မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံမြို့သစ်တွင် သြဂုတ် ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပုဂံဒေသ လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုဂံမြို့သစ်တွင် နေအိမ် ၁၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး လက်ရှိတွင် ပျက်စီးဆုံးရှုံးစာရင်းများကို လိုက်လံပြုစုနေပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူထိခိုက်သေဆုံးမှု မရှိကြောင်း ပုဂံဒေသ လူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားသည်။
“ညက မိုးကြီးပြီး ချောင်းကျသွားတော့ ချောင်းဘေးနားက အိမ်တွေပါသွားတယ်။ ချောင်းဘေး တစ်လျှောက်ဆို အိမ်ခြေ ၁၀၀ ကျော်လောက် ရေနစ်မြုပ်မှု ဖြစ်တယ်။ စာရင်း အတိအကျရဖို့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ပုဂံမြို့သစ် ရွာသစ်ရွာအပိုင်းကစပြီး ကိုးလုံးရွာအဆုံး ချောင်းတစ်လျှောက်ကို စာရင်းကောက်ယူဖို့ လုပ်နေပါတယ်။ ဒီက မိုးနည်းရပ်ဝန်းဆိုတော့ ဖြစ်ခဲပါတယ်။ ခန့်မှန်းခြေ ငါးနှစ်၊ ၁၀ နှစ်မှ တစ်ကြိမ် ဖြစ်တတ်တာပေါ့။ ဒီတစ်ကြိမ်နဲ့ဆို တတိယအကြိမ်မြောက် ရှိပါပြီ။ ပျက်စီးမှု အခြေအနေက စာရင်းကောက်ယူနေပါတယ်။ လူထိခိုက်သေဆုံးမှု မရှိပါဘူး” ဟု ၎င်းက ပြောကြားသည်။
ထို့ပြင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားအမှတ် ၈၀၁ သံပျင်စွာဘုရား တောင်ဘက်နံရံမှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။















