ပဋိစ္စသမုပ္ပါဒ်တရားတော်

ပဋိစ္စသမုပ္ပါဒ်တရားတော်
Published 24 August 2021

အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံ၊ ၀ိညာဏပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာ ပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

ပဋိစ္စသမုပ္ပါဒ်၏ အနက်အဓိပ္ပာယ်အကျဉ်းမှာ “သစ္စာလေးပါးကို မသိမှုကြောင့် စိတ်ပါလက်ပါ ပြုလုပ်မှု ဖြစ်လာသည်။ စေတနာပါပါ ပြုလုပ်မှုကြောင့် သိမှု ဖြစ်လာသည်။သိမှုကြောင့် ရုပ်နာမ်ခန္ဓာငါးပါး ဖြစ်ပေါ်လာသည်။ ရုပ်နာမ်ခန္ဓာငါးပါး၌ အာရုံခြောက်ပါးတို့ တည်ရာ ဖြစ်ပေါ်လာသည်။ အာရုံခြောက်ပါး တည်ရာ၌ အာရုံတို့ ထိတွေ့မှု ဖြစ်လာသည်။ အာရုံတို့ ထိတွေ့ရာမှ ဝေဒနာခံစားမှုတို့ ဖြစ်လာသည်။ ဝေဒနာ ခံစားရာမှ တပ်မက်မှုတို့ ဖြစ်လာသည်။ တပ်မက်ရာမှ ပြင်းထန်စွာ စွဲလမ်းမှု ဖြစ်လာသည်။ ပြင်းစွာ စွဲလမ်းရာမှ ဖြစ်တည်မှု ဖြစ်လာသည်။ ဖြစ်တည်မှုမှ ဖွားမြင်မှု ဖြစ်လာသည်။ မွေးဖွားမှုမှ အိုမင်းမှု၊ သေဆုံးမှု၊ စိုးရိမ်ပူပန်ရမှု စသည့် ဒုက္ခများ ဖြစ်ပေါ်လာသည်” ဟူ၍ ဖြစ်သည်။

ပဋိစ္စသမုပ္ပါဒ်တရားတော်နှင့် ပတ်သက်သော မိုးကုတ်ဆရာတော်ဘုရားကြီး၏ လင်္ကာဆောင်ပုဒ်မှာ -“ မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့် သုံးပါးအစပ်၊ နှစ်ရပ်မူလ၊ ဝဋ်သုံးဝနှင့်၊ ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း။ အဝိဇ္ဇာနှင့် တဏှာရင်းခံ၊ ဥပါဒါန်၊ ကံကြောင့် ရုပ်နာမ်ပေါ်၊ အပင်မှမျိုး၊ မျိုးမှအပင်၊ အမျှင်မပြတ်၊ ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်ကံ၊ အဖန်ဖန် ဖြစ်ပြန်နည်းအလျော်၊ ဗြဟ္မာ-သိကြား၊ စသည်များက ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်း၊ အ ကြောင်းရင်းကြောင့်၊ လူနတ်များစွာ၊ သတ္တဝါတို့၊ ဖြစ်လာရမူ၊ မဟုတ်ဟု၊ ဉာဏ်ဖြင့် ရှု၍မျှော်” ဟူ၍ ဖြစ်သည်။

၁ - မူလနှစ်ဖြာ (အဝိဇ္ဇာ၊ တဏှာ)။ ၂ - သစ္စာနှစ်ခု (သမုဒယသစ္စာ၊ ဒုက္ခသစ္စာ)။ ၃ - လေးခုအလွှာ (အတိတ်အကြောင်းတစ်လွှာ၊ ပစ္စုပ္ပန်အကျိုးတစ်လွှာ၊ ပစ္စုပ္ပန်အကြောင်း တစ်လွှာ၊ အနာဂတ်အကျိုးတစ်လွှာ)။ ၄- အင်္ဂါတစ်ဆယ့်နှစ်ပါး (အဝိဇ္ဇာ၊ သင်္ခါရ၊ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာမရဏ)။ ၅ - သုံးပါးအစပ် (သင်္ခါရနှင့် ၀ိညာဏ်တစ်စပ်၊ ဝေဒနာနှင့် တဏှာတစ်စပ်၊ ကမ္မဘဝနှင့် ဇာတိ တစ်စပ်)။ (တစ်နည်း) အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုးတစ်စပ်၊ ပစ္စုပ္ပန်အကျိုး နှင့် ပစ္စုပ္ပန်အကြောင်း (သို့) အနာဂတ်ဖြစ်ကြောင်းတစ်စပ်၊ ပစ္စုပ္ပန်အကြောင်း (သို့) အနာဂတ်ဖြစ်ကြောင်းနှင့် အနာဂတ်အကျိုးတစ်စပ်။ ၆ - ဝဋ်သုံးဝနှင့် (ကိလေသဝဋ်သုံးပါး - အဝိဇ္ဇာ၊ တဏှာနှင့် ဥပါဒါန်။ ကမ္မဝဋ်နှစ်ပါး - သင်္ခါရနှင့် ကမ္မဘဝ။ ၀ိပါကဝဋ်ရှစ်ပါး - ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ/ဥပပတ္တိ၊ ဘဝ၊ ဇရာမရဏ)။ ၇ - ကာလသုံးဖြာ (လွန်လေပြီးသော အတိတ်ကာလ၊ ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၊ နောင်ဖြစ်လတ္တံ့သော အနာဂတ်ကာလ)။ ၈ - ခြင်းရာနှစ်ဆယ် (အတိတ်အကြောင်းအခြင်းအရာ ငါးပါး - အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်နှင့် ဘဝ။ ပစ္စုပ္ပန်အကျိုးအခြင်းအရာ ငါးပါး - ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿနှင့် ဝေဒနာ။ ပစ္စုပ္ပန်အကြောင်းအခြင်းအရာ ငါးပါး - တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာနှင့် သင်္ခါရ။ အနာဂတ်အကျိုးအခြင်းအရာ ငါးပါး - ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿနှင့် ဝေဒနာ)။

ပဋိစ္စသမုပ္ပါဒ်တရားတော်သည် သတ္တဝါအပေါင်းတို့ သံသရာဝဋ်အတွင်း၌ ကျင်လည်နေရပုံကို ပရမတ္တသဘောတရားများဖြင့် အကျိုးအကြောင်းဆက်စပ်ကာ ရှင်းပြထားသည်။ ထိုအကြောင်းအကျိုးဆက်နွှယ်မှုတွင် ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ စသည်တို့ မပါရှိချေ။ ဖန်ဆင်းရှင်၊ အနန္တတန်ခိုးရှင် စသည်တို့လည်း မပါရှိချေ။ သဘာဝ တရားများ၏ သဘာဝနည်းကျစွာ တစ်ခုကို တစ်ခု အကြောင်းပြုကာ သိမ်သိမ်မွေ့မွေ့ ချောချောမွတ်မွတ် မရပ်မနား သံသရာလည်ပတ်နေခြင်းသာ ပါရှိ၏။ အကျိုးအကြောင်း ဆက်နွှယ်ပုံကလည်း အလွန်ယုတ္တိရှိပြီး သိပ္ပံနည်းကျလှသည်။ ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ် တရားတော်သည် နှစ် ၂၅၀၀ ကျော် သက်တမ်းရှိခဲ့သော်လည်း အစဉ်ထာဝရ ခေတ်မီဆန်းသစ်၍ မှန်ကန်လျက်ရှိမြဲဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

သြဂုတ်လ ၂၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်