၉/၁၁ တိုက်ခိုက်မှု

၉/၁၁ တိုက်ခိုက်မှု
Published 8 September 2021

“အမုန်းတရားအား အမုန်းတရားဖြင့် ရပ်တန့်ခြင်းငှာ မပြုနိုင်။

မေတ္တာတရားဖြင့်သာ ပြုနိုင်ရာ၏။

ယင်းသည်ပင်လျှင် ထာဝရစည်းမျဉ်း ဖြစ်လေသည်”

ဂေါတမဗုဒ္ဓ

လွန်ခဲ့သည့် နှစ် ၂၀ ခန့်က စက်တင်ဘာ ၁၁ ရက်တွင် အကြမ်းဖက်သမားများက နယူးယောက်စီးတီးနှင့် ၀ါရှင်တန်ဒီစီအပြင် ရှန့်ဗယ်လီတို့တွင် တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြရာ လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ရသည်။ နှစ်စဉ် စက်တင်ဘာ ၁၁ ရက်သို့ ရောက်တိုင်း အမေရိကန်နိုင်ငံသားများသည် ၎င်းတို့၏ ဆုံးရှုံးမှုကိုလည်းကောင်း၊ အခြားသူများကို ကယ်ဆယ်ရန်နှင့် နောက်ထပ်တိုက်ခိုက်မှုများကို ကာကွယ်ရန် အသက်စတေးသွားခဲ့ကြသော ရဲရင့်သူများကိုလည်းကောင်း ပြန်လည်အမှတ်ရကြသည်။ ယင်း ၉/၁၁ တိုက်ခိုက်မှု၏ ကြေကွဲဖွယ်အမွေတစ်ရပ်မှာ မိမိတို့၏ နိုင်ငံရေးအမြင်များအတွက် အကြောင်းရှာရန်၊ အခြားသူများအပေါ် မိမိတို့၏ အမုန်းတရားများက မှန်ကန်ကြောင်းပြရန်နှင့် နောက်ထပ်အကြမ်းဖက်မှုများ ပြုလုပ်ရေးအတွက် နှိုးဆော်ရန် ကမ္ဘာတစ်လွှားမှ လူများက ယင်းကဲ့သို့သော အကြမ်းဖက်တိုက်ခိုက်မှုများကို အသုံးပြုကြခြင်းဖြစ်သည်။

ယင်းတွင် ၉/၁၁ တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများကို Magnificent 19 ဟု ချီးကျူးကာ နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် ၉/၁၁ တိုက်ခိုက်မှုကို လှုံ့ဆော်မှုအဖြစ် အသုံးပြုပြီး အမုန်းတရားကို အခြေခံသည့် သဘောတရားများ ဖြန့်ချိခဲ့သည့် ဗြိတိန်နိုင်ငံမှ A1-Muhajiroun အဖွဲ့ရှိခဲ့သည်။ ကမ္ဘာတစ်လွှားမှ လူပေါင်း များစွာတို့က ၉/၁၁ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။ သို့သော် အခြားဘာသာဝင်များနှင့် အခြားလူမျိုးစုများအပေါ် အမုန်းတရားနှင့် အကြမ်းဖက်မှုများအတွက် အကြောင်းရှာရန် ၉/၁၁ တိုက်ခိုက်မှုကို စံထားကြသူများကိုလည်း တွေ့ရသည်။ ယင်းကဲ့သို့သော အမုန်းတရားများက အကြမ်းဖက်သတ်ဖြတ်မှုများဖြစ်ပွားရန် ပြင်းထန်စွာ လှုံ့ဆော်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။ ၉/၁၁ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ချက်ချင်းပေါ်ထွက်လာသော လုံခြုံရေးဆိုင်ရာ အကြောင်းအရာက မည်သူ့ကို ယုံကြည်ရမည်နည်း ဟူသည့် မေးခွန်း ထွက်ပေါ်လာစေသော်လည်း အကြမ်းဖက်အဖွဲ့များ၏ ပစ်မှတ်များသည် နောက်ပိုင်းနှစ်များအတွင်း ပိုမိုထင်ရှား၍လာသည်။ အကြမ်းဖက်သမားများ၏ ပစ်မှတ်များသည် ၎င်းတို့၏ နိုင်လိုမင်းထက်ပြုမှု၊ ၎င်းတို့၏ အကြမ်းဖက်မှုနှင့် ၎င်းတို့၏ အမုန်းတရားများကို အညံ့ခံအရှုံးပေးခြင်းမပြုသည့် မည်သူမဆို ဖြစ်နိုင်လာသည်။ အကြမ်းဖက်သမားတို့၏ ပစ်မှတ်သည် နိုင်ငံတစ်ခုတည်း၊ ကိုးကွယ်သည့် ဘာသာတစ်ခုတည်း၊ အမည်ဖော်ပြနိုင်သည့် အဖွဲ့တစ်ဖွဲ့တည်းနှင့် လူမျိုးစုတစ်ခုတည်း မဟုတ်တော့ဘဲ ကမ္ဘာကြီးတစ်ခုလုံး ဖြစ်လာသည်။

လူမျိုးရေးခွဲခြားသည့် အကြမ်းဖက်သမားများသည်ပင်လျှင် ၎င်းတို့၏ အမြင်များကို လက်မခံသည့် လူမျိုးတူသူများကိုပါ တိုက်ခိုက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်လာကြသည်။ နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ အကြမ်းဖက်သမားများသည်လည်း ယင်းကဲ့သို့ပင် ဖြစ်လာသည်။ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတွင် အမေရိကန်နိုင်ငံသားများ၊ ခရစ်ယာန်များ၊ ဂျူးများ၊ ဟိန္ဒူဘာသာဝင်များနှင့် အခြားအမျိုးအမည် သတ်မှတ်နိုင်သော အုပ်စုများအားလုံး အသတ်ခံနေရသည်ကို တွေ့မြင်ရပြီး ယင်းကဲ့သို့သော နိုင်ငံရေးနှင့် ဘာသာရေးအကြမ်းဖက်မှုများကြောင့် ထိခိုက်သေဆုံးရသူ အများစုမှာ မွတ်စလင်များ ဖြစ်နေသည်ကိုလည်း တွေ့ရှိရသည်။ ၎င်းတို့၏ အစ္စလာမ်ဘာသာအမြင်ကို ကိုယ်စားပြု၍ ဆောင်ရွက်ခြင်းဖြစ်သည်ဟု အခိုင်အမာ ပြောတတ်ကြသော ဘာသာရေး အစွန်းရောက်သူများသည် မိမိတို့နှင့် ဘာသာတူ မွတ်စလင်များကိုပင် သတ်ဖြတ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်၌ ယင်းကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်သမားများ ဖြစ်လာစေရန် မည်ကဲ့သို့သော အမုန်းတရားများက တွန်းအားပေးလှုံ့ဆော်ခဲ့သည်ကို ရှာဖွေဆန်းစစ်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာလ ၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်