ဂျီဟတ်တို့အပေါ် လွှမ်းမိုးနေဆဲဖြစ်သည့် ဘင်လာဒင်၏ ၀ါဒကွန်ရက်

ဂျီဟတ်တို့အပေါ် လွှမ်းမိုးနေဆဲဖြစ်သည့် ဘင်လာဒင်၏ ၀ါဒကွန်ရက်
Photo:AFP
Photo:AFP
Published 3 May 2021
ခိုင်

ပါကစ္စတန်တွင် အမေရိကန်၏ တိုက်ခိုက်မှုအတွင်း အယ်ကေဒါအဖွဲ့ ထူထောင်သူ အိုစမာဘင်လာဒင် သေဆုံးသွားခဲ့ပြီး နောက်ပိုင်း လက်ရှိအချိန်အထိ ၁၀ နှစ်ကာလအတွင်း ဘင်လာဒင်သည် ဂျီဟတ်စစ် သွေးကြွများကို လှုံ့ဆော်စည်းရုံးနိုင်နေဆဲ ဖြစ်သည်။

မြေပြင်တွင် ဘင်လာဒင်၏ အုတ်ဂူတည်ဆောက်၍ ဂါရဝပြုခြင်းများ မရှိလာစေရန်အတွက် ဘင်လာဒင်၏ရုပ်အလောင်းကို အမေရိကန်လေယာဉ်တင်သင်္ဘော၏ ကုန်းပတ်ပေါ်မှ အာရေးဘီးယန်းပင်လယ် အတွင်းသို့ ပစ်ချခဲ့သည့်တိုင်အောင် အစွန်းရောက် အစ္စလာမ္မစ်များအတွက်မူ ဘင်လာဒင်သည် စံနမူနာပြုရာ ပြယုဂ်တစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတွင်းက ကြီးကြီးမားမား ပြောင်းလဲခဲ့သော နှစ်ခြမ်းကွဲ ဂျီဟတ် ၀ါဒအခင်းအကျင်းအတွင်း၌ပင် ဘင်လာဒင်သည် ဂျီဟတ်တို့၏ ၀ါဒဖြန့်မှုတွင် အဓိကကျသည့်နေရာ၌ ပါဝင်နေဆဲဖြစ်သည်။

ဆော်ဒီနိုင်ငံသားဖြစ်သူ ဘင်လာဒင်သည် ၀ါဒဖြန့်မှု၏အရေးပါပုံကို ကောင်းစွာ သိရှိနားလည်ထားသူဖြစ်ကာ ထိုဝါဒဖြန့်မှုကပင် ဘင်လာဒင်သေဆုံးပြီးနောက်ပိုင်း ကာလများအတွင်း သြဇာတိက္ကမ ပြည့်စုံသည်ဟု ဂျီဟတ်တို့ ယူဆကြသော ဘင်လာဒင်၏ ပုံရိပ်ကို ပိုမိုကြီးထွားလာစေရန် အကူအညီပေးခဲ့ခြင်းဖြစ်သည်။

ကိုယ်တိုင်လက်နက်ကိုင်၍ တိုက်ခိုက်နေသော ဘင်လာဒင်၏ပုံကို မြင်တွေ့ရရန် ခဲယဉ်းသော်လည်း ဘင်လာဒင်အား ရိုက်ကူးထားသည့် ဗီဒီယိုဟောင်းများထဲတွင် ဘင်လာဒင်၏နံဘေး၌ ချေမှုန်းရေးရိုင်ဖယ် တစ်လက် အမြဲရှိနေသည်ကို တွေ့မြင်ရသည်။

“အလုပ်တစ်ခု၊ ရည်မှန်းချက်တစ်ခုမှာပဲ စိတ်နှစ်မြှုပ်ထားတဲ့ နောက်လိုက်တွေကို လက်သပ်မွေးနိုင်ဖို့အတွက် အိုစမာဘင်လာဒင်က အများအမြင်မှာ သူရဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်နေတယ်ဆိုတဲ့ အထင်ရှိစေဖို့ ဂရုတစိုက်နေခဲ့ပါတယ်။ ရိုးရာဝတ်စုံ ဝတ်ထားပြီး ဘာသာတရားကို အလွန်ရိုသေ ကိုင်းရှိုင်းပုံပေါက်နေတဲ့ ဘင်လာဒင်ရဲ့ပုံကို ဓာတ်ပုံထဲမှာ တွေ့ရတိုင်း သူလက်လှမ်းမီတဲ့ နေရာမှာ သူ့ရဲ့ AK-47 ရိုင်ဖယ်က အမြဲရှိပါတယ်။ တစ်ခါတစ်ရံ အဲ့လက်နက်ကို သူဝတ်ထားတဲ့ အပေါ်ရုံအင်္ကျီထဲမှာ ထားထားပါတယ်။ သူ့ရဲ့ပုံရိပ်က စိတ်ပိုင်းဆိုင်ရာအရရော၊ စစ်မက်ရေးရာအရပါ ဂျီဟတ်တွေရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တယ်ဆိုတာကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ပြသနေပါတယ်” ဟု American Enterprise Insitute ၏ Critical Therats Project အစီအစဉ်အတွက် အကြံပေးသူတစ်ဦးဖြစ်သော Katherine Zimmerman က ပြောကြားခဲ့သည်။

မအောင်မြင်နိုင်သော စစ်ပွဲ

“ဘင်လာဒင်က သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အများအမြင်မှာ တင့်တယ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ မြှင့်တင်ခြင်းကနေ အထူးသဖြင့် တိုက်ခိုက်ရေးသမားသစ် စုဆောင်းတဲ့နေရာမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဂျီဟတ်သတင်းမီဒီယာထက် မကြာခဏ ပေါ်လာလေ့ရှိလို့ မီဒီယာကို ကြိုက်နှစ်သက်နေသူတစ်ဦးအဖြစ် ဘင်လာဒင် ဝေဖန်ခံခဲ့ရပေမယ့် အယ်ကေဒါရဲ့ဝါဒကို ဖြန့်ရာမှာ အဲ့ဒီသတင်းမီဒီယာပလက်ဖောင်းတွေက အဓိက အရေးပါနေတယ်ဆိုတာကို သူ သိနားလည်ထားပါတယ်” ဟု အမေရိကန်အခြေစိုက် Soufan Center အကြံပေးဌာနမှ သုတေသနဆိုင်ရာ ညွှန်ကြားရေးမှူး Colin Clarke က ဆိုသည်။

ဘင်လာဒင်၏ ညွှန်ကြားမှုဖြင့် အယ်ကေဒါအဖွဲ့ငယ်တစ်ဖွဲ့က အမေရိကန်တွင် တိုက်ခိုက်မှုပြုလုပ်ခဲ့သော ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နောက်ပိုင်း အစွန်းရောက် အစ္စလာမ္မစ်စစ်သွေးကြွများကို ချေမှုန်းနိုင်ရန် အမေရိကန်က ဒေါ်လာ ဘီလျံနှင့်ချီ သုံးစွဲခဲ့သည်။

သို့သော် လက်ရှိတွင် ကမ္ဘာတစ်ဝန်းလုံး၌ ရှိနေသော အစွန်းရောက်ဂျီဟတ်အရေအတွက်မှာ လွန်ခဲ့သောနှစ် ၂၀ ကရှိခဲ့သည့် အရေအတွက်နှင့်ယှဉ်ပါက ပိုမိုများပြားလာခဲ့သည်။

၉/၁၁ တိုက်ခိုက်မှု နှစ် ၂၀ ပြည့်ကို အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းခြင်းဖြင့် အထိမ်းအမှတ်ပြုရန် စီစဉ်နေသည့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ဂျီဟတ်စစ်သွေးကြွများအား ချေမှုန်းသည့် အမေရိကန်၏စစ်ဆင်ရေး အပြည့်အဝအောင်မြင်ခဲ့သည်ဟူသော ထုတ်ပြန်ချက်မျိုး မထုတ်ပြန်နိုင်သေးပေ။

ဘင်လာဒင်သည် စစ်ပွဲဖြစ်ပွားနေသည့် နေရာများကို ဂျီဟတ်တို့အတွက် စစ်ရေးလေ့ကျင့်ရာ နေရာများအဖြစ် ပြောင်းလဲပစ်ခဲ့ခြင်းနှင့်အတူ ဘော့စ်နီးယားမှသည် ချေချင်းညာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆိုမာလီယာတို့တွင် ဖြစ်ပွားသော ပဋိပက္ခများသည် နေရပ်နိုင်ငံပြင်ပ၌ အဖျက်လုပ်ငန်းများ အကြီးအကျယ်လုပ်ဆောင်ရန် စီစဉ်နေကြသည့် အစွန်းရောက်ဂျီဟတ်များအတွက် ကျယ်ပြန့်သော နေရာ ရရှိစေရန် ဖန်တီးပေးခဲ့သည်။

“အမေရိကန်ကို တိုက်ခိုက်မယ်လို့ ဘင်လာဒင် တကယ်လည်း ခြိမ်းခြောက်ခဲ့တယ်။ ခြိမ်းခြောက်ခဲ့တဲ့အတိုင်းပဲ တိုက်ခိုက်မှုအောင်မြင်ခဲ့တယ်။ ပြီးတော့ သူက သူစီစဉ်ထားတဲ့အတိုင်း တစ်စတစ်စဆုတ်ယုတ်လာနေတဲ့ အာဖဂန်စ္စတန်ရဲ့ မအောင်မြင်နိုင်တဲ့ စစ်ပွဲအတွင်း အမေရိကန်ကို ဆွဲသွင်းနိုင်ခဲ့တယ်” ဟု Clarke က ပြောကြားခဲ့သည်။

ဘင်လာဒင် သေဆုံးပြီးနောက်ပိုင်းတွင် အစ္စလာမ္မစ်အစွန်းရောက်ဝါဒ ပြောင်းလဲသွားခဲ့ခြင်းနှင့်အတူ အယ်ကေဒါအဖွဲ့သည် ကမ္ဘာ့အထင်ရှားဆုံး ဂျီဟတ်ကွန်ရက် ဟူသည့် အနေအထားကို IS အဖွဲ့ထံ လက်လွှတ်ခဲ့ရသည်။ IS အဖွဲ့သည် အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေဒေသအများအပြားကို ထိန်းချုပ်ထားသည့် အဖွဲ့ဖြစ်သည်။

အယ်ကေဒါအဖွဲ့နှင့် IS အဖွဲ့သည် အညှာအတာမဲ့မှုနှင့် အစွန်းရောက်အတွေးအခေါ် ထက်သန်မှုချင်း တူညီသော်လည်း အဖွဲ့အင်အား လုံးဝပေါင်းစည်းခြင်းမရှိဘဲ မည်သည့်နည်းနှင့်မျှ မပြေလည်နိုင်သော ရန်ဘက်များဖြစ်လာခဲ့ကြကာ အထူးသဖြင့် အာဖရိက၏ ဆာဟေးဒေသနှင့် ဆီးရီးယားတွင် ဖြစ်ပွားသော စစ်တလင်းအတွင်း ထိုအဖွဲ့နှစ်ဖွဲ့၏ ငြိုးမာန်မှာ ပိုမိုပြင်းထန်လာခဲ့သည်။

“၂၀၁၄ ခုနှစ် မတိုင်မီ ဘင်လာဒင် သေဆုံးသွားခဲ့ပြီးတဲ့အချိန်ကစလို့ IS အဖွဲ့နဲ့ အယ်ကေဒါအဖွဲ့ကြားက အကွဲအပြဲဇာတ်လမ်း စလာခဲ့ပါတယ်။ ဒါပေမယ့် ဘင်လာဒင်ကတော့ IS အကြမ်းဖက်သမားတွေအကြား ထောက်ခံမှုရနေတယ်လို့ ရှုမြင်ခံနေရဆဲပါပဲ။ အချို့သော နည်းလမ်းတွေမှာ IS အဖွဲ့က ဘင်လာဒင်ရဲ့ လမ်းစဉ်ကို အမှန်တကယ်လိုက်ကြမယ့် သူတွေအဖြစ် ကိုယ့်ကိုယ်ကိုယ် ယူဆနေကြတယ်” ဟု Jihadology ဝက်ဘ်ဆိုက်ကို ထူထောင်ထားသည့် သုတေသီ Aaron Zelin က ဆိုသည်။

ဂျီဟတ်မီဒီယာတွင် အမွှမ်းတင်ခံရသူ

ဂျီဟတ်ဝါဒီ အဝန်းအဝိုင်းအတွင်း၌မူ ဘင်လာဒင်၏ မဟာဗျူဟာသည် အငြင်းပွားဖွယ် ဖြစ်နေပြီး အထူးသဖြင့် အမေရိကန်ကို တိုက်ခိုက်ရန် ၎င်း၏ ဆုံးဖြတ်ချက်သည် အချို့သော ဂျီဟတ်အစွန်းရောက်များအတွက် ဆန္ဒနှင့် ရလဒ် တစ်ခြားစီဖြစ်ခဲ့သည်။

“အမေရိကန်ကို တိုက်ခိုက်တဲ့လုပ်ရပ်က မဟာဗျူဟာကျတဲ့ အမှားတစ်ခုလို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံနေရဆဲပါ” ဟု Global Jihad: A Brief History စာအုပ်၏ စာရေးဆရာ Glenn Robinson က ပြောကြားခဲ့သည်။

အယ်ကေဒါအဖွဲ့၏ အဖွဲ့ခွဲများသည် ဆာဟေး၊ ဆိုမာလီယာ၊ ယီမင်၊ ဆီးရီးယား တို့တွင် လှုပ်ရှားနေကာ ဘင်လာဒင်၏ ရုပ်ပုံများကို အင်္ကျ ီများပေါ်တွင် တံဆိပ်ရိုက်နေဆဲဖြစ်သလို မော်တော်ကားများပေါ်တွင် ၎င်း၏နာမည်ကို ဆေးသုတ်ခြင်း၊ ဆန္ဒပြလှုပ် ရှားမှုများတွင် ဘင်လာဒင်ပုံစံရုပ်တုများ ကိုင်ဆောင်ခြင်းတို့ ရှိနေဆဲဖြစ်သည်။

“အိုစမာ ဘင်လာဒင်က ဂျီဟတ် မီဒီယာထက်မှာ အမွှမ်းတင်ခံနေဆဲပါပဲ။ ၀ါဒဖြန့်မှုမှာ ပါဝင်နေဆဲပါပဲ” ဟု Zimmerman က ပြောကြားခဲသည်။

Most Read

Most Recent