ရယ်မောခြင်း

ရယ်မောခြင်း
Photo - Linguisticator
Photo - Linguisticator
Published 20 October 2018
မင်းည

ရယ်သောသူ အသက်ရှည်သည်ဟု ဆိုလေ့ရှိကြပါသည်။ တကယ်လည်း ရယ်မောခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများစွာ ရှိပါသည်။ အထူးသဖြင့် ရယ်မောခြင်းကြောင့် စိတ်ဖိစီးမှုများကို လျော့ကျသွားစေနိုင်သည်ဟု ဆိုပါသည်။ သုတေသနပြုသူများ၏ အဆိုအရ မကြာခဏ ရယ်မောတတ်သူများသည် အရယ်၊ အပြုံးနည်းပါးသူများထက် ရောဂါဘယများအပေါ် ခုခံနိုင်စွမ်းအား ပို၍ကောင်းသည်ဟု ဆိုပါသည်။ ထို့ပြင် နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ သွေးပေါင်ချိန်မြင့်တက်မူကို ကျဆင်းစေခြင်းလို အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်ပါသေးသည်။ ထိုမျှတင်မက ကိုယ်အလေးချိန် လျှော့ချရာ၌လည်း ရယ်မောခြင်းက အထောက်အကူပြုနိုင်သည်ဟု ဆိုကြပါသေးသည်။ တကယ်တော့ ကျွန်တော်တို့သည် ဟာသရုပ်ရှင်၊ ဟာသဗီဒီယိုများကို ကြည့်ရှုခြင်း၊ ဟာသစာအုပ်များ ဖတ်ရှုခြင်းလိုကိစ္စမျိုးများမှ ရယ်မောခြင်းကို အလွယ်တကူပင် ရရှိနိုင်ကြပါသည်။ ထို့အတူပင် မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများအချင်းချင်း အပြန်အလှန်စနောက်ခြင်း၊ မိသားစုဝင်အချင်းချင်း စနောက်ကျီစယ်ခြင်းလို အပြုအမူမျိုးများဆီမှလည်း ရယ်မောခြင်းကို ရရှိနိုင်ကြပါသေးသည်။ သို့ဆိုပါလျက် ကျွန်တော်တို့သည် အဘယ်ကြောင့်များ ရယ်မောခြင်းနှင့် အမြဲအတူ ဒွန်တွဲရှိမနေနိုင်ခဲ့ကြပါသနည်း။ သေချာသည်ကတော့ အဖြေသည် စား၊ ဝတ်၊ နေမှုဆိုသည့် ခေါင်းစဉ်များ၏အောက်မှ လွတ်ကင်းနိုင်မည်မဟုတ်ဆိုတာကိုပင် ဖြစ်ပါသည်။ တကယ်လည်း စား၊ ဝတ်၊ နေရေး အဆင်မပြေဖြစ်လာသည့် အခါများ၌ ကျွန်တော်တို့သည် ရယ်မောဖို့ရာကို မဆိုထားနှင့် အနည်းငယ် ပြုံးဖို့ရာလောက်ကိုပင် မတတ်နိုင်အောင် ဖြစ်ကြရလေ့ရှိတတ်ကြပါသည်။

အထူးသဖြင့် တစ်နေ့ထက်တစ်နေ့ ပိုပိုကာသာ ကြီးမြင့်လာနေသည့် ကုန်စျေးနှုန်းများ၊ အိမ်ငှားရမ်းခများက ကျွန်တော်တို့ထံမှ ရယ်မောနိုင်စွမ်းတွေကို တွန်းတိုက်ဖြိုချဖျက် ဆီးပစ်နေခဲ့ကြသည်ဟု ထင်ပါသည်။ ထို့အတူပင်  ငွေကြေးမပြည်စုံ၊ မချောင်လည်ခြင်း၊ ကျန်းမာရေးမကောင်းမွန်ခြင်းဆိုသည့် အချက်များကလည်း ကျွန်တော်တို့၏ ရယ်မောလို စိတ်များကို ပျောက်ဆုံးပျက်စီးသွားစေရသည့် အကြောင်းအချက်များထဲ၌ ပါဝင်နေခဲ့သည်ဟု ထင်ပါသည်။ တကယ်တော့ အားပါးတရ ရယ်မောလိုက်ခြင်းဖြင့်  သောကဗျာပါဒများကို ပြေပျောက်လျော့ကျသွားစေနိုင်သလိုသော ကဗျာပါဒများကြောင့်လည်း ရယ်မောခြင်းနှင့် ဝေးကွာစေနိုင်သည်သာ ဖြစ်ပါသည်။ ထို့အတူ ရယ်မောပြုံးရွှင်စွာ နေထိုင်ခြင်းကြောင့် လုပ်ငန်းဆောင်တာများ ပြီးမြောက်အောင်မြင်နိုင်ဖို့ရာအတွက် အထောက်အကူ ဖြစ်စေနိုင်သလို လုပ်ငန်းဆောင်တာများ ပြီးမြောက် အောင်မြင်ခြင်းကြောင့်လည်း ရယ်မောခြင်း ကို ရရှိနိုင်စေပါသည်။ တကယ်တော့ ရယ် မောခြင်းကြောင့်ရရှိနိုင်သည့် အကျိုးကျေးဇူး များမှာ ပြော၍ကုန်နိုင်ဖွယ်မရှိဟု ထင်ပါသည်။ ထို့အတူ ရယ်မောရသည်ကို မနှစ်သက်သည့် လူတစ်ယောက်ယောက် ဒီကမ္ဘာလော ကကြီးထဲ၌  ရှိနေလိမ့်ဟူ၍လည်း  ကျွန်တော်ကတော့ မယုံကြည်မိပါ။ တကယ်လည်း ကမ္ဘာကြီး၏ မည်သည့်နေရာတွင်နေထိုင်၍ မည်သည့်ဘာသာစကားများကို သုံးစွဲနေကြသည် ဖြစ်စေရယ်မောခြင်းဆိုသည့်  ဘာသာစကားကတော့ မကွဲပြားတူညီကြသည်သာ ဖြစ်ပါသည်။ ထို့အတူ ရယ်မောခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများသည်လည်း တူညီကြသည်သာ ဖြစ်ပါသည်။ မည်သည့်နိုင်ငံ၌ နေထိုင်၍ မည်သည့်ဘာသာ မည့်သည့်လူမျိုးဖြစ်စေ အားရပါရရယ်မောလိုက်ခြင်းဖြင့် ထိုရယ်မောလိုက်သူ၏ အဆုတ်ကို ပိုမိုအား ကောင်းလာစေမည်သာ ဖြစ်သည်။ ထိုရယ် မောလိုက်သူ၏ မှတ်ဉာဏ်တို့ကို ပိုမိုတိုးပွား  ကောင်းမွန်လာစေမည်သာ ဖြစ်ပါသည်။ တကယ်တော့ ရယ်မောပျော်ရွှင်စွာ နေတတ်သူများသည် ရယ်မောပျော်ရွှင်မှု နည်းပါးသူများထက် လူအများ၏ ချစ်ခင်မှုကို ပိုမိုကာ ရရှိလေ့ရှိတတ်ကြပါသည်။ ထို့အတူ လူအများကို ပျော်ရွှင်အောင်ရယ်မောနိုင်အောင် ပြုလုပ်ဖန်တီးပေးနိုင်သူများကိုလည်း လူများပိုမိုချစ်ခင်လေ့ ရှိတတ်ကြသည်။ ဥပမာအနေဖြင့် အများသူငါ ပျော်ရွှင်နိုင်အောင် ပြုလုပ်ဖန်တီးပေးလေ့ရှိကြသည့် လူရွှင်တော်များသည် လူအများ၏ ချစ်ခင်မှုကို အခိုင်အမာ ရရှိထားသည်ကို တွေ့နိုင်ကြပါသည်။ ရယ်မောခြင်းကြောင့် အခြားရရှိနိုင်သည့် ကောင်းကျိုးတစ်ခုမှာ စိတ်တည်ငြိမ်မှု ရရှိနိုင်ခြင်းပင် ဖြစ်ပါသည်။

တကယ်လည်း ကျွန်တော်တို့သည် ရယ်မောပျော်ရွှင်ခွင့် ရရှိနေချိန်များတွင် စိတ်ညစ်ညူးသောကရောက်စရာများကို  မေ့လျော့နေလေ့ရှိတတ်ကြပါသည်။ ရယ်မောခြင်းဆိုင်ရာ သုတေသီတစ်ဦး၏ လေ့လာမှုတစ်ရပ်တွင် ရယ်မောဖွယ် ဗီဒီယိုအစီအစဉ်တစ်ခုအား ကြည့်ရှုရန် လူအချို့ကို ကြိုတင်ပြောပြရုံမျှဖြင့် ထိုသူတို့၏ အမူအရာများမှာ အထူးကောင်း မွန်လာကြပြီး ထိုသူတို့၏ စိတ်ဖိစီးမှုများမှာလည်း တစ်ချိန်တည်းတွင် လျော့ကျသွားခဲ့သည်ကို တွေ့ရှိရသည်ဟု ဆိုပါသည်။ ထို့အတူပင် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ အကြိမ် ၁၀၀ ခန့်ရယ်မောခြင်းသည် ၁၀ မိနစ်ခန့် လှေလှော်ခြင်းကဲ့သို့ အားကစားလုပ်ခြင်းနှင့် ညီမျှသည်ဟူ၍လည်း ဆိုကြပါသေးသည်။ ဒါတင်မက ရယ်မောခြင်းဖြင့် မိမိနှင့်အခြားသူတစ်ယောက်တို့ ရင်းနှီးခင်မင်မှုကို အလျှင်အမြန် ဖြစ်ပေါ်စေသည်ဟူ၍လည်း ဆိုကြသလို အနောက်တိုင်း အယူအဆတစ်ခုမှာတော့ ရယ်မောခြင်းဖြင့် ခန္ဓာကိုယ်မှ တင်းမာနေသည့် အကြောအခြင်များကို လျော့ကျသွားစေနိုင်သည်ဟု ဆိုပါသည်။ ထို့အတူ ရယ်မောခြင်းဖြင့် နာကျင်မှုအချို့ကို သက်သာလျော့ကျ သွားစေနိုင်သည်ဟူ၍လည်း ဆိုထားသေးသလို လေ့လာမှုတစ်ရပ်အရ လူတစ်ယောက် ရယ်မောနေချိန်တွင် မျက်နှာပေါ်ရှိ အကြော ၁၅ ခုမှာ ကျုံ့ဝင်သွားပြီး အသက်ရှူဟန် အနည်းငယ် ပြောင်းလဲသွားသည်ကို တွေ့ရှိရသည်ဟု ဆိုထားပါသည်။ လူတစ်ဦး၏ ဤပြုံးရယ်ဟန်ကို အသေးစိတ်လေ့လာကြည့်လျှင် (၁) ပါးစပ်ထောင့်များ အနည်းငယ်နောက်ဆုတ်သွား၍ ပါးစပ်ပိုကျယ်လာခြင်း (၂) အထက်နှုတ်ခမ်း မြင့်တက်သွား၍ သွားများပေါ်လာခြင်း (၃) နှာခေါင်းနှင့် နှုတ်ခမ်းအကြားရှိ အသားများ ကွေးကောက်တွန့်လိမ်ခြင်း (၄) မျက်စိများ အရောင်တက်လာခြင်း (၅) အောက် မျက်ခမ်းအသားလေးများ တွန့်လိမ်ခြင်းများကို မြင်တွေ့ရမည်ဟု ဆိုပါသည်။ ယင်းငါးမျိုးသော မျက်နှာပြောင်းလဲပုံမှာ ရိုးရိုးဣန္ဒြေမပျက် ပြုံးရယ်ချိန်တွင် လေ့လာရှုမြင်ရပုံဖြစ်ပြီး ထို့ထက် ပိုမိုပြင်းထန်လှုပ်ရှားသည့် ရယ်မောခြင်းဖြစ်ပွားလာမည်ဆို လျှင်မူမျက်ရည်များထွက်လာတတ်၍ မျက်စိအရောင်တောက်ပမှု လျော့ပါးသွားတတ်သည်ဟု ဆိုပါသည်။ ထို့ပြင် အသံလည်းထွက်လာပြီး  ၀ါးခနဲ ပွဲကျပြီးကာ ခွက်ထိုးခွက်လန် ရယ်မောသည့်အဆင့်အထိ  အမျိုးမျိုးပြောင်းလဲသွားတတ်သည့် လက္ခဏာများ ဖြစ်ပေါ်လာတတ်ကြောင်း ကမ္ဘာကျော်လောကဓာတ်ဆရာကြီး ချားလ်စ်ဒါဝင်က ရေးသားဖော်ပြခဲ့ဖူးပါသေးသည်။

ထို့အတူ ကျွန်တော်၏ မြန်မာ့အယူအဆတွင်လည်း ဟာသရသသည် ရယ်မောခြင်း၊ ပြုံးရွှင်ခြင်း သို့မဟုတ် ကြည်နူးစရာ၊ ပီတိဖြစ်စရာတည်းဟူသော ပျော်မွေ့နှစ်သက်စရာဟု  ဆိုပါသည်။ ထိုအတူ ရယ်မောခြင်းကိုလည်း (၁) မျက်စိပွင့်ရုံပြုံးရယ်ခြင်း (၂)  သွား စဉ်းငယ် ပေါ်ရုံရယ်ခြင်း  (၃)  ညှင်းညှင်းချိုချို အသံထွက်ရုံရယ်ခြင်း (၄) ပခုံးနှင့် ဦးခေါင်းလှုပ်ကြွ၍ရယ်ခြင်း (၅)  မျက်ရည်ထွက်အောင် ရယ်ခြင်း  (၆)  ကိုယ်ကိုလှုပ်ကာ  ခုန်ပေါက်ရယ်ခြင်းစသည်ဖြင့် ရေးသားဖော်ပြထားပါသည်။ ထို့အတူ ရယ်မောခြင်းဖြင့် အသက်ရှည်နိုင်သည်ဟုလည်း ဆိုထားခဲ့ပါသေးသည်။ သို့ပါသော်လည်း ရယ်မောခြင်း၏ အဓိပ္ပာယ်၊ ရယ်မောခြင်း၏ ယဉ်ကျေးမှုကို နားလည်သဘော ပေါက်ဖို့တော့ လိုအပ်လိမ့်မည်ဖြစ်ပါသည်။ အထူးသဖြင့် မိမိ၏ ရယ်မောခြင်းသည် တစ်ပါးသူတစ်ယောက်ယောက်၏ ငိုကြွေးခြင်းကို လှောင်ပြောင်ရယ်မောမိသည့် ရယ်မောခြင်း မျိုးမဖြစ်ရန်အတွက် အထူးဂရုစိုက်ရမည် ဖြစ်သည်။

ထို့အတူ တခြားသူတစ်ယောက်ယောက်၏ အားနည်ချက်ကို လှောင်ပြောင်ရယ်မောမိသည် ရယ်မောခြင်းမျိုး မဖြစ်ရန်အတွက်လည်း လိုအပ်ပါသေးသည်။ တကယ်လည်း တချို့သော ရယ်စရာများသည့် တချို့သော သူများအတွက် နာကျင်ကြေကွဲစရာများ ဖြစ်နေတတ်သည်ကို သတိချပ်ကြရမည် ဖြစ်ပါသည်။ အချို့သော ကျွန်တော်တို့အတွက် ဟားတိုက်ရယ်မောစရာ အဖြစ်အပျက်များသည် တချို့သော လူများအတွက် ချုံးပွဲချ ငိုစရာများအဖြစ် ဖြစ်ကောင်းဖြစ်နေနိုင်သည်ကို သတိထားကြရမည် ဖြစ်ပါသည်။ တကယ်လည်း အခြားသောနိုင်ငံများရှိ ရယ်မောစရာ အဖြစ်အပျက်များက ကျွန်တော်နိုင်ငံအတွက် ရယ်မောစရာ ဖြစ်ချင်မှဖြစ်လိမ့်မည်ဖြစ်သလို ကျွန်တော်တို့နိုင်ငံရှိ ရယ်စရာများသည်လည်း တခြားသောနိုင်ငံများအတွက် ရယ်မောစရာဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ ထို့အတူ တချို့သောသူများအတွက် ရယ်မောစရာ အဖြစ်အပျက်များသည့် ကျွန်တော်တို့အတွက် ရယ်မောစရာ ဟုတ်ကောင်းချင်မှ ဟုတ်လိမ့်မည်ဖြစ်သလို ကျွန်တော်တို့အတွက် ရယ်မောစရာ အဖြစ်အပျက်များသည့် အချို့သောသူများအတွက် ရယ်မောစရာ ဟုတ်ကောင်းချင်မှ ဟုတ်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ နေ့စဉ်ရယ်မောပေးခြင်းဖြစ် ကျွန်တော်တို့၏ စိတ်ဖိစီးမှုများ၊ နာကျင်မှုများ၊ စိတ်ဓာတ်ကျမှုများကို လျော့ပါးသက်သွားစေနိုင်လိမ့်မည် ဖြစ်ပါသည်။ ထို့အတူ သွေးဖိအားကို လျော့ကျစေခြင်း၊ အကျိုးပြု ကိုလက်စထရောများကို တိုးပွားလာစေခြင်း၊ ကိုယ်ခံအား ကောင်းမွန်လာ စေခြင်းဆိုသည့် ကောင်းကျိုးများကို ခံစားရစေနိုင်သလို အချို့သော ကျွန်တော်တို့၏ သောကများ ဘဝအမောများကို ပြေလျော့ပပျောက်သွားစေလိမ့်မည်ဆိုတာကတော့  အသေအချာပင်  ဖြစ်ပါတော့သည်။

Most Read

Most Recent