■ ဟန်ဒါဆန်ကို သက်တမ်းတိုးပြီးနောက် နွေရာသီကာလအတွင်း အဓိကကစားသမား(၆)ဦးအထိ လီဗာပူးလ်အသင်း စာချုပ်သစ်ချုပ်ဆိုထား

■ ဟန်ဒါဆန်ကို သက်တမ်းတိုးပြီးနောက် နွေရာသီကာလအတွင်း အဓိကကစားသမား(၆)ဦးအထိ လီဗာပူးလ်အသင်း စာချုပ်သစ်ချုပ်ဆိုထား
Photos : Liverpool FC
Photos : Liverpool FC
Published 1 September 2021

လီဗာပူးလ်အသင်းသည် အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို သြဂုတ်လ ၃၁ ရက်က စာချုပ်သက်တမ်းတိုးခဲ့ပြီးနောက် ယခုနွေရာသီကာလအတွင်း အဓိကကစားသမား(၆)ဦးအထိ စာချုပ်သစ်ချုပ်ဆိုထားနိုင်ခဲ့ကြောင်း သိရသည်။

လီဗာပူးလ်အနေဖြင့် ယခုနွေရာသီတွင် အသင်း၏အဓိကကစားသမားများကို စာချုပ်သက်တမ်းတိုးမှုများ လုပ်ဆောင်နေပြီး ဟန်ဒါဆန်မတိုင်မီ အာနိုးလ်၊ ဖာဘင်ညို၊ အယ်လစ်ဆန်၊ ဗန်ဒိုက်နှင့် ရောဘတ်ဆန်တို့ကို စာချုပ်သစ် ချုပ်ဆိုခဲ့သည်။

လီဗာပူးလ်အသင်းသည် အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်ကို ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

အသက် ၃၁ နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်အသင်း ကွင်းလယ်လူလည်းဖြစ်သူ ဟန်ဒါဆန်၏ယခင်စာချုပ်မှာ သက်တမ်း ၂ နှစ် ကျန်နေသေးသော်လည်း လီဗာပူးလ်အသင်းက စာချုပ်သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မကြာသေးမီက ဟန်ဒါဆန်သည် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန်ဆွေးနွေးမှု သဘောတူညီမှုမရရှိသောကြောင့် အသင်းမှ ထွက်ခွာတော့မည်ဟု သတင်းများပေါ်ထွက်ခဲ့သော်လည်း အပြီးသတ်တွင် အသင်းနှင့်ဆက်ရှိနေခဲ့ခြင်း ဖြစ်သည်။

''ဒီခရီးလမ်းကို ရှေ့ဆက်လျှောက်လှမ်းရမယ့်အတွက် ကျွန်တော့်အဖို့ မယုံကြည်နိုင်လောက်အောင်ပါပဲ။ နောက်ဆုံးတော့ စာချုပ်ကိစ္စ အပြီးသတ်နိုင်ခဲ့တာ အံ့အားသင့်စရာဖြစ်ခဲ့ပြီး အနာဂတ်မှာ ဘာတွေဆုပ်ကိုင်နိုင်မလဲကို စောင့်စားမျှော်လင့်ရင်းနဲ့ အာရုံစိုက်ထားပါတယ်''ဟု ဟန်ဒါဆန်က ပြောကြားခဲ့သည်။

ဟန်ဒါဆန်သည် စာချုပ်သစ်အရ လီဗာပူးလ်အသင်းတွင် အသက် ၃၅ နှစ်အထိ ဆက်ရှိနေမည်ဖြစ်သည်။

ဟန်ဒါဆန်သည် ၂၀၁၁ ခုနှစ်တွင် ဆန်းဒါးလန်အသင်းမှ ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ဖြင့် လီဗာပူးလ်အသင်းသို့ ရောက်ရှိလာပြီး ပြိုင်ပွဲစုံ စုစုပေါင်း ၃၉၄ ပွဲအထိ ကစားထားခဲ့သည်။

၎င်းအနေဖြင့် လီဗာပူးလ်အသင်းနှင့်အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလား၊ လိဂ်ဖလားစသည့် ဖလားငါးလုံးအထိ ဆွတ်ခူးခဲ့ပြီး ပထမဆုံးဖလားမှာ ၂၀၁၂ ခုနှစ်က နည်းပြဟောင်း ကင်နီဒဲဂလစ်ရှ်လက်ထက် တွင်ရရှိခဲ့သည့် လိဂ်ဖလားအောင်မြင်မှုဖြစ်သည်။

Most Read

Most Recent