ခြိမ်းခြောက်မှုများအောက်မှ အီရတ်ရှေးဟောင်းသုတေသနနယ်မြေများ

ခြိမ်းခြောက်မှုများအောက်မှ အီရတ်ရှေးဟောင်းသုတေသနနယ်မြေများ
Photo:AFP
Photo:AFP
Published 25 August 2021
ဖြိုးဟိန်းကျော်

ဗြိတိန်နိုင်ငံ ဆက်ဆက်စ်ဒေသမှ လူကုံထံတစ်ဦး၏ ပိုင်ဆိုင်ပစ္စည်းဖြစ်ကာ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းအမွေပစ္စည်းအဖြစ် စာရင်းသွင်းခံထားရသော နှစ်ပေါင်း ငါးထောင်ကျော်သက်တမ်းရှိ ဆူမားရီးယန်းခေတ် ကမ္ပည်းကျောက်စာတိုင်တစ်ခုကို ဝယ်ယူရန် ဆန္ဒရှိပါသလား။

လေလံပွဲ ဝက်ဘ်ဆိုက်ဖြစ်သည့် liveauctioneers.com တွင် ဆူမားရီးယန်းခေတ် ရွှံ့စေးကမ္ပည်း ကျောက်စာတိုင်အတွက် အဖွင့်လေလံစျေးကို ပေါင် ၅၅၀ (ဒေါ်လာ ၇၅၀) သတ်မှတ်ထားသည်။

၎င်းအရာဝတ္ထုသည် အလေးချိန် ၇၀ ဂရမ်မျှသာ ရှိသော်လည်း ကမ္ဘာပေါ်တွင် ရှေးအကျဆုံး စာရေးသားနည်းအဖြစ် မှတ်တမ်းဝင်သည့် ကျူနီဖောင်းစာအကြွင်းအကျန်များ ပါရှိကာ ဗြိတိန်နိုင်ငံ West Sussex ဒေသမှ လူကုံထံတစ်ဦး၏ ပိုင်ဆိုင်ပစ္စည်းအဖြစ် စာရင်းသွင်းထားခြင်းဖြစ်သည်။

သို့ရာတွင် ယင်းကဲ့သို့ အရာဝတ္ထုအချို့၏ ပိုင်ဆိုင်မှုနောက်ခံရာဇဝင်ကို သက်သေပြရန် ပို၍ခဲယဉ်းနိုင်ပေသည်။ ၎င်းတို့သည် မျိုးရိုးစဉ်ဆက် လွှဲပြောင်းဆက်ခံခဲ့ပုံမရဘဲ မှောင်ခိုကူးသူများနှင့် တစ်ဆင့်ခံရောင်းချသူများမှ အဆင့်ဆင့် လက်လွှဲပြောင်းခဲ့ပုံရသည်။

ရှေးဟောင်းပစ္စည်းများကို ခိုးဝှက်လုယက်မှုများ တိုးလာမှုသည် အကျင့်ပျက်ခြစားမှုများ ပျံ့နှံ့နေပြီး ရှေးဟောင်းသုတေသနနယ်မြေများကို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ထားခြင်းမရှိသည့် အီရတ်နိုင်ငံအတွက် ကြီးမားသောပြဿနာတစ်ခု ဖြစ်ပေသည်။

အချို့သော အရာဝတ္ထုများအတွက်မူ ဘီစီလေးထောင်တွင် တည်ရှိခဲ့သည့် ဆူမားရီးယန်းအင်ပါယာ၏ နယ်မြေများမှ အမှန်တကယ် ခိုးယူခဲ့ခြင်းမဟုတ်ကြောင်း သက်သေပြနိုင်ရန် ခဲယဉ်းနိုင်ပေသည်။

မှောင်ခိုကူးလာသော (သို့မဟုတ်) အခြားခိုးရာပါပစ္စည်းများ စျေးကွက်ထဲသို့ ဝင်ရောက်လာနိုင်သည်ကို ၎င်းတို့အနေဖြင့် သတိပြုမိကြောင်း liveaucioneers.com ၏ ပင်မကုမ္ပဏီဖြစ်သော ဗြိတိန်အခြေစိုက် TimeLine Auctions မှ ခရစ္စရန်က ပြောသည်။ ယင်းသို့ဖြစ်လာနိုင်သည့် အခြေအနေများကို ထိန်းချုပ်တားဆီးနိုင်ရန် ငွေကြေးအရရော အားစိုက်ထုတ်မှုပါ ကြီးကြီးမားမား ပြုလုပ်ခဲ့ရသည်ဟု ၎င်းက ပြောသည်။

အကျိုးအမြတ်များပြားလှသည့် ရောင်းဝယ်မှု

ဆူမားရီးယန်း၊ အဆီးရီးယန်းနှင့် ဘေဘီလိုနီးယန်းတို့သည် မျက်မှောက်ခေတ်တွင် အီရတ်နိုင်ငံအဖြစ် တည်ရှိနေပြီး မှောင်ခိုကူးသူများ မျက်စိကျသော နယ်မြေဖြစ်လာသည့် ရှေးခေတ်တိုင်းပြည်တွင် ကျင်လည်ခဲ့ကြသည်။

ယင်း၌ ရှေးဟောင်းသုတေသနဆိုင်ရာ နေရာ အမြောက်အများရှိနေပြီး မှောင်ခိုကူးသူများက အခါအခွင့်သင့်တိုင်း တူးဖော်မှုများ လုပ်ဆောင်နေသည်ဟု Iraqi State Board of Antiquities and Heritage ၏ ဒါရိုက်တာဖြစ်သူ မာဂျစ်ဟူစိန်က ပြောသည်။ သို့သော် တရားမဝင် ပို့ကုန်ပစ္စည်းအဖြစ်သို့ ရောက်ရှိခဲ့ရသည့် ရှေးဟောင်းပစ္စည်းအရေအတွက် စာရင်းဇယားများ ရှိမနေဟုလည်း ၎င်းက ပြောသည်။

အကျင့်ပျက်ခြစားမှုနှင့် လက်နက်ကိုင်အုပ်စုများ လွှမ်းမိုးနေမှုသည် အကျိုးအမြတ်များသော ယင်းလုပ်ငန်းကို ပို၍ကြီးထွားလာစေရန် တွန်းအားပေးခဲ့သည်။

တစ်ချိန်က ဆူမားရီးယန်းနှင့် ဘေဘီလုံ ယဉ်ကျေးမှုများ ထွန်းကားခဲ့သည့် အီရတ်တောင်ပိုင်းရှိ ရှေးဟောင်းသုတေသနဆိုင်ရာ နေရာတစ်ခုတွင် လုံခြုံရေးအဖြစ် တာဝန်ယူထားသူတစ်ဦးကလည်း ၎င်းရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖွင့်ဟပြောဆိုခဲ့သည်။

“ တစ်နေ့မှာ လက်နက်ကိုင်အမျိုးသား သုံးဦး ထရပ်ကားနဲ့ ရောက်လာတာကို တွေ့လိုက်ပါတယ်။ သူတို့က ရုတ်တရက် တူးဖော်တာတွေ စလုပ်ပါတယ်။ ကျွန်တော် သူတို့ကို သွားတားတဲ့အချိန်မှာ သူတို့က လေထဲကို သေနတ်ပစ်ဖောက်ပြီး ဒီနေရာကို မင်းအပိုင်လို့ ထင်နေသလားဆိုပြီး အော်ငေါက်ခဲ့တယ်” ဟု အမည်နှင့် နေရာဖော်ပြခြင်းမရှိသည့် ၎င်းလုံခြုံရေးဝန်ထမ်းက ပြောကြားခဲ့သည်။

အီရတ်တွင် ရှေးဟောင်းနယ်မြေများကို ကာကွယ်စောင့်ရှောက်ရန် အင်အားအရင်း မြစ်နည်းပါးနေခြင်းသည် အလွန်စိုးရိမ်စရာ ကောင်းနေသည်။ လူဦးရေ သန်း ၄၀ ၏ ၂၇ ရာခိုင်နှုန်းလောက်က ချို့တဲ့စွာနေထိုင်နေရသည့် နိုင်ငံတစ်နိုင်ငံတွင် ၎င်းအရေးကိစ္စထက် အခြားဦးစားပေးလုပ်ဆောင်စရာများ ရှိနေသည်ဟု အာဏာပိုင်များက ကာကွယ်ပြောဆိုထားသည်။

အီရတ်၏ ရှေးဟောင်းနယ်မြေများသည် နိုင်ငံတောင်ပိုင်း ကတ်ထ်၊ ဆာမာဝါနှင့် နာဆီရီယာမြို့တို့တွင် စုပြုံတည်ရှိနေသည်။

မှောင်ခိုကူးသူများသည် ယင်းမြို့များမှ ၎င်းတို့ ခိုးဝှက်ယူဆောင်လာသော ပစ္စည်းများကို နိုင်ငံတောင်ပိုင်းရှိ စိမ့်တောများမှတစ်ဆင့် အီရန်နိုင်ငံနှင့် မဝေးလှသော အာမာရာမြို့သို့ ပို့ဆောင်ကြပြီး အာမာရာမြို့သည့် ရှေးဟောင်းပစ္စည်းများ မှောင်ခိုကူးရာ ဗဟိုချက်တစ်ခု ဖြစ်လာခဲ့သည်ဟု အမည်မဖော်လိုသော ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက ဆိုသည်။

ထို့နောက် ခိုးယူလာသော ရှေးဟောင်းပစ္စည်းများကို အီရန်သို့ သယ်ဆောင်ကာ ငါးဖမ်းသင်္ဘောများဖြင့် ပင်လယ်ပြင်ကိုဖြတ်ကူး၍ ပင်လယ်ကွေ့နိုင်ငံများသို့ ပို့ဆောင်ကြသည်ဟုလည်း ၎င်းက ပြောသည်။

ထို့အပြင် ၎င်းပစ္စည်းများကို ဂျော်ဒန်၊ ဆီးရီးယား၊ တူရကီတို့နှင့် နယ်နိမိတ် ထိစပ်နေသော အီရတ်မြောက်ပိုင်း သဲကန္တာရကို ဖြတ်ကာ ကုန်းလမ်းမှလည်း ခိုးထုတ်ကြဖွယ်ရှိသည်ဟု သိရသည်။

ယင်းမှောင်ခိုလုပ်ငန်းမှ ရရှိလာသော ငွေကြေးများသည် ဒုစရိုက်ဂိုဏ်းများအတွက် အလွန်အမင်း အကျိုးအမြတ်များပြားခဲ့ပြီး အီရန်နှင့်နီးစပ်သော အုပ်စုများအပါအဝင် လက်နက်ကိုင်အုပ်စုများသည် နိုင်ငံအတွင်း သြဇာကြီးထွားလာခဲ့ဟု အီရတ်အစိုးရ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

အစိုးရအရာရှိများ လစာနည်းပါးသည့် နိုင်ငံတစ်နိုင်ငံတွင် အကျင့်ပျက်ခြစားမှုသည် အဓိကအခန်းကဏ္ဍတွင် ရှိနေတတ်ပြီး အကျင့်ပျက်ခြစားမှုစောင့်ကြည့်ရေးအဖွဲ့ဖြစ်သော Trasparency International ၏ အဆင့်သတ်မှတ်ချက်တွင် အီရတ်သည် နိုင်ငံပေါင်း ၁၈၀ ၌ အဆင့် ၁၆၀ တွင် ရှိနေသည်။

အဓိက အကျိုးအမြတ်ရရှိနေသူ

၂၀၁၄ မှ ၂၀၁၇ ခုနှစ်အတွင်း အီရတ်နိုင်ငံ၏ နယ်မြေအများအပြားကို အိုင်အက်စ် စစ်သွေးကြွအုပ်စု သိမ်းယူခဲ့စဉ်တွင် ဂျီဟတ်တို့သည် ဘူဒိုဇာများ၊ ပေါက်ချွန်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ အသုံးပြုကာ အစ္စလာမ်ဘာသာမထွန်းကားမီက တည်ရှိခဲ့သော နေရာများကို ဖျက်ဆီးကာ ရတနာများကို ခိုးယူခဲ့ကြသည်။

ဘီစီ ၁၃ ရာစုတွင် တည်ထောင်ခဲ့ပြီး နိုင်ငံမြောက်ပိုင်း မိုဆူးမြို့ပြင်ရှိ အဆီးရီးယန်း အင်ပါယာ၏ အဖိုးတန်အမွေအနှစ်ဖြစ်သော နင်မ်ရက်ဒ် မြို့သည်လည်း ပစ်မှတ်ထားခံရသည့် နေရာတစ်ခုဖြစ်ခဲ့သည်။

ထို့အပြင် ဂျီဟတ်တို့သည် ရှေးဟောင်းပစ္စည်းများ မှောင်ခိုကူးမှုတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု အမည်မဖော်လိုသည့် ဥရောပ လုံခြုံရေးသတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့ပြီး ယင်းလုပ်ငန်းသည် ၎င်းတို့အတွက် ငွေကြေးအကျိုးအမြတ်ရခဲ့သော်လည်း ဆီးရီးယားနိုင်ငံကို ပိုမိုထိခိုက်စေခဲ့သည်ဟု ၎င်းက ဆိုသည်။

အိုင်အက်စ်အုပ်စုသည် တရားမဝင် ရှေးဟောင်းပစ္စည်း အရောင်းအဝယ်လုပ်ရာမှ အကျိုးအမြတ် အများအပြားရရှိခဲ့သည်ဟု ဂျီနီဗာအခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သော Global Initiative Against Transnational Organised Crime မှ ၂၀၂၀ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ်တွင် အိုင်အက်စ်အုပ်စု၏ တစ်နှစ်တာဝင်ငွေ အရပ်ရပ်သည် အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံမှ ၂.၇ ဘီလီယံကြား ရှိခဲ့ဟု ယူဆရကြောင်းနှင့် ရှေးဟောင်းပစ္စည်း မှောင်ခိုကူးမှုနှင့် အခွန်ကောက်ခံမှုမှ ဒေါ်လာ သန်း ၂၀ ရရှိခဲ့သည်ဟု ၎င်းအစီရင်ခံစာ၌ ဖော်ပြထားသည်။

နှစ်ပေါင်း ၄၀၀၀ ခန့် သက်တမ်းရှိကာ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ခိုးယူခံခဲ့ရသည့် ရှေးဟောင်းသုတေသနဆိုင်ရာ အဖိုးတန်ပစ္စည်း ၁၇,၀၀၀ ခန့်ကို အမေရိကန် ပြည်ထောင်စုက အီရတ်သို့ ယခုလအစောပိုင်းတွင် ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

ယင်းကဲ့သို့ ပြန်လွှဲပြောင်းမှုများကို လှိုက်လှဲစွာ ကြိုဆိုရမည်ဖြစ်သော်လည်း ရှေးဟောင်းပစ္စည်းများ မှောင်ခိုကူးမှုတွင် အိမ်နီချင်းနိုင်ငံများ ပါဝင်ပတ်သက်နေခြင်းက ပြဿနာတစ်ခု ဖြစ်နေသည်ဟု ယုံကြည်ကြောင်း အီရတ်အစိုးရ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။