အတ္တ-ပရ မျှတသော

အတ္တ-ပရ မျှတသော
Published 26 August 2021

 “မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံကာနီးဆဲဆဲအချိန်မှာ ဘုရားရှင်အနီးအပါးသို့ အရပ်ရပ်မှ ရောက်လာကြသည့် သာဝကရဟန်းများ ရှိကြသည်။ ထိုသာဝကရဟန်းများက ဘုရားရှင်ကိုယ်တော်မြတ်ကြီးအနား၌ထိုင်ကာ မျက်ရည်စိုရွှဲနေသည့် မျက်နှာနှင့်မိမိတို့၏ ဆရာသခင်ကျေးဇူးရှင်ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်ပြုတော့မည်ကို မျှော်မှန်းကာ ကြေကွဲနေကြရှာသည်။ ထိုအချိန်၌ ‘အတ္တဒတ္တ’ ဟု ခေါ်သော ရဟန်းတစ်ပါးသည် ပရိသတ်နှင့် လွတ်ကင်းရာ အိပ်ရာကျောင်းခန်းဆီသို့သွားကာ ၀ိပဿနာကမ္မဋ္ဌာန်းတရားကို အားထုတ်နေသည်။ ယင်းကို အခြားသော ရဟန်းများ သိရှိသွားကြသည့်အခါ “ဤရဟန်းသည် မြတ်ဗုဒ္ဓ၏အကျိုးကို ဂရုမစိုက်" ဟု ဆိုကာ မကျေမနပ်ဖြစ်ကြသည်။ ယင်းကိစ္စကို ဘုရားရှင်ထံသွားရောက်လျှောက်ထားကြသည်။ ထိုအခါ ‘အတ္တဒတ္တ’ ရဟန်းက ပြန်လည်လျှောက်ထားပုံမှာ “မြတ်စွာဘုရားသည် မကြာမီမှာပင် ပရိနိဗ္ဗာန်ပြုတော့မည်။ ငါသည်ဘုရားရှင်ပရိနိဗ္ဗာန်မပြုမီ သက်တော်ထင်ရှားရှိစဉ်ကာလမှာပင် အရဟတ္တမဂ်ဖိုလ်သို့ရောက်အောင် ကျင့်ကြံပွားများ အားထုတ်နေခြင်းသည်သာ ဘုရားရှင်ကိုဂုဏ်ပြုရာရောက်သည်” ဟူ၏။ ထိုစကားကို ကြားရသည့်အခါ မြတ်စွာဘုရားက ထိုရဟန်း၏ သဘောထားနှင့် အပြုအမူကို လွန်စွာနှစ်သက်တော်မူသည်။ယင်းနောက် ဘုရားရှင်က သူတစ်ပါးအကျိုးအတွက် မိမိ၏အကျိုးဖြစ်သည့် အရဟတ္တမဂ်ဖိုလ်ရောက်အောင် အားထုတ်ခြင်းအမှုကို မစွန့်လွှတ်သင့်” ဟု မိန့်တော်မူ၏။

နိုင်ငံရေးဟူသည် အလွန်ရှုပ်ထွေးသော အကြောင်းအရာတစ်ရပ် ဖြစ်သော်လည်း အနည်းငယ်မျှသော အကြောင်းခြင်းရာတို့က နိုင်ငံရေးဆိုင်ရာ အကြောင်းအရာအများစုနှင့် ရလဒ်အများစုအပေါ် အဆက်မပြတ် အရေးပါသော သြဇာသက်ရောက်မှု ရှိသည်။ ယင်းတို့အနက် အရေးပါသော အကြောင်းခြင်းရာတစ်ရပ်မှာ အိုင်ဒီယိုလိုဂျီဖြစ်ပြီး အခြားတစ်ခုမှာ သီးသန့်အကျိုးစီးပွားဆိုင်ရာ ငွေကြေး၏ သြဇာလွှမ်းမိုးမှုများဖြစ်သည်။ တတိယမြောက်အဓိကကျသော အကြောင်းခြင်းရာတစ်ရပ်မှာမူ လူသားတို့၏ သဘာဝအတိုင်း မွေးရာပါဖြစ်သော ကိုယ်ကျိုးစီးပွားနှင့် ယင်းကအများပြည်သူအကျိုးစီးပွားအပေါ် သက်ရောက်မှုဖြစ်သည်။ ယင်းအကြောင်းခြင်းရာ သုံးရပ်ရှိခြင်း၊ မရှိခြင်းသည် လည်းကောင်း၊ တစ်ခု သို့မဟုတ် နှစ်ခု သို့မဟုတ် သုံးခုရှိခြင်းတို့သည် လည်းကောင်း ရလဒ်ကောင်းခြင်း၊ မကောင်းခြင်းတို့အပေါ် အဓိကသက်ရောက်လျက် ရှိသည်။

ကိုယ်ကျိုးစီးပွားရှိခြင်းသည် သဘာဝအတိုင်း လူတို့၏မွေးရာပါ ဗီဇဖြစ်သည်။ ယင်းကဲ့သို့ ကိုယ်ကျိုးစီးပွားရှိခြင်းကို နိုင်ငံရေးအပါအဝင် အကြောင်းအရာများစွာတို့တွင် ထည့်သွင်းစဉ်းစားနိုင်သည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေများ၌ မူဘောင်ချမှတ်သူများသည် ယင်းကိုထည့်သွင်းစဉ်းစားကာ သဘောတရားအသစ်ဖြစ်သော ကိုယ်ကျိုးစီးပွားများနှင့် သဘောတရားအဟောင်းဖြစ်သော အများပြည်သူအကျိုးစီးပွားကို မြှင့်တင်ရမည့် အရပ်ဘက်ဆိုင်ရာ စံသတ်မှတ်ချက်တို့အကြား ချိန်ညှိနိုင်ရန် ကြိုးစားရုန်းကန်ကြရသည်။ နိုင်ငံရေးတွင် နိုင်ငံရေးဆိုင်ရာ ကိုယ်ကျိုးစီးပွား၏ သက်ရောက်မှုနှင့် တကယ့်အရှိတရားကို နားလည်သဘောပေါက်နိုင်ရန် ကြိုးပမ်းရသည်။ ကိုယ်ကျိုးစီးပွားကို သတိမပြုမိခြင်းနှင့် ထည့်သွင်းမစဉ်းစားမိခြင်းတို့ ဖြစ်ပေါ်သည့်အခါ လောင်းကြေးထပ်ရမှု ပမာဏကမြင့်မားသွားနိုင်သည်။ ခေတ်သစ်နိုင်ငံရေးတွင် နိုင်ငံရေးဆိုင်ရာ ကိုယ်ကျိုးစီးပွားရှိမှုကို အရေးတယူ သတိပြုလေ့မရှိသော်လည်း ကိုယ်ကျိုးစီးပွား၏ အတိုင်းအတာနှင့် သြဇာက လွှမ်းခြုံလျက်ရှိသည်။

“ပြည်သူတို့၏ နေ့စဉ်ဘဝတွင် ကိုယ်ကျိုးစီးပွားနှင့် အများပြည်သူအကျိုးစီးပွား မည်သည့်အရာက လွှမ်းမိုးထားသနည်း” ဟူသည့် မေးခွန်းကို ဖြေဆိုရန် သဘောတရားများ၊ နိုင်ငံရေးဒဿနများနှင့် ရွေးကောက်ပွဲ သုတေသနများက အမြဲတမ်းကြိုးစားခဲ့ကြသည်။ ဆွီဒင်နိုင်ငံ Uppsala တက္ကသိုလ် နိုင်ငံရေး သိပ္ပံဌာနမှ ပါမောက္ခ Leif Lewin က ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ယင်းကိစ္စနှင့်ပတ်သက်၍ အများသဘောတူသောအချက်များ ပေါ်ထွက်လာကြောင်း ပြသခဲ့သည်။ ယင်းအချက်များအရ နိုင်ငံရေးတွင် ပါဝင်သော သူများကို ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအရသာ အဓိကမောင်းနှင်ခြင်းဖြစ်ပြီး အများကောင်းကျိုးနှင့် လူ့အဖွဲ့အစည်း၏ စံသတ်မှတ်ချက်များက မောင်းနှင်ခြင်း မဟုတ်ကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် တစ်သီးပုဂ္ဂလဆိုင်ရာ ဆင်ခြင်တုံတရားနှင့် ပတ်သက်၍ ငြင်းခုံမှုအသစ်များကို ပေါ်ထွက်လာစေခဲ့သည်။

သာမန်ပြည်သူဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ၊ အစိုးရအဖွဲ့ဝင်ဖြစ်စေ ကိုယ်ကျိုးစီးပွားရှိကြသူချည်းသာဖြစ်၏။ သို့သော် ယင်းသို့ဆိုလိုက်သည်နှင့် အများပြည်သူအကျိုးစီးပွားကို အဓိကထားသော သဘောတရားများကို ငြင်းဆိုလိုက်ခြင်း မဟုတ်ပါ။ အများပြည်သူအကျိုးစီးပွားကို အဓိကထားသော သဘောတရားများသည် စံပြုပုံစံများဖြစ်ပြီး နိုင်ငံရေးဆိုင်ရာ ပြုမူဆောင်ရွက်ချက်အားလုံးကို ကိုယ်ကျိုးစီးပွားဖြင့် ရှင်းပြနေခြင်း မဟုတ်ပါ။ အများပြည်သူအကျိုးစီးပွားကို အဓိကထားသော သဘောတရားများသည် ဆိုးရွားသောအမှုများ ပေါ်ပေါက်လာခြင်း မရှိစေရန် ကာကွယ်သည့် စည်းမျဉ်းများနှင့် အင်စတီကျူးရှင်းများကို ဖန်တီးရာ၌ အသုံးဝင်သည်။ သို့သော် အများပြည်သူအကျိုးစီးပွားကို အဓိကထားသော သဘောတရားများသည် နိုင်ငံရေးဆိုင်ရာ ပြုမူဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြီးပြည့်စုံသော ရှင်းပြချက် မဟုတ်သကဲ့သို့ အင်စတီကျူးရှင်းများ ဖွဲ့စည်းရာတွင် သင့်တော်သော အခြေခံတစ်ရပ်မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ အတ္တ-ပရ မျှတသော လောကတစ်ရပ်သာ ရေရှည်တည်တံ့နိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

သြဂုတ် ၂၇ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်