အမှောင်ကြောက်၍ မှောင်သွားသူများ

အမှောင်ကြောက်၍ မှောင်သွားသူများ
Photo:socalmentalwellness
Photo:socalmentalwellness
Published 8 June 2021
မြတ်လှိုင်း

(၁)

ကျွန်တော်တို့ရဲ့ အတိတ်ကာလတွေဟာ ကျန်ရစ်ခဲ့ပါပြီ။ အတိတ်ဖြစ်ပျက်မှုတွေကို ပြန်တမ်းတလို့ရပေမဲ့ ပြန်လည်ပြင်ဆင်လို့ မရနိုင်တော့ပါဘူး။ အတိတ်ကာလတွေကို ကျော်လွန်ခဲ့ပြီး ဒီနေ့ကာလကို ရောက်ရှိလာရတာပါ။ အတိတ်ကာလမှာ ပြုမူခဲ့တဲ့ အမှန်လုပ်ရပ်တွေ၊ အမှားလုပ်ရပ်တွေရဲ့ အကျိုးဆက်တွေဟာ ဒီနေ့ကာလကို သက်ရောက်စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ အတိတ်ကာလရဲ့ အကျိုးဆက်တွေကို ငြင်းပယ်လို့မရနိုင်ပါဘူး။

ကျွန်တော်တို့ဘဝတွေ ညအမှောင်ထဲကို ရောက်နေပြီဆိုကြပါစို့။ နံနက်အရုဏ်ဦးကို ရောက်ချင်စိတ်နဲ့ ညအမှောင်ကိုဖြတ်သန်းနေကြရတယ်ဆိုရင်တော့ သဘာဝကျပါလိမ့်မယ်။ ဒါပေမဲ့ ညအမှောင်ကို ကြောက်လို့ အမှောင်ထဲရောက်သွားတဲ့ ညနေအကြောင်း တွေးလိုက်မိရင် ရင်နာစရာကောင်းလိမ့်မယ်။ ညနေခင်းလို လူတွေရဲ့ဘဝတွေလည်း အမှောင်ကို ကြောက်လို့ ဆိုပြီး အမှောင်ကို ရှောင်ပြေးနေရင်း ပိုမှောင်သွားရတယ်။

ကျွန်တော်တို့ဘဝတွေဟာ အမှောင်ထဲမှာ နေကြရတာကို မေ့သွားကြတယ်နဲ့ တူတယ်။ အမှောင်ဆိုတာ ကျွန်တော်တို့ဘဝတွေအတွက် မထူးဆန်းတော့ပါဘူး။ အမှောင်နဲ့ ခြောက်လှန့်လိုက်တာကိုကြောက်ပြီး အမှောင်ထဲကို ထွက်လိုက်ကြတယ်။ အမှောင်ညထဲ စမ်းတဝါးဝါးနဲ့ နံနက်အရုဏ်ဦးကို ရောက်တော့မယ်ဆိုပြီး ထအော်လိုက်ကြတယ်။ ပြောတဲ့လူက ပြောတာကို ယုံတဲ့လူတွေက ယုံနေကြတယ်။ ဒီတစ်ကြိမ် နောက်ဆုံးအခွင့်အရေးပဲ။ အရုဏ်ဦးဆီ အရောက်ချီတက်ကြတဲ့။ ဒီတစ်ကြိမ်မှာမှ အရုဏ်ဦးဆီ မရောက်ရင် အရုဏ်ဦးဆိုတဲ့ အနာဂတ်ဟာ ပျောက်ကွယ်သွားလိမ့်မယ်လို့လည်း ပြောတယ်။ ဒီစကားအတိုင်းဆိုရင် ကျွန်တော်တို့ အနာဂတ်ပျောက်သွားပြီပေါ့။ ဒီလိုမပြောခင်က အနာဂတ်ကိုမှန်းမျှော်လို့ရနိုင်သေးတယ်။ ဒီစကားပြောလိုက်မှ အမှောင်ကို ကြောက်လန့်ပြီး အမှောင်ထဲကို ခုန်ချလိုက်သလို ဖြစ်သွားတယ်။

(၂)

မအောင်မြင်ခဲ့တဲ့ သင်ရိုးညွှန်းတမ်း အဟောင်းကြီးကို ပြန်အသုံးပြုကြတယ်။ အတိတ်တွေဟာ အတိတ်မှာပဲ ကျန်ရစ်ခဲ့ပြီ။ ခေတ်ပေါ်နည်းပညာတွေကို အလွယ်တပ်ဆင်လိုက်ကြတော့ တလွဲတချော်တွေ ဖြစ်ကုန်ကြတယ်။ နောက်ကွယ်မှာ အခွင့်အရေးတွေကို ဖုံးကွယ်ထားပြီး အမှောင်ထဲကနေ ထင်မိထင်ရာတွေ လျှောက်ပြောသွားတဲ့လူက စိတ်ကူးယဉ်ဆန်ဆန် လျှောက်ပြော လျှောက်လုပ်သွားခဲ့တာ။ အစပိုင်းမှာ ဒီလူပြောတာ အမှန်တွေဖြစ်မယ်ထင်ပြီး လိုက်လုပ်ခဲ့ကြတယ်။ သနပ်ခါးတွေလည်း လူးခဲ့ကြတယ်။ ထဘီတွေလည်း ဦးခေါင်းအထက် တင်ခဲ့ကြတယ်။ တောခြောက်သလို သံပုံးတွေလည်း တီးခဲ့ကြတယ်။

တစ်ယောက်ပြောသမျှ မှန်တယ်လို့ ယုံကြည်လိုက်ခဲ့ကြတာ များခဲ့ပေမဲ့ နောက်ကျတော့ တဖြည်းဖြည်းနဲ့ ယုံကြည်မှုတွေ ပါးလျလာကြတယ်။ အစကတည်းက မူးယစ်ဆေးမိသလို ဆေးစွဲခဲ့ကြတော့ ခေတ်ကြီးလည်း ပြန်မထနိုင်တော့အောင် လဲကျသွားရပြီ။ ဒီပုံကြီးနဲ့ မိုးမလင်းနိုင်မှန်းလည်း သိလာကြပြီ။ ဒါပေမဲ့ အသိနောက်ကျခဲ့တယ်ပြောရမလား။ အမှောင်ထဲမှာ နေခဲ့ရတဲ့လူတွေ အမှောင်ကို ကြောက်ပြီး အမှောင်ကို ရှောင်ပြေးနေကြရင်း ပိုမှောင်သွားကြပြီ။

ဒီလိုနဲ့ ညက ပိုမှောင်သထက် ပိုမှောင်လာတယ်။ “ မကြာတော့ပါဘူး၊ အလင်းရောင်ကို မြင်တွေ့ရတော့မှာပါ” ဆိုပြီး ယုံကြည်နေကြတဲ့ လူတွေရှိနေသေးတယ်။ အဲဒီလို လူနုံ လူအ,တွေ ပေါများနေတာကိုကြည့်ပြီး မယုံကြည်နိုင်အောင် ဖြစ်နေရတယ်။ ခေတ်ကြီးက ဒီလိုဖြစ်နေမှတော့ ကလေးငယ်လေးတွေရဲ့ အနာဂတ် ပျောက်ဆုံးသွားရတော့မှာပါပဲ။

“ခေါင်းဆောင်ကြီးကျန်းမာပါစေ” လို့ အော်ဟစ်နေကြတာ ဘယ်ခေါင်းဆောင်ကြီးအတွက်လဲ။ ဒီတိုင်းပြည် ကောင်းလာဖို့အတွက်လား။ ဒီလိုဟစ်ကြွေးနေလို့ တိုင်းပြည်ကြီး တကယ်ကောင်းလာနိုင်မှာလား။ ခေါင်းဆောင်ကြီးဆိုတာကို ကြည့်လိုက်ရင် မသိစိတ်တွေဖြစ်အောင် ပြုစားထားတဲ့သူအတွက် အော်ဟစ်နေကြတာ။ တိုင်းပြည်ကို မာယာတွေနဲ့ လှည့်စားပြီး အရူးဆေးကျွေးထားခဲ့သလိုပဲ။ ဘယ်လိုပြုစားလိုက်တယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ပြောမယ်ဆို ကျွန်တော်တို့တောင် ဘယ်လိုပြုစားထားလိုက်တာ မြင်တွေ့ရတော့မှ အတော်အံ့သြသွားမိတယ်။

(၃)

အမှောင်ထဲကလူက မကြာပါဘူး။ မိုးလင်းတော့မယ်တဲ့။ အမှောင်ထဲမှာ နေသားကျနေတဲ့လူတွေကို အိပ်မက်က လန့်နိုးလိုက်သလိုပဲ။ ကယောင်ကတမ်း ထလာပြီး ယုံကြည်လိုက်ကြတယ်။ ဒီလိုစမ်းတဝါးဝါးနဲ့ ထအော်လိုက်ကြတာ ဘာနဲ့တူသလဲဆိုရင် တကယ်မကောင်းဘဲနဲ့ ကောင်းလာတော့မှာပါလို့ ပြောသူတစ်ယောက်စကားကို ယုံကြည်လိုက်ကြတာပါပဲ။ ဒါကို ယုံကြည်နေကြတဲ့ လူတွေကြောင့်လည်း တိုင်းပြည်ကြီးက ပိုပျက်စီးသွားရတယ်။ ကဗျာဆရာ “ မောင်လှမျိုး (ချင်းချောင်းခြံ)” ကတော့ ဒီလိုမျိုးဖြစ်နေတဲ့ တိုင်းပြည်ကြီးဟာ “ ဖြေဆေးမရှိ” မရှိနိုင်ဘူးတဲ့။ တကယ်မကောင်းဘဲနဲ့ ကောင်းတယ်လို့ ပြောနေတာ၊ တကယ်မတော်ဘဲနဲ့ တော်တယ်လို့ ပြောနေတာဟာ အနာဂတ်ကို သတ်ပစ်နေတာနဲ့ အတူတူပဲ။

ဟုတ်ပါတယ်။ ကဗျာဆရာဆိုတာ အမှန်ကို အမှန်အတိုင်း မြင်ပြီး ပြောရဲရလိမ့်မယ်။ ကဗျာဆရာစစ်စစ်ကို ပြောတာပါ။ ဒီခေတ်မှာ ဖားသလို၊ ကြောင်သလိုနဲ့ အချောင်သမား ကဗျာဆရာတွေကတော့ တကယ်မကောင်းဘဲနဲ့ တော်တယ်ကောင်းတယ်လို့ ပြောနေကြလိမ့်မယ်။ ပြုစားသူရဲ့ အပြုစားခံ အပြုံးမှာ ယစ်မူးနေကြတာလား။ အခွင့်အရေးကိုမျှော်မှန်းပြီး ဝိုင်းလိမ်နေကြတာလား ဆိုတာတော့ မသိပါဘူး။ ဒါမှမဟုတ် အောက်ခြေလွတ်ပြီး ရူးသွားအောင် အရူးဆေး ကျွေးခံထားရတာလား။   

တိုင်းပြည်ကပျက်နေပြီ။ တိုင်းပြည်ကြီးကို အရူးဆေးကျွေးနေသလိုပဲ။ တကယ်ကြည့်ရင် တိုင်းပြည်ကြီးက ရူးသွားပါပြီ။ ရူးနေတဲ့ တိုင်းပြည်ကို ရူးသွပ်နေသူတစ်ယောက်လက်ထဲ အပ်ထားလိုက်မယ်ဆိုရင်။ အမှောင်ညဟာ ပိုမှောင်သွားလိမ့်မယ်။ အမှောင်ကို ကြောက်ပြီး ရှောင်ပြေးကြသူတွေလည်း ပိုမှောင်သွားလိမ့်မယ်။ ဘဝတွေ ပိုမှောင်သွားရင် အနာဂတ် သေသွားမှာပဲ။ အမှောင်ကို ကြောက်လို့ အမှောင်ကို ရှောင်ပြေးနေသူတွေ အနာဂတ် သေသွားတာထက် ကလေးငယ်လေးတွေရဲ့ အနာဂတ် ပျောက်ဆုံးသွားမှာ တွေးလိုက်မိရင် ပိုထိတ်လန့်မိတယ်။

(၄)

ဒါဆို ကျွန်တော့်ကို မေးကြလိမ့်မယ်။ “မင်းက ညအမှောင်ထဲနေရတာ ကျေနပ်နေတာလား” ဆိုပြီး။ ဒီအမှောင်ညထဲက လွတ်အောင် ထိုးဖောက်ခဲ့ပြီးပြီ။ သင်ရိုးညွှန်းတမ်း အဟောင်းကြီးဆိုတာကိုလည်း အသုံးပြုခဲ့ပြီးပြီ။ အခုအချိန်မှာ ကျွန်တော်တို့အသုံးပြုခဲ့တဲ့ သင်ရိုးညွှန်းတန်းကို နည်းပညာအသစ်ဆိုတာတွေနဲ့ ကလေးကစားသလို စမ်းသပ်မယ်ဆိုရင် ဘယ်လိုမှမအောင်မြင်နိုင်ဘူးဆိုတာကို သိနေတယ်။ ကျွန်တော်တို့ ညအမှောင်မှာ အသိဉာဏ်စိတ်နဲ့ နေတတ်ရလိမ့်မယ်။ စိတ်ရှည်သည်းခံနိုင်ဖို့လည်း လိုပါလိမ့်မယ်။ အသိဉာဏ်မရှိ၊ စိတ်မရှည်နိုင်ဘဲ အမှောင်ကို ကြောက်လို့ဆိုပြီး အမှောင်ကို ရှောင်ပြေးခဲ့ကြရင် အခုလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့နေရမယ်။

ကျွန်တော် တွေးနေမိတာက ခေတ်ပေါ်နည်းပညာသစ်တွေ တဟုန်ထိုးတိုးတက်လာတဲ့ခေတ်ကြီးမှာ အသိစိတ်တွေ ပိုပြီးပါးလျလာကြတာကို တွေ့နေရတယ်။ နည်းပညာတွေက လက်တွေ့မြေပြင် အခက်အခဲကို မဖြေရှင်းနိုင်ဘူးဆိုတာ တွေ့လိုက်ရတယ်။ အတတ်ပညာတွေကတော့ သင်ရင် တတ်မှာပါပဲ။ အသိဉာဏ်ပညာတွေကတော့ ဘဝဖြတ်သန်းမှုအတွေ့အကြုံတွေခံစားဖူးမှ သိနိုင်တယ်။ ကလေးငယ်လေးတွေကိုလည်း အတတ်ပညာ သင်ယူခိုင်းသလို၊ အသိဉာဏ် ပညာတွေလည်း ဆင့်ကမ်းနိုင်မှ ဖြစ်တော့မယ်။ ဆရာဝန်အတတ်ပညာတွေ တတ်မြောက်အောင် သင်ကြားခဲ့ကြပြီးတော့ လူနာကို ဆေးမကုတော့ဘဲ စွန့်ခွာပြေးတာ လူနာတွေကို  သတ်ပစ်လိုက်တဲ့ အမှုမြောက်သလို စာသင်ကျောင်းက ဆရာဆရာမတွေ တာဝန်ယူထားပြီးမှ ကလေးငယ်တွေကို စာမသင်ဘဲ ပစ်ထားလိုက်ကြတာ ကလေးငယ်တွေရဲ့ အနာဂတ်ကို သတ်ပစ်လိုက်ရာကျတယ်။ အဲဒီလိုပဲ၊ အနာဂတ်လမ်းကို လျှောက်လှမ်းရမယ့် ကလေးငယ်လေးတွေကို ကျောင်းမတက်ခိုင်းတဲ့လူတွေဟာလည်း ကလေးငယ်တွေရဲ့ အနာဂတ်ကို ရိုက်ချိုးပစ်နေကြတာပဲ။

အခုအချိန်မှာတော့ မိုးမလင်းနိုင်သေးတဲ့ ညအမှောင်ကို ရှောင်ပြေးလို့မရနိုင်သေးဘူးဆိုတာကို သိစေချင်တယ်။ တစ်ချိန်ချိန်မှာတော့ ညအမှောင်ထုကြီး ပါးလျလာပြီး နံနက်အလင်းကို တွေ့မြင်နိုင်ရမှာပါ။ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အမှောင်ညထဲက အတိတ်ကာလတွေ ပြန်မရနိုင်တော့ဘူး။ လရောင် ကြယ်ရောင် မှိန်ပျပျနဲ့ လျှောက်လှမ်းလာတဲ့ လမ်းဟာ ရှေ့ဆက်လှမ်းလို့မရတော့အောင် ပိုမှောင်မည်းသွားပြီ။ ဒီလိုဖြစ်တာ အမှောင်ကိုကြောက်ပြီး အမှောင်ကိုရှောင်ပြေးနေသူတွေ ခံစားနေကြရပြီ။

တကယ်မကောင်းဘဲနဲ့ ကောင်းတယ်လို့ပြောနေတာ၊ တကယ်မတော်ဘဲနဲ့ တော်တယ်လို့ပြောနေတာဟာ အနာဂတ်ကို သတ်ပစ်နေတာနဲ့ အတူတူပဲဆိုတာလို ကိုယ်ကျိုးကြည့်သူတစ်ယောက်၊ တစ်စုရဲ့လိမ်ညာ စကားကို အမှန်ဆိုပြီး ယုံကြည်လွယ်ခဲ့ကြတဲ့ အကျိုးဆက်ဆိုးကြီးက အနာဂတ်ကို သတ်ပစ်လိုက်တယ်။

ညအမှောင်ကိုကြောက်လို့ အမှောင်ထဲ ရောက်သွားတဲ့ ညနေအကြောင်း တွေးလိုက်မိရင် ရင်နာစရာကောင်းလိမ့်မယ်။ ညနေခင်းလို လူတွေရဲ့ဘဝတွေလည်း အမှောင်ကို ကြောက်လို့ဆိုပြီး အမှောင်ကို ရှောင်ပြေးနေရင်း ပိုမှောင်သွားရတယ်။ တစ်ချိန်မှာ လင်းလာတော့မယ့် အနာဂတ်ကို ရောက်အောင် လျှောက်လှမ်းနေတဲ့ ကလေးငယ်လေးတွေရဲ့ အနာဂတ်ကိုတော့ မသတ်ပစ်လိုက်ကြပါနဲ့။

Most Read

Most Recent