OIC က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ တင်သွင်းသည့် အဆို (မူကြမ်း) အား ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

OIC က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ တင်သွင်းသည့် အဆို (မူကြမ်း) အား ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်
Published 15 July 2021

ဂျီနီဗာမြို့၌ ပြုလုပ်ခဲ့သော လူ့အခွင့်အရေးကောင်စီ၏ (၄၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ဇူလိုင် ၁၂ ရက်တွင် OIC က တင်သွင်းသည့်အဆို (မူကြမ်း) အား လက်မခံပယ်ချကြောင်း ဇူလိုင် ၁၄ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၂ ရက်တွင် OIC ကတင်သွင်း သည့် ‘ရိုဟင်ဂျာ’ ဆိုသူ မွတ်ဆလင်များနှင့် အခြားသောလူနည်းစုများ၏ အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ အဆိုတစ်ရပ်ကို သက်ဆိုင်ရာ မြန်မာနိုင်ငံမပါဝင်ဘဲ အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက လေ့လာတွေ့ရှိရသည်ဟု အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးများအဖြစ် အသိအမှတ်ပြုထားခြင်းမရှိသော ‘ရိုဟင်ဂျာ’ ဆိုသူများနှင့်ပတ်သက်၍ အဓိကဖော်ပြထားကြောင်း၊ ထို့ပြင် မမှန်ကန်သောသတင်းများ၊ တစ်ဖက်သတ်စွပ်စွဲချက်များကို အခြေခံထားကြောင်းနှင့် မြန်မာနိုင်ငံက အသိအမှတ်ပြု လက်ခံထားခြင်းမရှိသော မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီအရင်ခံစာ တင်သွင်းသူ၊ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားနှင့် အချက်အလက် ရှာဖွေရေးအဖွဲ့စသည့် နိုင်ငံတကာယန္တရားများ၏ အခန်းကဏ္ဍများကို အလေးပေးထားကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် နိုင်ငံတစ်နိုင်ငံအပေါ် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိဖြင့် မျှတမှု မရှိဘဲ ဦးတည်အရေးယူသည့် အဆိုမူကြမ်းများ၊ မိမိတို့၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်စေနိုင်သည့် အပြည်ပြည်ဆိုင်ရာ ယန္တရားများကို အစဉ်တစိုက် လက်ခံခဲ့ခြင်းမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထို့ပြင် ယခုဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံအပေါ် ကြိမ်ဖန်များစွာထပ်တလဲလဲ အရေးယူသည့် လုပ်ရပ်ဖြစ်သည့်အတွက် လည်းကောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ထင်ဟပ်မှုမရှိသဖြင့်လည်းကောင်း မြန်မာနိုင်ငံအနေဖြင့် အဆိုတစ်ခုလုံးနှင့် ယင်းအပေါ် ဆွေးနွေးမှုများကို ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထို့ပြင် နိုင်ငံရေးရည်မှန်းချက်များဖြင့် တီထွင်ဖန်တီးထားသည့် ‘ရိုဟင်ဂျာ’ ဟူသည့် အသုံးအနှုန်းကိုလည်း မြန်မာအစိုးရနှင့် ပြည်သူများက အသိအမှတ်ပြုခြင်းမရှိဘဲ ပယ်ချကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စနှင့်စပ်လျဉ်း၍ အားလုံးပါဝင်သည့် အလုံးစုံချဉ်းကပ်မှုပုံစံမျိုးဖြင့် ဆောင်ရွက်လျက်ရှိကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံ သဘောတူညီချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်မှု စိစစ်ခြင်းနှင့်ပတ်သက်၍ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

OIC ကတင်သွင်းခဲ့သည့် အဆို (မူကြမ်း) ကို တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က သဘောမတူ၊ မထောက်ခံကြောင်း (Dissociate) ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent