခါကျတော့ ဒီကောင်တွေက ပိုးပွားသလိုပွားလာတာ” လို့ ခါးပိုက်နှိုက်ဖမ်းဆီးရေး ရဲအရာရှိက ဆိုပါတယ်။