MAI နှင့် Air KBZ လေကြောင်းလိုင်းအနေဖြင့် ခရီးသွားလာရန်လိုအပ်ချက်များအတွက် ပြည်တွင်းခရီးစဉ်အချို့ကို ကျန်းမာရေးစံသတ်မှတ်ချက်များနှင့်အညီ ပျံသန်းမည်

MAI နှင့် Air KBZ လေကြောင်းလိုင်းအနေဖြင့် ခရီးသွားလာရန်လိုအပ်ချက်များအတွက် ပြည်တွင်းခရီးစဉ်အချို့ကို ကျန်းမာရေးစံသတ်မှတ်ချက်များနှင့်အညီ ပျံသန်းမည်
Air KBZ လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းကို တွေ့ရစဉ်
Air KBZ လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းကို တွေ့ရစဉ်
Published 21 July 2021

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) နှင့် Air KBZ လေကြောင်းလိုင်းအနေဖြင့် ခရီးသွားလာရန် လိုအပ်ချက်များအတွက် ပြည်တွင်းခရီးစဉ်အချို့ကို ကျန်းမာရေးစံသတ်မှတ်ချက်များနှင့်အညီ ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းခရီးသွားလာမှုများ အဆင်ပြေချောမွေ့စေရန် ရန်ကုန်မှတစ်ဆင့် နေပြည်တော်၊ ဟဲဟိုး၊ မန္တလေး၊ မြစ်ကြီးနား၊ ပူတာအို၊ စစ်တွေနှင့် ကျောက်ဖြူခရီးစဉ်များကို ပျံသန်းသွားမည်ဖြစ်ပြီး အဆိုပါခရီးစဉ်များကို Air KBZ နှင့် MAI အကျိုးတူပူးပေါင်း၍ Embraer E 190 ဖြင့် ပြေးဆွဲမည့် ခရီးစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယခုကာလအတွင်း ခရီးသွားလာရာတွင် MOHS နှင့် ဒေသအာဏာပိုင်များမှ ချမှတ်ထားသည့် ဆောင်ရန် ရှောင်ရန် ကျန်းမာရေးစံသတ်မှတ်ချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က ပျံသန်းနေသည့် ပြည်တွင်းနှင့် ပြည်ပကယ်ဆယ်ရေးခရီးစဉ်များတွင် Oxygen Concentrator ကဲ့သို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့် ဆေးဝါးထောက်ပံ့ရေးပစ္စည်းများကို လှူဒါန်းရန် ပို့ဆောင်လိုပါက အခမဲ့သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ယခုကာလအတွင်းအရေးပေါ် လိုအပ်နေသည့် Oxygen Concentrator ကဲ့သို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့် ဆေးဝါးထောက်ပံ့ရေးပစ္စည်းများကို လှူဒါန်းရန် မြန်မာနိုင်ငံအတွင်းသို့ သယ်ယူပို့ဆောင်လိုပါက MAI က လက်ရှိပျံသန်းနေသည့် ကွာလာလမ်ပူ၊ ဆိုးလ်-အင်ချွန်း၊ ဘန်ကောက်နှင့် ကွမ်ကျိုးအပါအဝင် ပြည်ပကူညီကယ်ဆယ်ရေးခရီးစဉ်များတွင်သာမက Air KBZ နှင့် အကျိုးတူပူးပေါင်း၍ပျံသန်းနေသည့် ပြည်တွင်း ခရီးစဉ်များတွင်လည်း အခမဲ့သယ်ယူပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပစ္စည်းများကို သယ်ယူပို့ဆောင်ရာတွင် ကုန်တင်ရန်နေရာလွတ်ရရှိမှုနှင့် သက်ဆိုင်ရာ အာဏာပိုင်များထံမှ ခွင့်ပြုချက် ရရှိမှုအပေါ်မူတည်၍ (Non-dangerous Goods) စသည်ဖြင့် အခမဲ့သယ်ယူပို့ဆောင်ပေးမည်ဖြစ်ပြီး လေကြောင်းလိုင်းနှင့် မသက်ဆိုင်သည့် (Customs Charges, Warehouse Charges ကဲ့သို့) အခွန်အခများကို သက်ဆိုင်ရာ အလှူရှင်မှ ကျခံရမည်ဖြစ်သည်။ အဆိုပါ ပစ္စည်းများကို လှူဒါန်းရန် MAI ၏ အခမဲ့လေကြောင်း ကုန်စည်ပို့ဆောင်မှုဖြင့် သယ်ယူပို့ဆောင်လိုပါက Cargo Operations Team သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းက စင်ကာပူနှင့် ကိုလ်ကတ္တား ခရီးစဉ်များ ပျံသန်းခြင်းအား ဇူလိုင် ၃၁ ရက်အထိ ရပ်ဆိုင်းထားမည်ဖြစ်ပြီး ကွာလာလမ်ပူ၊ ဆိုးလ်နှင့် ဘန်ကောက်ခရီးစဉ်များကို ကူညီကယ်ဆယ်ရေးခရီးစဉ်များအဖြစ် ပျံသန်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်မှုအား ကာကွယ်ရန် ခရီးသွားလာမှု ယာယီကန့်သတ်ကာလအား ထပ်မံတိုးချဲ့ခဲ့သည့်အတွက် မြန်မာနိုင်ငံ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ နောက်ဆုံး ထုတ်ပြန်ကြေညာချက်များအရ MAI အနေဖြင့် ၎င်း၏ လေကြောင်းခရီးစဉ်များကို ၂၀၂၁ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ပြင်ဆင်ပျံသန်းသွားမည် ဖြစ်သည်။

ထပ်မံတိုးချဲ့သည့် ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း ခရီးစဉ်များအတွက် လက်မှတ်ဝယ်ယူထားသော ခရီးသည်များအနေဖြင့် လေယာဉ်စီးနင်းလိုက်ပါမည့်ရက်ကို ထိုင်ခုံနေရာရရှိမှုပေါ်မူတည်၍ အခမဲ့ ပြောင်းရွှေ့ခွင့်ပြုပေးမည်ဖြစ်ပြီး စီးနင်းလိုက်ပါမည့်ရက်အသစ်ကို Rebooking date ပြုလုပ်ခြင်းနှင့် Refund လျှောက်ထားခြင်းတို့အား ၂၀၂၁ခုနှစ် ၊ စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထားအကြောင်းကြားပေးရန် အသိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။

ယင်းအပြင် ပြန်အမ်းငွေထုတ်ပေးခြင်း မရှိသည့် Non-refundable လက်မှတ်များအတွက် Travel Vocher အနေဖြင့် ပြန်အမ်းပေးမည်ဖြစ်ပြီး အဆိုပါ Travel Vocher အနေဖြင့် ၂၀၂၁ခုနှစ် နိုဝင်ဘာ ၃၁ ရက်အထိ အကျုံးဝင်မည်ဖြစ်ပြီး အခြားသူများသို့ လွှဲပြောင်းခွင့်မရှိကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ဆင်းသက်ပျံသန်းခွင့် ရပ်ဆိုင်းထားခြင်းအား ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းထားကြောင်း သိရသည်။

Most Read

Most Recent