ကိုဗစ်ကာကွယ်ဆေး ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန် မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
သြဂုတ် ၂၇ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ပြည်သူလူထုအနေနဲ့ ကာကွယ်ဆေး အဆက်မပြတ်ထိုးနှံနိုင်ဖို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ အစိုးရအနေနဲ့ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ ဒီလထဲမှာတရုတ်နိုင်ငံကနေ ကာကွယ်ဆေးလေးသန်း ဝယ်ယူရရှိခဲ့ပြီး ကာကွယ်ဆေးနှစ်သန်း လှူဒါန်းခဲ့ပါတယ်။ ဆေးများရောက်ရှိမှုကတော့ နှစ်သန်းရောက်ရှိပြီး ဖြစ်ပါတယ်။ ယခုလက်ရှိ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဦးစားပေးအုပ်စု ၁၂ စု ခွဲခြားပြီး ထိုးနှံပေးလျက်ရှိပါတယ်။ ယခုအပတ်အတွင်းမှာပဲ နောက်ထပ်လေးသန်း ထပ်မံရောက်ရှိမှာ ဖြစ်ပါတယ်။ ကျန်တဲ့ဆေးများကိုလည်း အသုတ်လိုက်ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ နောက်ထပ်ကျွန်တော်တို့ ဆေး ၂၄ သန်းကို ဝယ်ယူရရှိဖို့ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ ကျွန်တော်တို့နိုင်ငံမှာ ဆေးနှံရမယ့် ပြည်သူလူထုရဲ့ ၅၀ ရာခိုင်နှုန်းကို ဆေးအပြီးထိုးနှံနိုင်ရေး၊ ဒါထက်ပိုပြီး ကျွန်တော်တို့ အခြေအနေပေးမယ်ဆိုရင်တော့ ဒီ ၅၀ ရာခိုင်နှုန်းရဲ့အထက်ကို ကျော်လွန်အောင် ကာကွယ်ဆေး ထိုးနှံပေးနိုင်ဖို့ ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူလူထုအတွက် ကိုဗစ်ရောဂါ အကာအကွယ် အမြန်ဆုံးရရှိနိုင်တဲ့အရေး ကြိုးစားပြီးဆောင်ရွက်ပေးနေပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ပြည်တွင်းမှာပဲ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့အတွက် မိတ်ဆွေနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ပြီးခဲ့သည့် အစိုးရလက်ထက်၌ အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေး သန်း ၃၀ ဝယ်ယူရရှိရေး စာချုပ်ချုပ်ဆိုခဲ့ပြီး ဝယ်ယူခဲ့သည့် ဆေးများထဲမှ နှစ်သန်းနှင့် လှူဒါန်းသည့်ဆေး ၁ ဒသမ ၅ သန်း ရှိခဲ့ကြောင်း၊ ယင်းသို့ရရှိခဲ့သည့် ကိုဗစ်ကာကွယ်ဆေးများကိုလည်း ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “အိန္ဒိယနိုင်ငံထဲမှာလည်း ကိုဗစ်ဖြစ်ပွားမှု မြင့်မားလာတဲ့အတွက် ကျန်ဆေးတွေကိုတော့ ဆက်လက်မပို့ဆောင်နိုင်သေးပါဘူး။ ဒါဟာလည်း ကျွန်တော်တို့နိုင်ငံ တစ်နိုင်ငံတည်းမှာဖြစ်တာ မဟုတ်ပါဘူး။ ကျန်တဲ့နိုင်ငံတွေမှာလည်း အလားတူပဲဖြစ်ပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံက ကာကွယ်ဆေးနှစ်သန်းဟာလည်း ဒီလထဲမှာပဲ အသုတ်လိုက်ခွဲပြီးတော့ ရောက်ရှိလာနိုင်မှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
ကိုဗစ်ကာကွယ်ဆေး ထိုးထားခြင်းအားဖြင့် ရောဂါကူးစက်မှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်သည့်အပြင် ကိုဗစ်ရောဂါ ကူးစက်ခံသော်လည်း ပြင်းထန်သည့် ရောဂါလက္ခဏာခံစားရမှု ရှိနိုင်မည်မဟုတ်သလို အသက်အန္တရာယ်မှလည်း ကာကွယ်နိုင်မည်ဖြစ်ပြီး ကာကွယ်ဆေးထိုးပြီးသူနှင့် မထိုးရသေးသူသည်လည်း ရောဂါလက္ခဏာ ခံစားရသည့်အခြေအနေ ကွာခြားခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ဆေးရုံများ၏ အောက်ဆီဂျင်လိုအပ်ချက်ကို ပုဂ္ဂလိကပိုင်စက်ရုံများ၊ ရန်ကုန်တိုင်းဒေသ ကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ဝယ်ယူဖြည့်တင်းခဲ့ပြီး ICU လူနာများအတွက်သာ ထားရှိခဲ့ခြင်းကြောင့် အောက်ဆီဂျင်နှင့်ပတ်သက်သည့် အခြေခံအဆောက်အအုံများ ပြည်သူ့ဆေးရုံများတွင် နည်းပါးခဲ့ကြောင်း၊ ထို့ပြင်နိုင်ငံရေး လှုံ့ဆော်သူများကြောင့် ဆူပူဆန္ဒပြသည့် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ခြင်းသည်လည်း ရောဂါကူးစက်မှု မြင့်မားစေရန်အတွက် အခြေခံအကြောင်းရင်းတစ်ရပ်ဖြစ်ခဲ့သည်ကို တွေ့ရှိခဲ့ရပြီး အချိန်တိုအတွင်း ဖြေရှင်းနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။















