အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည့် ဇူလိုင် ၁၇ မှ ၂၅ ရက်အထိ ကာလအတွင်း ဆိပ်ကမ်း၊ လေဆိပ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ ပုံမှန်အတိုင်း ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။
“ ဇူလိုင် ၁၇ ကနေ ၂၅ ရက်အထိ ရုံးပိတ်ရက်ကြေငြာထားသော်လည်း ဆိပ်ကမ်း၊ လေဆိပ်၊ နယ်စပ်မှာ တာဝန်ထမ်းဆောင်တဲ့ အကောက်ခွန်နဲ့ ကုန်သွယ်ရေးဝန်ထမ်းတွေ ပုံမှန်အတိုင်း ဆက်လက်အလုပ် လုပ်ပေးကြမယ်လို့ ဆိုင်ရာဌာနတွေထံက သိရပါတယ်။ ကိုဗစ်ကာကွယ်၊ ကုသရေးပစ္စည်းတွေ နှောင့်နှေးမှုမရှိဘဲ တင်သွင်းနိုင်ပါတယ်ခင်ဗျား” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။
အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည့် ဇူလိုင် ၁၇ မှ ၂၅ ရက်အထိ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Oxygen Concentrator များ တင်သွင်းမှုအတွက် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ဖြေလျှော့မည်ဖြစ်ပြီး ရေကြောင်း၊ လေကြောင်းမှတင်သွင်းမှုအတွက် SO ဖြင့် ခွင့်ပြုပြီး နယ်စပ်မှလည်း အမြန်ဆုံး တင်သွင်းနိုင်မည့်နည်းလမ်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
COVID-19 ရောဂါကာကွယ်ကုသမှုဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်ခြင်းကိစ္စရပ်အား ရေကြောင်း၊ လေကြောင်း၊ နယ်စပ်လမ်းကြောင်းများမှတဆင့် အခက်အခဲမရှိ တင်သွင်းနိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိရာ နေ့စဉ် ဆေးနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
တစ်ခါသုံးပါးစပ်၊ နှာခေါင်းစည်း Mask နှင့်ပတ်သက်၍ Non Medical Use ဖြစ်ပါက FDA မလိုအပ်ကြောင်း၊ Oxygen Concentrator များ တင်သွင်းမှုနှင့်စပ်လျဉ်း၍ ကုန်သွယ်လုပ်ငန်းခွင် (CT) ငါးရာခိုင်နှုန်းကို ဖြေလျှော့ပေးသွားမည်ဖြစ်ပြီး ရေကြောင်း၊ လေကြောင်းမှတင်သွင်းမှုများအတွက် SO ဖြင့် ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်သည်။ နယ်စပ်မှ တင်သွင်းမှုများအတွက် အမြန်ဆုံး တင်သွင်းနိုင်မည့် နည်းလမ်းဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
Liquid Oxygen များအား နယ်စပ်မှ တင်သွင်းရာ၌ Liquid Oxygen များ ထည့်သွင်းတင်ဆောင်လာမည့် ယာဉ်များအနေဖြင့် Rigid Body ဖြင့် တင်သွင်းခြင်းဖြစ်ပါက အကောက်ခွန်၏ ယာယီတင်သွင်းမှုလုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။
၂၀၂၁ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မြဝတီ ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့တွင် လာရောက်လျှောက်ထားသည့် Face Mask ၊ အောက်ဆီဂျင်အိုး၊ အောက်ဆီဂျင်စက်များ တင်သွင်းခြင်းအား အမြန်ဆုံးခွင့်ပြုဆောင်ရွက်ပေးခဲ့သည်။










