စီးရီးအေကလပ် ရိုးမားအသင်းသည် လက်ရှိနည်းပြ ပေါ်လိုဖွန်ဆီကာနှင့် ယခုရာသီကုန်တွင် လမ်းခွဲမည်ဖြစ်ပြီး နည်းပြသစ်အဖြစ် နာမည်ကျော်ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုအား (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
အသက် (၅၈) နှစ်အရွယ်ရှိ မော်ရင်ဟိုသည် ပြီးခဲ့သည့် ဧပြီ (၁၉) ရက်နေ့က စပါးအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပြီး (၁၅) ရက်အကြာတွင် ရိုးမားအသင်းအား ကိုင်တွယ်ရန် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။
ရိုးမားအသင်းသည် မေ (၄) ရက်နေ့က လက်ရှိအသင်းနည်းပြ ဖွန်ဆီကာနှင့် ရာသီကုန်တွင် လမ်းခွဲမည်ဖြစ်ကြောင်းကြေညာ ခဲ့ပြီး နာရီပိုင်းအကြာတွင်ပင် မော်ရင်ဟိုအားလာမည့် ၂၀၂၁-၂၂ ရာသီမှစတင်ကာ နည်း ပြသစ်ခန့်အပ်သွားမည်ဖြစ်ကြောင်း ထပ်မံ ကြေညာခဲ့ခြင်းဖြစ်သည်။ ရိုးမားအသင်း သည် မော်ရင်ဟို၏နည်းပြဘဝတွင် (၁၀) သင်း မြောက်ကိုင်တွယ်သည့်အသင်းဖြစ်ခဲ့ပြီး ဒုတိယ မြောက်ကိုင်တွယ်သည့် အီတလီကလပ်အသင်းလည်းဖြစ်ခဲ့သည်။

မော်ရင်ဟိုသည် စီးရီးအေကလပ်အသင်းတစ်သင်းဖြစ်သော အင်တာမီလန်အ သင်းအား ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ (၂) ရာသီကြာကိုင်တွယ်ခဲ့ဖူးပြီး တစ်ရာသီအ တွင်းဖလား (၃) လုံးအောင်ပွဲ (ချန်ပီယံလိဂ်၊ စီရီးအေ၊ ကိုပါအီတာလီယာ) အပါအဝင်ဆုဖလား (၅) လုံးအထိရယူခဲ့သူဖြစ်သည်။ ရိုးမား အသင်းသည် ယခုရာသီအပါဝင် စီးရီးအေနောက်ဆုံး (၃) ရာသီဆက် ချန်ပီယံလိဂ်ဝင်ခွင့် နှင့်လွဲချော်ခဲ့ပြီးနောက် အသင်း၏အရှိန်အဝါအား ပြန်လည်မြှင့်တင်နိုင်ရန် အီတလီ၌ အောင်မြင်မှုများစွာရယူခဲ့ဖူးသည့် မော်ရင်ဟို အား နည်းပြအဖြစ်ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
မော်ရင်ဟိုသည် ရိုးမားအသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမည် ဖြစ်ပြီး ၎င်းအားရွေးချယ်ခဲ့သည့်အတွက် ရိုးမားအသင်းအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ မော်ရင်ဟိုက ''ရိုးမားလို ထိပ်တန်းကလပ်အသင်းကို ဦးဆောင်ခွင့်ရ ပြီး ဒီအသင်းရဲ့အနာဂတ်အစိတ်အပိုင်းအ ဖြစ်ပါဝင်ခွင့်ရအောင် ကျွန်တော့်ကိုရွေးချယ် ခဲ့တဲ့ ဖရက်ဒ်ကင်မိသားစု (ရိုးမား၏ရှယ်ယာ အများဆုံးပိုင်ရှင်) ကိုကျေးဇူးတင်ပါတယ်'' ဟု နည်းပြသစ်အဖြစ်ခန့်အပ်အပြီးတွင် ပြော ကြားခဲ့သည်။

ထို့ပြင်ရိုးမားအသင်း၏ ဥက္ကဋ္ဌ ဒန်းဖရက်ဒ်ကင်နှင့် ဒု-ဥက္ကဋ္ဌ ရိုင်ယန်ဖရက်ဒ် ကင်တို့ကလည်း မော်ရင်ဟိုအား နည်းပြအ ဖြစ်ခန့်အပ်နိုင်ခဲ့သည့်အတွက် ကြည်နူးပျော် ရွှင်မိကြောင်းနှင့် ရိုးမားမိသားစုမှ မော်ရင်ဟိုအား ကြိုဆိုကြောင်း ပြောကြားခဲ့သည်။















