သီလ၊ သမာဓိနှင့် ပညာတည်းဟူသော သိက္ခာသုံးပါး

သီလ၊ သမာဓိနှင့် ပညာတည်းဟူသော သိက္ခာသုံးပါး
Published 25 August 2021

သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်း၍ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုလိုသော ပုဂ္ဂိုလ်သည် သီလ၊ သမာဓိ၊ ပညာတည်းဟူသော သိက္ခာသုံးပါး၌ ကျင့်ကြံကြိုးကုတ် အားထုတ်ရသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် “သီလံသမာဓိပညာစ၊ ယဿဧတေသုဘာဝိတာ။ အတိက္ကမ္မမာရဓေယျံ၊ အာဓိစ္စောဝ၀ိရောစတိ” ဟူ၍ ဣတိဝုတ်ပါဠိတော်၌ ဟောတော်မူသည်။ အဓိပ္ပါယ်မှာ “အကြင်သူသည် အဓိသီလသိက္ခာဟု ဆိုအပ်သောသီလကို လည်းကောင်း၊ အဓိစိတ္တသိက္ခာဟု ဆိုအပ်သော သမာဓိကိုလည်းကောင်း၊ အဓိပညာ သိက္ခာဟု ဆိုအပ်သော ပညာကိုလည်းကောင်း၊ ဤသုံးပါးသောတရားတို့ကို ဆုံးခန်းတိုင်အောင် ကောင်းစွာ ပွားများအပ်ကုန်၏။ ယင်းသို့ပွားများသောသူသည် မာရ်မင်း၏ နိုင်ငံကို လွန်မြောက်၍ နေမင်းကြီးကဲ့သို့ ထွန်းလင်းတင့်တယ်၏” ဟူ၏။

ထိုသီလ၊ သမာဓိ ၊ ပညာသိက္ခာသုံးပါးတို့တွင် သီလဆိုသည်ကား လူတို့၌ ငါးပါးသီလ၊ အာဇီဝဋ္ဌမကသီလ၊ ရှစ်ပါးသီလ၊ ၁၀ ပါးသီလတို့ပေတည်း။ ပကတိလူတို့အတွက် ငါးပါးသီလနှင့် အာဇီဝဋ္ဌမကသီလဟု ဆိုအပ်သော နိစ္စသီလသည် သီလမည်၏။ ရှစ်ပါးသီလနှင့် ၁၀ ပါးသီလသည် အမွှမ်းတင်သီလမျိုးဖြစ်သည်။ နိစ္စသီလမျိုးမဟုတ်၍ တတ်နိုင်လျှင် ဆောက်တည်အပ်၏။ ရဟန်းတို့၌ကား စတုပါရိသုဒ္ဓိသီလသည် သီလမည်၏။ ဤသီလသိက္ခာပုဒ်တို့ကို ဒွါအားဖြင့် ခြုံလိုက်သည်ရှိသော် ကိုယ်ဖြင့် မလွန်ကျူးကောင်းသော အပြစ်ဒေါသဟူသမျှသည် ကာယဒုစရိုက်မည်၏။ နှုတ်ဖြင့် မလွန်ကျူးအပ်၊ မလွန်ကျူးကောင်းသော အပြစ်ဒေါသဟူသမျှသည် ဝစီဒုစရိုက်မည်၏။ စိတ်ဖြင့် မလွန်ကျူးအပ်၊ မလွန်ကျူးကောင်းသော အပြစ်ဒေါသဟူသမျှသည် မနောဒုစရိုက်မည်၏။ ထိုကာ ယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက်တို့ကို မလွန်ကျူး မပြုကျင့်ဘဲ ထိန်းသိမ်းစောင့် ရှောက်သောအားဖြင့် ကာယသုစရိုက်၊ ဝစီသုစရိုက်၊ မနောသုစရိုက် ဟူသည့် သုစရတ သီလသုံးပါးနှင့် ပြည့်စုံသောသူသည် သီလနှင့်ပြည့်စုံသောသူ မည်၏။

သီလ၊ သမာဓိ၊ ပညာသိက္ခာသုံးပါးတို့တွင် သမာဓိဟူသည် ပျံ့လွင့်နေသော စိတ်ကို မပျံ့လွင့်စေဘဲ တစ်ခုတည်းသောအာရုံ၌ ကောင်းစွာတည်ငြိမ်အောင် ပြုလုပ်ခြင်းဖြစ်သည်။ သမာဓိနှင့်ပြည့်စုံရန် ဘုရားရှင်ဟောကြားအပ်သော သမထကမ္မဋ္ဌာန်း ၄၀ တို့တွင် မိမိနှင့်သင့်လျော်သော တစ်ပါးပါးသော ကမ္မဋ္ဌာန်း၌ ပရိကမ္မသမာဓိဖြစ်ပွားအောင် အားထုတ်မှု၊ ထို့ထက်တတ်နိုင်ပါက ဥပစရသမာဓိဖြစ်ပွားအောင် အားထုတ်မှု၊ ထို့ထက်တတ်နိုင်ပါမူ အပ္ပနာသမာဓိဖြစ်ပွားအောင် အားထုတ်အပ်၏။ သမထကမ္မဋ္ဌာန်းကိုပွားများ အားထုတ်ခြင်းကြောင့် ပုဂ္ဂိုလ်အား ဤသုံးပါးသောသမာဓိတို့ဖြစ်ပေါ်လာသည်ရှိသော် ထိုပုဂ္ဂိုလ်ကို သမာဓိနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ဟု မှတ်အပ်၏။ သမထကမ္မဋ္ဌာန်း ၄၀ တို့ကား ကသိုဏ်းဆယ်ပါး၊ အသုဘဆယ်ပါး၊ အနုဿတိဆယ်ပါး၊ ဗြဟ္မဝိဟာရလေးပါး၊ အာရုပ္ပလေးပါး၊ အာဟာရေမဓိကုလသညာတစ်ပါး၊ စတုဓာတုဝဝတ္ထာန်တစ်ပါး စုစုပေါင်း ၄၀ ဖြစ်သည်။

သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာသုံးပါးတို့တွင် ပညာဟူသည် ဒုက္ခသစ္စာ၌ ကောင်းစွာ သိမြင်သော ၀ိဇ္ဇာဉာဏ်၊ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ၌ ကောင်းစွာသိမြင်သော ၀ိဇ္ဇာဉာဏ်၊ ဒုက္ခ၏ ချုပ်ရာနိရောဓသစ္စာ၌ ကောင်းစွာသိမြင်သော ၀ိဇ္ဇာဉာဏ်၊ ဒုက္ခကင်းချုပ်ရာ နိရောဓသစ္စာသို့ရောက်ကြောင်း မဂ္ဂသစ္စာ၌ ကောင်းစွာသိမြင်သော ၀ိဇ္ဇာဉာဏ်တို့ ဖြစ်သည်။ ထို့ပြင်ရုပ်၊ နာမ်၊ ခန္ဓာ၊ အာယတန၊ ဓာတ်၊ ပဋိစ္စသမုပ္ပါဒ်တို့၌ ဝေဖန်ခွဲခြားတတ် စွမ်းလိမ္မာမှု၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတည်း ဟူသောလက္ခဏာရေးသုံးပါးတို့၌ ရှုမြင်မှုတို့သည်လည်း ပညာမျိုးမည်၏။ ဤသို့သောပညာနှင့်ပြည့်စုံသောသူသည် ကောင်းသောပညာနှင့် ပြည့်စုံသောသူမည်၏။

အဆိုပါ သီလ၊ သမာဓိ၊ ပညာ ဟူသော သိက္ခာသုံးပါးတို့တွင် ပညာအဆင့်သည် အရေးအကြီးဆုံးအဆင့် ဖြစ်သည်။ ပညာအဆင့်ကို မရောက်ဘဲ သံသရာဝဋ်ဆင်းရဲမှ မလွတ်ကင်းနိုင်ချေ။ ပညာအဆင့်ကိုရောက်ရန်မှာ သမာဓိရှိမှ ရောက်နိုင်သည်။ သမာဓိအဆင့်ကိုရောက်ရန်မှာလည်း သီလရှိမှရောက်နိုင်သည်။ ထို့ကြောင့် သီလသည် သမာဓိ ဖြစ်ခြင်း၏ အကြောင်းအစပင်တည်း။ သီလရှိမှသမာဓိဖြစ်နိုင်သည်။ သမာဓိရှိမှ ပညာစခန်းသို့ ရောက်နိုင်သည်။ ပညာဖြစ်ပေါ်လာမှ သံသရာဝဋ်ဆင်းရဲမှ လွတ်၍ နိဗ္ဗာန်သို့ ရောက်နိုင်သည်။ ကိလေသာတို့ကို ပယ်သတ်၍ နိဗ္ဗာန်ရောက်ရာ လမ်းကြောင်းဖြစ်သည့် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာ သတိ၊ သမ္မာသမာဓိဟူသော မဂ္ဂင်ရှစ်ပါးတို့ကို သဘောတူကိစ္စတူအနေအားဖြင့် သိက္ခာဖွဲ့လိုက်သည်ရှိသော် သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝဟူ‌သော မဂ္ဂင်သုံးပါးသည် သီလသိက္ခာ၌ဝင်သဖြင့် သီလက္ခန္ဓမဂ္ဂင်မည်၏။ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာ သမာဓိ ဟူသောမဂ္ဂင်သုံးပါးသည် သမာဓိသိက္ခာ၌ဝင်သဖြင့် သမာဓိက္ခန္ဓမဂ္ဂင်မည်၏။ သမ္မာဓိဋ္ဌိ၊ သမ္မာသင်္ကပ္ပမဂ္ဂင် ဟူသော မဂ္ဂင်နှစ်ပါးကား ပညာသိက္ခာ၌ဝင်သဖြင့် ပညက္ခန္ဓ မဂ္ဂင် မည်၏။

ဤသို့ဖြင့် ကိလေသာတည်းဟူသော အကုသိုလ်တရားတို့ကို ထိုက်သင့်အားလျော်စွာ ပယ်သတ်ရာ၌ သီလသည် ကြမ်းတမ်းသော ၀ိတိက္ကမကိလေသာကို ပယ်ခွာပြီး သမာဓိသည် အလတ်ဖြစ်သော ပရိယုဋ္ဌာနကိလေသာကို ပယ်ခွာကာ ပညာသည် သိမ်မွေ့သော အနုသယကိလေသာကို ပယ်ခွာပါကြောင်း The Daily Eleven သတင်းစာက နိဗ္ဗာန် အကျိုးမျှော်ကာ နှိုးဆော်လိုက်ရပါသည်။

သြဂုတ်လ ၂၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်