အချိန် ... တဲ့။ အဲဒီအချိန်ကို ချိန်ကြည့်ရင် ဘယ်လောက်သားလောက်ရှိမလဲ။ ခက်တာက ကျွန်တော်တို့ဟာ နေ့တိုင်း အချိန်ကို ချိန်နေပါရက် ဘယ်လောက်သား ရှိမှန်း မသိကြတာပဲ။ ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်း မသိကြသလိုပါပဲ။ တကယ်တော့ အချိန်ဟာ အထီးလည်းမဟုတ်၊ အမလည်း မဟုတ်ပါဘူး။ တစ်ခုတော့ရှိတယ်။ အခုပြောမယ့်အချိန်က ရွာထဲမှာ ခေါက်ဆွဲဆိုင်ဖွင့်ထားတဲ့ “အချိန်”ကို ပြောတာ မဟုတ်ပါဘူး။ လူတွေကတစ်ရက်မှာ ၂၄ နာရီရှိတယ်လို့ သတ်မှတ်ထားကြတဲ့ အချိန်ကို ပြောချင်တာပါ။
စောစောက ပြောလက်စစကား ပြန်ဆက်ရရင် အချိန်ဟာအထီး၊ အမ မဟုတ်ဘူးဆိုရင် အချိန်ဟာဘာလဲ။ သေချာတာကတော့ အချိန်ဟာ အထီးရော၊ အမရော၊ အထီး အမ မဟုတ်သူတွေနဲ့ရော မကင်းရာ မကင်းကြောင်း ပတ်သက်ဆက်နွှယ်နေတယ် ဆိုတာပါပဲ။ ဟုတ်တာပေါ့။ အချိန်ဟာ ကျွန်တော်တို့ အားလုံးနဲ့ဆိုင်တဲ့ ဘုံပိုင်ပစ္စည်းပဲ။ ဘုံပိုင်ဆိုပေမဲ့ အချိန်ကို ကျွန်တော်တို့ မပိုင်ကြပါဘူး။ ဆိုင်သာဆိုင် မပိုင်တဲ့ အချိန်ပါပဲ။ ဒါဖြင့် အချိန်နဲ့ ဘယ်လိုသက်ဆိုင် ပတ်သက်နေတာလဲ။ ကျွန်တော်တို့ ဘဝတွေဟာ အချိန်နဲ့ ဖွဲ့စည်းတည်ဆောက်ထားလို့ပါပဲ။ ဆရာအောင်သင်းကတော့ “အချိန်ဆိုတာ ဘဝပဲကွ။ ကလေးတစ်ယောက် အခုပဲ မွေးလာတယ်။ ဟောအခုပဲ ခေါက်ခနဲသေသွားရော။ အဲ့ဒါ သူနေခဲ့ရတဲ့ အချိန်ပဲ။ သူ့ဘဝပဲ” လို့ ပြောခဲ့ဖူးတယ်။
ပြန်စဉ်းစားကြည့်တော့ ဟုတ်တာပေါ့။ ကျွန်တော်တို့ အသက်ဟာ ကျွန်တော်တို့ရဲ့ ဘဝသက်တမ်းပဲ။ ဒါ ကျွန်တော်တို့ ဘဝမှာကျင်လည်ခဲ့တဲ့ အချိန်ပဲမဟုတ်လား။ ၄၅ နှစ်အရွယ်မှာ သေဆုံးသွားတဲ့ လူတစ်ယောက် ဆိုပါတော့။ သူဟာ လူ့ဘဝမှာ အချိန် ၄၅ နှစ်စာရရှိခဲ့တယ်။ အခုတော့ သူ့ဘဝမရှိတော့ဘူး။ ဘာလို့လဲ သူ့မှာကုန်ဆုံးစရာ အချိန်မရှိတော့လို့ပဲ။ အဲဒီလိုတွေးမိတဲ့အခါ အချိန်ဆိုတာ ကျွန်တော်တို့နဲ့ ပူးတွဲလိုက်ပါနေတဲ့ ဖြစ်စဉ်ပဲလို့ အဓိပ္ပာယ်ကောက်ချင်လာမိတယ်။ ဒါပေမဲ့ ခက်တာကအချိန်ဟာ တိတိကျကျ ဖွင့်ဆိုရှင်းပြရခက်တဲ့ အမျိုးအစားထဲ ပါဝင်နေလို့ပါပဲ။ အဲဒါကြောင့် အချိန်ကိုချိန်ကြည့်ရင် ဘယ်လောက်သား ရှိမလဲဆိုတာ ဘယ်သူမှ မပြောပြနိုင်ကြတာပေါ့။ တကယ်လည်းအချိန်ဟာ ဖမ်းဆုပ်ရခက်တဲ့ အရာတစ်ခုပဲမဟုတ်လား။
ဒါပေမဲ့ ကျွန်တော်တို့ လူသားတွေဟာ အချိန်ကို ဖမ်းဆုပ်ပြီး နာမည်ပေးကင်ပွန်းတပ်ဖို့ အမျိုးမျိုးကြံစည် အားထုတ်ခဲ့ကြပါတယ်။ ပြောရရင် ကမ္ဘာဦးအစကတည်းက အချိန်ဟာ လူသားတွေရဲ့ လက်ထဲမှာ ပုံစံအမျိုးမျိုး အစမ်းသပ်ခံပြီး ဘဝအမျိုးမျိုးကျင် လည်ဖြတ်သန်းခဲ့ရရှာပါတယ်။ အချိန်ကို ပန်းပုရုပ်လို ပုံစံအမျိုးမျိုး ထုဆစ်ပုံဖော်ခဲ့ကြပြီး လေဘယ်တံဆိပ်မျိုးစုံလည်း ကပ်ခဲ့ကြပါတယ်။ လူဟာ ၃၁ ဘုံမှာဘဝမျိုးစုံနဲ့ သံသရာ လည်ရသလိုပဲ အချိန်ဟာလည်း ၃၁ ဘဝ မကအောင် သံသရာချားရဟက်ပေါ် လိုက်ပါ လှည့်ပတ်နေခဲ့ရတာပေါ့။ အခုလို ၁ နာရီ ၂ နာရီ မသတ်မှတ်ခင်မှာ အချိန်ကိုခေါ်ဆို သတ်မှတ်ခဲ့တဲ့ ကနဦးဝေါဟာရတွေကိုပဲ ကြည့်ပါဦး။ အဲဒီတုန်းက ကမ္ဘာရဲ့ နေရာပေါင်းစုံမှာ အခေါ်အဝေါ်မျိုးစုံ ရှိခဲ့ကြမှာ သေချာပါတယ်။ တခြားမကြည့်နဲ့။ ကျွန်တော်တို့ မြန်မာ့ကျေးလက်ဒေသရဲ့ အချိန် သတ်မှတ်ပုံတွေကိုပဲ ကြည့်ပါဦး။ ကျွန်တော်တို့ရဲ့ ရှေးခေတ်က ဘိုးဘေးတွေနေကိုကြည့်ပြီး အချိန်သတ်မှတ်ပုံက စိတ်ဝင်စားဖွယ် ကောင်းပါတယ်။ နံနက် ၆ နာရီကို “နေထွက် စပြု” တဲ့။ နံနက် ၈ နာရီကို “ နေထန်းတဖျား” တဲ့။ နံနက် ၁၀ နာရီကို “ဆွမ်းခံပြန်” တဲ့။ ၁၂ နာရီကိုတော့ “နေမွန်းတည့်” တဲ့။ နာရီပြန် ၁ ချက်ကို “နေမွန်းတိမ်း”တဲ့။ ၂ နာရီကို “နေစောင်း” တဲ့။ ၃ နာရီကို “နေကျ” တဲ့။ ၄ နာရီကို “နေစွယ်ကျိုး” တဲ့။ ၅ နာရီကို “နေအေး” တဲ့။ ၅ နာရီခွဲကနေ ၆ နာရီအတွင်းအချိန်တွေကိုတော့ “နေဝင်ရီတရော”၊ “နေဝင် ဆည်းဆာ”၊ “နေဝင်ဖျိုးဖျ” ဆိုပြီး အသီးသီး ခေါ်ဆိုသတ်မှတ်ထားကြသတဲ့။ ကဲ ဘယ်လောက်များ စေ့စပ်သေချာလိုက်တဲ့ ရှေးလူကြီးများလဲ။ အချိန်ကို ကင်းပွန်းတပ်သွားပုံများ လှပ ကဗျာဆန်လိုက်လေခြင်း။ ဒါ နေ့ပိုင်းပဲရှိပါသေးတယ်။ ညပိုင်းရောတဲ့။ ညကျတော့ ကြက်တွန်သံကိုအမှီပြုပြီးအချိန် သတ်မှတ်ကြတာတဲ့။ ၆ နာရီထိုးချိန်ကို “အိပ်တန်းတက်” တဲ့။ ၈ နာရီကို “သူငယ်အိပ်ဆိတ်” တဲ့။ ၁၀ နာရီကို “သက်ကြီးခေါင်းချ” တဲ့။ ၁၁ နာကို “လုလင်ပြန်” တဲ့။ ၁၂ နာရီကို “သန်းခေါင်ကြက်” တဲ့။ ၃ နာရီကျော်ကို “ကြက်ဦးတွန်” တဲ့။ နံနက် ၅ နာရီကိုတော့ “လင်းကြက်ဆော်” တဲ့။ ကြည့်စမ်း။
ကြက်တွန်သံဟာကျေးလက်ရဲ့ အချိန်နာရီပဲမဟုတ်ပါလား။ အဲဒါကြောင့်လည်း “ကြက်သံကိုဗဟိုပြုရတယ် တောသူ့ရွာမို့” လို့ အဲဒီခေတ်စာဆိုတွေ ကဗျာစပ်ခဲ့ကြတာပေါ့။ ဒါဟာ ရှေးခေတ် မြန်မာပြည်အောက်ပိုင်းရဲ့ အချိန်သတ်မှတ်ပုံပဲရှိပါသေးတယ်။ မြန်မာပြည် အထက်ပိုင်းနဲ့ ကွဲလွဲနိုင်ပါတယ်။ ပြီးတော့ တိုင်းရင်းသားတွေရှိတဲ့ တောင်ပေါ် ဒေသတွေမှာလည်း အချိန်သတ်မှတ်ပုံ တစ်မျိုးတစ်ဘာသာ ရှိနိုင်ပါသေးတယ်။
ကိုင်းဒီတော့ မြန်မာတစ်ပြည်ထဲတင် အချိန်ကို အမျိုးမျိုး သင်္ကေတပြု နာမပညတ် ခဲ့ပုံ ဒီလောက်များပြားနေရင် ကမ္ဘာနဲ့ချီပြီး စဉ်းစားလိုက်တဲ့အခါ ဘယ်လောက် ကျယ်ပြန့်ပွားများသွားလေမလဲ။ ပြောချင်တာက ကျွန်တော်တို့ဟာ အချိန်ကိုအမျိုးစုံနာမည်ပေး ခေါ်ဆိုခဲ့ကြတယ် ဆိုတာပါပဲ။ တကယ်တော့ ဒါဟာအချိန်ရဲ့ ပညတ်ကိစ္စပဲမဟုတ်ပါလား။ ရှိတ်စပီးယားက “နှင်းဆီကို ဘယ်လို နာမည်ပေးပေး မွှေးမှာပဲ” လို့ ပြောခဲ့သလိုပါပဲ။ အချိန်ကိုဘယ်လိုနာမည်ပေးပေး အချိန်ဟာ အချိန်ပါပဲ။ သဲနာရီ၊ ရေနာရီ၊ နေနာရီ၊ စက်နာရီ ဘယ်လိုနာရီနဲ့ပဲ သတ်မှတ်ပါစေ အချိန်ဟာအချိန်ပါပဲ။ ခေတ်ပြောင်းသွားလို့ သတ်မှတ်ပုံ နာမည်ပေးပုံ ပြောင်းသွားပေမဲ့ အချိန်ရဲ့ ပင်ကိုမူလ သဘောကတော့ မပြောင်းမလဲ အရင်အတိုင်းပါပဲ။
ဟုတ်ပြီ။ ဒါဆို ကျွန်တော်တို့ အမျိုးမျိုးခေါ်နေကြတဲ့ အချိန်ကို မြင်ရသလား။ ကိုင်တွယ်ထိတွေ့လို့ ရပါသလား။ ဒါကတော့ ကလေးကအစ သိပါတယ်။ မမြင်ရထိတွေ့လို့ မရပါဘူး။ အံ့သြဖို့ ကောင်းလိုက်တာ။ မမြင်ရတာကို မြင်ရဘိသကဲ့သို့၊ ထိတွေ့မရတာကိုထိတွေ့ရဘိသကဲ့သို့ ကျွန်တော်တို့ ပြောဆိုနေကြတာပါလား။ ဒါဆိုရင် အချိန်ဟာ တကယ်မရှိတဲ့ အရာများလား။ အချိန်ရှိတယ်ဆိုတာ ကျွန်တော်တို့စိတ်ကို ကျွန်တော်တို့ ပြန်လှည့်စားနေတာများလား။ မဟုတ်ပါဘူး။ အချိန်ဆိုတာ တကယ်ရှိပါတယ်။ အချိန်ရှိကြောင်း ဘယ်လိုသက်သေပြမလဲ။ ပြင်သစ်တွေးခေါ်ရှင် ဒေးကားက “ကျွန်ုပ်တွေးသည်။ ထို့ကြောင့် ကျွန်ုပ်ရှိသည်” ဟု ပြောခဲ့သလိုပါပဲ။ ကျွန်တော် အသက်ထင်ရှားရှိနေတာကိုက အချိန်ရှိကြောင်း သက်သေပြနေတာပါပဲ။ ကျွန်တော့်ကိုယ် ခန္ဓာကြီးဟာ အချိန်ရဲ့ပြယုဂ်ပါပဲ။ မှန်တစ်ချပ်ရှေ့မှာ ကျွန်တော်ရပ်လိုက်တယ် ဆိုပါတော့။ မှန်ထဲမှာ မြင်နေရတဲ့ ကျွန်တော်ဟာ အမေ့ဝမ်းမှ ထွက်ခါစ ကျွန်တော်နဲ့ ဘယ်လောက်ကွာခြားခဲ့ပြီလဲ။ အခုကျွန်တော်ဟာအရင်က ကျွန်တော်နဲ့ရော တူပါသေးသလား။ ကျွန်တော့်ပါးပေါ်က အရေးအကြောင်းတွေဟာ အချိန်ရဲ့ ခြေရာတွေပါပဲ။ ကျွန်တော့် ခေါင်းပေါ်က ဆံပင်ဖြူတွေဟာ အချိန်ရဲ့ ပြုပြင်ဖန်တီးမှုတွေပါပဲ။ အချိန်ဟာ သူလာသွားကြောင်း၊ သူရှိနေသေးကြောင်း ကျွန်တော့်ကိုယ်ခန္ဓာပေါ်မှာ အမှတ်အသားတွေနဲ့ သက်သေပြခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်ကိုယ်တိုင်ပင်လျှင် အချိန်ပဲ မဟုတ်လား။
ကျွန်တော်တို့ဟာ အချိန်ကို သုံးပိုင်းခွဲပြီးလည်း သတ်မှတ်ထားကြပါသေးတယ်။ လက်ရှိအချိန်ကို ပစ္စုပ္ပန်တဲ့။ ကုန်လွန်ခဲ့တဲ့ အချိန်ကို အတိတ်တဲ့။ ရောက်မလာသေးတာကိုတော့ အနာဂတ်တဲ့။ လူသားဟာ အဲဒီ နယ်ပယ်သုံးခုထဲကို အမြဲစုန်ဆန်သွားလာနေခဲ့ပါတယ်။ အတိတ်ဟာ ကုန်လွန်ခဲ့ပြီမို့ ဘာမှလုပ်မရတော့ကြောင်း၊ အနာဂတ်ကလည်း မရောက်လာသေးတာမို့ မရေရာ မသေချာကြောင်း ကျွန်တော်တို့ သိနားလည်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အတိတ်နဲ့ အနာဂတ်ဆီ ခဏခဏသွားကြပါတယ်။ အတိတ်ရော အနာဂတ်ရောဟာ ရှိမနေတဲ့ အချိန်တွေပါ။ ပစ္စုပ္ပန်ကသာ လက်ရှိအချိန်ပါ။ ခက်တာက လက်ရှိအချိန်ကို ပစ်ချထားပြီး တကယ်ရှိမနေတဲ့ အချိန်တွေမှာ လှည့်လည်ကျက်စားတတ်တဲ့ ကျွန်တော်တို့ရဲ့ လူ့သဘာဝပါပဲ။ ဟေရာက လိုက်တပ်ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ “မြစ်တစ် မြစ်ထဲ နှစ်ခါမဆင်းနိုင်” လို့ ပြောခဲ့ဖူးတယ်။ အချိန်ဟာ အမြဲပြောင်းလဲနေတယ်ဆိုတာကို စီးဆင်းနေတဲ့ ရေရဲ့သဘောနဲ့ ဥပမာပေးပြီးပြောခဲ့တာပါ။ ကုန်လွန်သွားတဲ့အချိန် ဟာဘယ်တော့မှ ပြန်မရတော့ဘူးလို့ သူပြောချင်ပုံရပါတယ်။
ဒါပေမဲ့ ကျွန်တော်ကတော့ အချိန်အစားပြန်ရဘိသကဲ့သို့ ဟေရာကလိုက်တပ် ပြောတဲ့မြစ်ထဲ ခဏခဏ ခုန်ခုန်ဆင်းနေမိတာ အခုချိန်ထိပါပဲ။ ။










