မန်စီးတီးအသင်း၏ လူငယ်အသင်းများတွင် ကိုဗစ်ရောဂါပိုး ပျံ့နှံ့နေပြီး အသင်းလေ့ကျင့်ရေးကွင်းရှိ အကယ်ဒမီ အဆောက်အအုံကို ပိတ်ထားရ

မန်စီးတီးအသင်း၏ လူငယ်အသင်းများတွင် ကိုဗစ်ရောဂါပိုး ပျံ့နှံ့နေပြီး အသင်းလေ့ကျင့်ရေးကွင်းရှိ အကယ်ဒမီ အဆောက်အအုံကို ပိတ်ထားရ
Photo: Sky Sports
Photo: Sky Sports
Published 19 July 2021

ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်း၏ လူငယ်အသင်းများတွင် ကိုဗစ်ရောဂါပိုးပျံ့နှ့ံနေပြီး အသင်းလေ့ကျင့်ရေးကွင်းရှိ အကယ်ဒမီအဆောက်အအုံကို ပိတ်ထားရကြောင်း သိရှိရသည်။

မန်စီးတီးလူငယ်အသင်းများဖြစ်သည့် ယူ-၁၈ အသင်းနှင့် ယူ-၂၃ အသင်းများတွင် ကိုဗစ်ရောဂါပိုး ပျံ့နှ့ံနေပြီး ရောဂါပိုးတွေ့ရှိသူများကို တစ်ကိုယ်တည်း သီးခြားနေထိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

၎င်းတို့အား အခြားသူများကို ရောဂါပိုးမကူးစက်စေရန်အတွက် အနည်းဆုံး (၁၀) ရက်ကြာအနားပေးထားကြောင်း သိရသည်။

မန်စီးတီး ယူ-၁၈ အသင်းနှင့် ယူ-၂၃ အသင်းများသည်  အင်္ဂလန်နိုင်ငံ အလယ်ပိုင်းရှိ Loughborough မြို့့သို့သွားရောက်ကာ ရာသီကြိုလေ့ကျင့်မှုများပြုလုပ်ရန် စီစဉ်ထားသော်လည်း ကစားသမားများအကြား ကိုဗစ်ရောဂါပိုးတွေ့ရှိ သဖြင့် ယင်းအစီအစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

Daily Mail သတင်းစာ၏ ဖော်ပြချက်အရ မန်စီးတီး ယူ-၁၈  နှင့် ယူ-၂၃ အသင်းများတွင် ကစားသမား (၅)ဦး  ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် အသင်းတာဝန်ရှိသူများက ယင်းရာသီကြိုလေ့ကျင့်မှုအစီအစဉ်ကို ပယ်ဖျက်ခဲ့သလို အခြားသူများအား ရောဂါပိုး မကူးစက်စေရန်အတွက် ကာကွယ်မှုအစီအမံများပြုလုပ်ခဲ့ရကြောင်း သိရသည်။

မူလက ရောဂါပိုးရှိမရှိစစ်ဆေးရာတွင် ရောဂါပိုးမရှိ (Negative ပြ) သည့် ကစားသမားများအား ကလပ်အသင်း၏ လေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ခန်းဆက်ဆင်းစေရန် အသင်းတာဝန်ရှိသူများက ညွှန်ကြားခဲ့သော်လည်း ရောဂါပိုးရှိ (Positive ပြ)သည့် ကစားသမားများထပ်မံထွက်ပေါ်လာပြီးနောက် အသင်း၏ အကယ်ဒမီအဆောက်အအုံအား ပိတ်ထားရန် အသင်းက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ယင်း အကယ်ဒမီအဆောက်အအုံအား အနည်းဆုံး(၁၀)ရက်ကြာ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မန်စီးတီး ယူ-၁၈ အသင်းနှင့် ယူ-၂၃ အသင်းများမှ ကစားသမားများ ၊ အသင်းနည်းပြအဖွဲ့ဝင်များနှင့် အသင်းတာဝန်ရှိသူများကို  အသွားအလာထိန်းချုပ်ကန့်သတ်မှုများပြုလုပ်ထားပြီး ရောဂါပိုးကူးစက်ခံနေရသည့် ကစားသမားများ၏ အခြေအနေကိုလည်း အသင်းတာဝန်ရှိသူများက မျက်ခြည်မပြတ်စောင့် ကြည့်လျက်ရှိနေကြောင်း သိရသည်။

မန်စီးတီးလူငယ်အသင်းများ၏ ကိုဗစ်ရောဂါပိုးပျံ့နှ့ံမှု ပြဿနာမှာ အခြားသော ပရီးမီးယားလိဂ်နှင့် အောက်တန်းလိဂ်ကလပ်များအတွက်လည်း စိုးရိမ်စရာဖြစ်ခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent