COVID-19 ကာကွယ်ဆေးထိုးစီမံချက်များ၊ လက်ရှိအသုံးပြုနေသော ကာကွယ်ဆေးများနှင့် အကျိုးအပြစ်များ

COVID-19 ကာကွယ်ဆေးထိုးစီမံချက်များ၊ လက်ရှိအသုံးပြုနေသော ကာကွယ်ဆေးများနှင့် အကျိုးအပြစ်များ
သာကေတစက်မှုဇုန်မှ ဝန်ထမ်းများအား COVID-19 ကာကွယ်ဆေးကို သြဂုတ် ၁၃ ရက်က ထိုးနှံစဉ် (ဓာတ်ပုံ - ကြည်နိုင်)
သာကေတစက်မှုဇုန်မှ ဝန်ထမ်းများအား COVID-19 ကာကွယ်ဆေးကို သြဂုတ် ၁၃ ရက်က ထိုးနှံစဉ် (ဓာတ်ပုံ - ကြည်နိုင်)
Published 22 August 2021
ပြည့်ဖြိုးအောင်၊ ငြိမ်းငြိမ်းသူ

COVID-19 ကူးစက်မှုနှုန်းနှင့် သေဆုံးနှုန်းကို ကာကွယ်ထိန်းချုပ်နိုင်ရန် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုဗစ်ကာကွယ်ဆေးထိုးခြင်းများ ပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးများကို ဦးတည်ဦးစားပေးအလိုက် ထိုးနှံပေးလျက်ရှိသည်။        

COVID-19 ကို ထိန်းချုပ်ဟန့်တားရာတွင် ကာကွယ်ဆေးထိုးနှံခြင်းက အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အသိအမှတ်ပြုထားသည့်  မည်သည့်ကာကွယ်ဆေးတစ်မျိုးမျိုးကိုမဆို ထိုးနှံထားပါက ရောဂါကူးစက်ခံရမှုနှင့်သေဆုံးမှု လျော့ကျစေနိုင်မည်ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အရေးပေါ်အသုံးခွင့်ပြုထားသည့် ကာကွယ်ဆေးများဖြစ်သည့် AstraZeneca ၊ Pfizer ၊ Moderana ၊ Johnson & Johnson ၊ Covishield ၊ Sinopharm နှင့် Sinovac စသည့် ကာကွယ်ဆေးများကို နိုင်ငံအသီးသီးတွင် အသုံးပြုထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးမှု စီမံချက်များ

မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဦးစားပေးအုပ်စုများခွဲကာ ထိုးနှံပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများ၊ ပညာရေး၊ကျန်းမာရေး၊ အလုပ်သမားများ စသည်တို့ကို ဦးစားပေး အုပ်စုများခွဲ၍ ထိုးနှံပေးလျက်ရှိသည်။ပြီးခဲ့သည့် ဇူလိုင်လအတွင်း တရုတ်ကလှူဒါန်းသည့် Sinopharm ကိုဗစ်ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ပို့ဆောင်ပြီး အသက် ၆၅ နှစ် အထက်အဘိုးအဘွားများကိုဦးစားပေး ထိုးနှံပေးခဲ့သည်။

COVID-19 ရောဂါကာကွယ်ဆေး ရရှိမှုအပေါ်မူတည်ပြီး ဦးတည်အုပ်စုများကို သတ်မှတ်၍ လက်ရှိတွင်မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် အသက် ၅၀ နှစ်အထက်များကို ဆက်လက်ထိုးနှံပေးရန် ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော ကာကွယ်ဆေးမထိုးရသေးသည့် စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများရှိ ဘိုးဘွားမိဘ ပြည်သူများ၊သာသနာ့ဝန်ထမ်းများ၊ ဘုန်းတော်ကြီးနှင့် သီလရှင်များ၊ ကာကွယ်ဆေး မထိုးရသေးသော နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများမှ ဝန်ထမ်းများ၊ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှ ပုဂ္ဂိုလ်များ (ကုန်းကြောင်း၊ လေကြောင်း၊ရေကြောင်း)၊ စူပါမားကက်များ၊ စျေးများမှ ဝန်ထမ်းများ အမြန်ဆုံး ထိုးနှံသွားမည်ဖြစ်ပြီး ကျန်ဦးတည်အုပ်စုများကိုလည်း ကာကွယ်ဆေးရရှိမှုအပေါ်မူတည်၍ ဆက်လက်ထိုးနှံပေးသွားမည်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ကာကွယ်ဆေးရရှိမှုနှင့် ထိုးနှံရန်အစီအစဉ်အနေဖြင့် ဇူလိုင်လတွင် တရုတ်နိုင်ငံမှ Sinopharm နှင့် Sinovac ကာကွယ်ဆေး Dose သုံးသန်းရောက်ရှိထားပြီး သြဂုတ်လအတွင်း နောက်ထပ် ကာကွယ်ဆေး Dose သုံးသန်း ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကာကွယ်ဆေးများကို များများနှင့်မြန်မြန်ထိုးနှံပေးနိုင်ရန် အတွက်လည်း ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးများရရှိရန် ဆက်လက်ညှိနှိုင်းဝယ်ယူရန် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိဝယ်ယူထားသည့် ကာကွယ်ဆေးလေးသန်းနှင့် တရုတ်နိုင်ငံက လှူဒါန်းသည့် ကာကွယ်ဆေးနှစ်သန်းလည်း အသုတ်လိုက် ရောက်ရှိနေပြီဖြစ်ကာ ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် ကာကွယ်ဆေးနှစ်သန်းလည်း မကြာမီအသုတ်လိုက် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ်ကာကွယ်ဆေး Covishield များ ရောက်ရှိလာရန်ရှိပြီး အိန္ဒိယနိုင်ငံ၏ ကာကွယ်ဆေးများ ပြည်ပတင်ပို့မှု ယာယီပိတ်ထားသဖြင့် ပြန်လည်ခွင့်ပြုပါက ဝယ်ယူထားသည့် ကျန်ကာကွယ်ဆေးများ ရောက်ရှိလာမည် ဖြစ်သည်။

၂၀၂၁ ခုနှစ် နှစ်ကုန်တွင် ကာကွယ်ဆေးထိုးနှံရှိရန် အကျုံးဝင်သည့် ၁၈ နှစ်အထက် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ထိုးနှံရန် ဆောင်ရွက်လျက်ရှိပြီး COVID-19 ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကာကွယ်ကြရန်  ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။         

လက်ရှိအသုံးပြုနေသော ကာကွယ်ဆေးများ၏ အကျိုးအပြစ်များ

နိုင်ငံအသီးသီးတွင် ထိုးနှံလျက်ရှိသည့် ကာကွယ်ဆေးအမျိုးအစားများ၏ ဆေးအာနိသင်သက်ရောက်မှုမှာ ကွဲခြားမှုရှိပြီး ကာကွယ်ဆေးများ၏စျေးနှုန်းမှာလည်း အသီးသီးရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အရေးပေါ်အသုံးခွင့်ပြုထားသည့် ကာကွယ်ဆေးအနက် မြန်မာနိုင်ငံတွင် Covishield ၊ Sinopharm နှင့် Sinovac ကာကွယ်ဆေးတို့ကို အသုံးပြုထိုးနှံထားသည်။

တရုတ်နိုင်ငံမှ Sinopharm နှင့် Sinovac ကာကွယ်ဆေးများကို မြန်မာအပါအဝင် အခြားနိုင်ငံများတွင် အသုံးပြုလျက်ရှိပြီး စျေးနှုန်းသက်သာသည့် ကာကွယ်ဆေးများ ဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံထုတ် Sinopharm နှင့် Sinovac ကာကွယ်ဆေးများသည် WHO ၏ အသိအမှတ်ပြုထားသည့် ကာကွယ်ဆေးများဖြစ်ပြီး ဗီဇပြောင်းပိုးများကိုလည်း ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ကာအသက် ၁၈ နှစ်အထက်မှစ၍ အသက်အကန့်အသတ်မရှိ ထိုးနှံနိုင်ကြောင်း WHO ၏ လမ်းညွှန်ချက်တွင် ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံထုတ် Sinopharm သည် နိုင်ငံပေါင်း ၉၈ နိုင်ငံမှအသိအမှတ်ပြုထားပြီဖြစ်ပြီး ကာကွယ်ဆေးလေးသန်းကျော်ထိုးရာတွင် ၁၈၆၆ ယောက်သာ သာမန် နောက်ဆက်တွဲ ဖြစ်ရပ်များသာ ဖြစ်ပေါ်ခြင်းကြောင့် ကာကွယ်ဆေးသည် စိတ်ချရကြောင်း သိရသည်။

Sinopharm ကာကွယ်ဆေး ထိုးထားပါက အသက် ၆၀ အထက်တွင် သေဆုံးမှု ၈၄ ရာခိုင်နှုန်း ကာကွယ်နိုင်ကြောင်း၊ အသက် ၆၀ မှ ၆၉ နှစ်ကြားတွင် ၈၀ ဒသမ ၂ ရာခိုင်နှုန်း၊ အသက် ၇၀ မှ ၇၉ ကြားတွင် ၈၈ ဒသမ ၃ ရာခိုင်နှုန်း ကာကွယ်နိုင်ပြီး အသက် ၈၀ အထက်တွင် ၇၇ ဒသမ ၆ ရာခိုင်နှုန်း သေဆုံးမှုမှကာကွယ်နိုင်ကြောင်းနှင့် တစ်ကြိမ်ထိုးရုံဖြင့် အသက် ၆၀ အထက်တွင် ၆၁ ဒသမ ၆ ရာခိုင်နှုန်းသေဆုံးမှုမှ ကာကွယ်နိုင်ကြောင်း သိရသည်။

“ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့အရပ်ရပ်က ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သုတေသနပြုလုပ်ချက်တွေကို စုစည်းပြီး ကာကွယ်ဆေးတစ်ခုချင်းအလိုက် လမ်းညွှန်ချက်တွေ ထုတ်ပါတယ်။ အခုထိုးပေးနေတဲ့ Sinopharm နဲ့ Sinovac က အသက် ၁၈ နှစ် အထက်မည်သူမဆိုထိုးနှံနိုင်တယ်လို့ ပြောထားပါတယ်။ ဒါကြောင့် စိတ်ချယုံကြည်စွာထိုးနှံနိုင်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးဒေါက်တာ ခင်ခင်ကြီးက ပြောကြားသည်။

COVID-19 ရောဂါ ကာကွယ်ဆေးများဖြစ်သည့် Sinopharm နှင့် Sinovac သည် အသက် ၁၈ နှစ်မှ အသက် ၆၀ အထိသာ ကာကွယ်နိုင်၊ ထိုးနှံနိုင်သည်ဟု ပြောဆိုနေကြခြင်းမှာ မဟုတ်ကြောင်းနှင့် အသက် ၁၈ နှစ် အထက်မည်သူမဆိုထိုးနှံနိုင်ကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

“ကာကွယ်ဆေးထိုးနှံတဲ့အခါမှာလည်း အကြိမ်ပြည့်ထိုးနှံရမှာဖြစ်ပါတယ်။ တစ်ကြိမ်ထိုးလိုက်ရင် ခန္ဓာကိုယ်ထဲမှာ ကိုယ်ခံအားတွေ တက်လာမယ်။ ဒါပေမဲ့ သိပ်ပြီးများပြားရှည်ကြာခြင်းမရှိပါဘူး။ မြန်မြန်ကုန်ဆုံးသွားနိုင်ပါတယ်။ သူ့ရဲ့သတ်မှတ်ချက်အတိုင်း နှစ်ကြိမ်ထိုးနှံလိုက်ရင် ကိုယ်ခံအားအတိုင်း အတာပမာဏ များလာမယ်။ နှစ်ပေါင်းဆယ်နဲ့ချီပြီး ရောဂါပိုးရန်သူကို မှတ်မိနိုင်တဲ့ CD4 CD8 Memory Cell တွေကို တက်စေပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

တရုတ်ဆေးကုမ္ပဏီ Sinovac Bio-tech ၏ Corona Vac အမည်ရှိ COVID-19 ကာကွယ်ဆေးထိုးနှံပြီးနောက် မျက်နှာရှိ ကြွက်သားများ ယာယီချည့်နဲ့ပြီး အကြောဆွဲသည့်ပုံစံတစ်မျိုးဖြစ်သည့် Bell အာရုံကြောချို့ယွင်းမှု ဖြစ်ပွားနိုင်ခြေ အလွန်မြင့်မားသော်လည်း ယင်းကာကွယ်ဆေးကိုထိုးနှံရန် အဟန့်အတား မဖြစ်သင့်ကြောင်း သုတေသနလေ့လာတွေ့ရှိချက်တစ်ရပ်ကို Lancet Infectious Diseases ဂျာနယ်တွင် ဖော်ပြထားသည်။

ယင်းသုတေသနပြုလုပ်မှု၌ Sinovac ၏ Corona Vac ကာကွယ်ဆေးပထမတစ်လုံးထိုးနှံပြီးသူ ၄၅၂၀၀၀ နီးပါးတွင် Bell အာရုံကြောချို့ယွင်းမှုခံစားရသူ အတည်ပြုလူနာ ၂၈ ဦးရှိပြီး အမေရိကန်ဆေးကုမ္ပဏီ Pfizer နှင့် တွဲဖက် ဂျာမန်ဆေးကုမ္ပဏီ BioNTech ၏ ကာကွယ်ဆေးထိုးနှံပြီးသူ ၅၃၇၀၀၀ ကျော်တွင် Bell အာရုံကြောချို့ယွင်းမှုခံစားရသူ ၁၆ ဦးတွေ့ရှိခဲ့သည်ဟု တွေ့ရသည်။

“ကာကွယ်ဆေးထိုးနှံပြီးနောက် Bell အာရုံကြောချို့ယွင်းမှု ဝေဒနာခံစားရတဲ့ဖြစ်စဉ်က ရှားပါးဖြစ်စဉ်တစ်ခုပါ။ နောက်ပြီး ရောဂါလက္ခဏာအများစုကလည်း မပြင်းထန်ဘဲ သူ့နည်းသူ့ဟန်နဲ့သူ ပြန်ကောင်းလာပါတယ်” ဟု Sinovac ဆေးကုမ္ပဏီ၏ကိုယ်စားလှယ် လူပီချန်က ယင်းသုတေသနစာတမ်းနှင့်ပတ်သက်၍ တုံ့ပြန်ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ် အသုံးပြုခွင့်ပေးထားသည့် ကာကွယ်ဆေးများသည် တစ်ကြိမ်ထိုးပြီးပါက ၆၀ ရာခိုင်နှုန်းအထက် ကာကွယ်နိုင်ပြီး နှစ်ကြိမ်ထိုးပြီးပါက ၇၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းကြား ကာကွယ်နိုင်ကြောင်း၊ ကူးစက်မြန် ဗီဇပြောင်းပိုးဖြစ်သည့် Delta ဗိုင်းရပ်စ်ပိုး အပါအဝင် အမျိုးမျိုးသော ဗီဇပြောင်းပိုးများကိုပါ ယင်းကာကွယ်ဆေးသည် အကျုံးဝင်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးပြီးနောက် ခန္ဓာကိုယ်မှ ကိုယ်ခံအားထွက်ရန်အတွက် နှစ်ပတ်ခန့်ကြာမြင့်ပြီး နှစ်ကြိမ်ထိုးရသည့် ကာကွယ်ဆေးများအတွက် ဒုတိယအကြိမ်ထိုးပြီး နောက်နှစ်ပတ်အကြာ သို့မဟုတ် တစ်ကြိမ်ထိုးရသည့် ကာကွယ်ဆေးအတွက် ဆေးထိုးပြီးနောက် နှစ်ပတ်အကြာတွင် ကာကွယ်ဆေး၏ အာနိသင်ကို အပြည့်အဝရရှိနိုင်ကြောင်း၊ သို့သော်လူများသည် ကာကွယ်ဆေးမထိုးမီ သို့မဟုတ် ထိုးနှံပြီးပြီးချင်းကာလတွင် ရောဂါပိုးနှင့် ထိတွေ့မိပါက COVID-19 ရောဂါကို ကူးစက်ရနိုင်ကြောင်း သိရသည်။

“ဒီကာကွယ်ဆေးတွေက သူရဲ့အအေးလမ်းကြောင်းနဲ့ စနစ်တွေနဲ့ သေချာသိုလှောင်တာမဟုတ်ဘူးလို့လည်း ပြောကြတယ်။ တကယ်တော့ ကာကွယ်ဆေးတစ်ခုရဲ့ထုတ်လုပ်တဲ့အဆင့်က ထိုးနှံတဲ့ပြည်သူလူထုတွေ ရောက်ရှိဖို့အထိ အဆင့်တိုင်းမှာ ကာကွယ်ဆေးရဲ့အအေးလမ်းကြောင်းအတိုင်း စနစ်တကျ သိုလှောင်ထိန်းသိမ်းရတာဖြစ်ပါတယ်။ ဒါကအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ အအေးလမ်းကြောင်း သေချာစွာထိန်းနိုင်မှသာ ကာကွယ်ဆေးက အာနိသင်ထိရောက်မယ်။ အန္တရာယ်ကင်းမယ်။ အကျိုးသက်ရောက်မှုလည်းများမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

COVID-19 ရောဂါကာကွယ်ဆေးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲဦးစီးဌာန (FDA) ၏ သတ်မှတ်ချက်အရ ပြင်ပဆေးဆိုင်များတွင် ရောင်းချခွင့်မရှိဘဲ ယင်းကာကွယ်ဆေးများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အရေးပေါ်အသုံးပြုခွင့်သာ ရရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကာကွယ်ဆေးများ ထိုးနှံရာတွင် အရည်အသွေးကောင်းမွန်၍ ဘေးကင်းစိတ်ချရသော ကာကွယ်ဆေးများ ဖြစ်စေရန် ထုတ်လုပ်သည့် ကုမ္ပဏီများမှ တရားဝင်ရောင်းချပြီး အအေးလမ်းကြောင်း မပျက်ထား သိုသိမ်းဆည်းထားသည့် ကာကွယ်ဆေးများဖြစ်ရန် လိုအပ်သည်။

လက်ရှိ စျေးကွက်အတွင်းတွင် ကာကွယ်ဆေးအတုအပများ Online မှတစ်ဆင့်သော်လည်းကောင်း၊ အခြားနည်းလမ်းများဖြင့်သော်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ကာကွယ်ဆေးများသည် တရားဝင်တင်သွင်းလာသည့် ကာကွယ်ဆေးများ မဟုတ်သောကြောင့် ရောဂါကာကွယ်နိုင်ခြင်း မရှိသည့်အပြင် ဘေးအန္တရာယ် ဖြစ်ပွားနိုင်သောကြောင့် ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်အသိအမှတ်ပြုထားသော ကာကွယ်ဆေးများကိုသာ ထိုးနှံကြရန် ထုတ်ပြန်ထားသည်။

ပုဂ္ဂလိကဆေးဝါး လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာ၊ အာရှဒေသတွင်း ထိုးနှံဆောင်ရွက်နေသော အရည်အသွေးအာနိသင်ရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် COVID-19 ရောဂါကာကွယ်ဆေးများကို ၎င်းတို့အစီအစဉ်ဖြင့် တင်သွင်းဖြန့်ဖြူးုခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်လိုပါက သတ်မှတ်အထောက်အထားများဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ လျှောက်ထားနိုင်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကူးစက်မြန်ဒယ်လ်တာ မျိုးကွဲဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်းပြန့်နှံ့နေရာ ကူးစက်ရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဗိုင်းရပ်စ်ဖြင့်သေဆုံးသူ လေးသန်းကျော်ရှိနေခြင်းနှင့်အတူ အထူးသဖြင့် ကာကွယ်ဆေး ထိုးမထားသူများကို ကူးစက်နေသဖြင့် ဥရောပနှင့်အာရှတို့တွင် ကူးစက်မှုအသစ်များကို ဖြစ်ပွားစေကြောင်း သိရသည်။

လက်ရှိတွင် COVID-19 ရောဂါကို ဖြစ်စေသည့် ဗိုင်းရပ်စ်သည် အလွယ်တကူ ကူးစက်စေတတ်ပြီး ကူးစက်မှုအလွန်လျင်မြန်သဖြင့် ကာကွယ်ဆေးထိုးနှံရန်လိုအပ်ပြီး ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါပြင်းထန်စွာခံစားရမှု၊ ဆေးရုံတက်ရောက်ရမှုတို့မှ ၉၀ ရာခိုင်နှုန်းနှင့်အထက် ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

မည့်သည့် ကာကွယ်ဆေးမဆို ရောဂါကူးစက်ခံရခြင်းမှ ၁၀၀ ရာခိုင်နှုန်း ကာကွယ်မပေးနိုင်ဘဲ  ကာကွယ်ဆေးထိုးထားခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားခြင်းကို တားဆီးကာကွယ်ပေးနိုင်ခြင်းဖြင့် သေဆုံးမှုလျော့ကျစေနိုင်မည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် COVID-19 စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါကူးစက်မှုနှုန်း မြင့်မားမှုကို ထိန်းချုပ်ဟန့်တားနိုင်မည်ဖြစ်သည်။