ရန်ကုန်အပြည်ပြည်ဆိုင်လေဆိပ်နှင့် မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ချင်းရွှေဟော်၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ၂၇ ရက်တွင် အောက်ဆီဂျင် အရည် (Bowser) ယာဉ်/အိုးဖြင့် တန် ၉၀ ကျော်နှင့် အိမ်သုံးအောက်ဆီဂျင်စက် ၆၂၉၅ တင်သွင်းထားရှိကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator ၃၈၇၉ လုံး အပါအဝင် မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ချင်းရွှေဟော်၊ ကော့သောင်းကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်အရည် (Bowser) ယာဉ် သုံးစီးဖြင့် ၅၈ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၃၅ တန်၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၆၂၉၅ ခု၊ Test Kit ၉၆၆၀ ခု၊ နှာခေါင်းစည်း (Mask) ၈၂ တန်၊ PPE ဝတ်စုံ ၇၀၀၀ တင်သွင်းခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ ၃၃ ခုမှ ယာဉ်အစီးရေ ၄၉ စီးဖြင့် တင်သွင်းလာခြင်းဖြစ်ကြောင်း သိရသည်။
COVID-19 ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းရာတွင် ထိုင်းနိုင်ငံ မျက်နှာစာမှ မြဝတီကုန်သွယ်ရေးဇုန်၊ တရုတ်နိုင်ငံမျက်နှာစာမှ မူဆယ်ကုန်သွယ်ရေးဇုန်တို့မှ အများဆုံးတင်သွင်းနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇူလိုင် ၁၂ မှ ၂၁ ရက်အတွင်း မော်တော်ယာဉ် ၂၅၄ စီးဖြင့် အောက်ဆီဂျင် အရည် (Bowser) ယာဉ်ဖြင့် ၃၈၇ တန်၊ အောက်ဆီဂျင်အရည်အိုးဖြင့် ၁၇၀ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၆၂ တန်၊ အိမ်သုံးအောက်ဆီဂျင်စက် ၁၇၄၀၉ ခု၊ Test Kit (၁၃၄၅၀၀)ခု၊ Mask တန် ၄၅၀ တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
လတ်တလောတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ အရေးပေါ်လိုအပ်မှုမှာလည်း မြင့်တက်လျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါပစ္စည်းများ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်း ဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ တင်သွင်းနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။










