မြို့ကြီးများတွင် ဖမ်းဆီးထားသူများအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို လုံခြုံရေး အခြေအနေများကြောင့် ပြောကြားနိုင်ခြင်းမရှိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ပြောကြား

မြို့ကြီးများတွင် ဖမ်းဆီးထားသူများအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို လုံခြုံရေး အခြေအနေများကြောင့် ပြောကြားနိုင်ခြင်းမရှိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ပြောကြား
Published 30 April 2021

မြို့အသီးသီးတွင် ဖမ်းဆီးထားသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို လုံခြုံရေး အခြေအနေများကြောင့် ပြောကြားနိုင်ခြင်းမရှိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ကြီးအေးသဇင်မြင့်က ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို ဧပြီ ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် Zoom Meeting ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက် တစ်ဦးက မြို့ကြီးများတွင် ဖမ်းဆီးထားသူများ မည်သည့်နေရာတွင် ထားရှိသနည်းနှင့် ကျန်းမာရေး မကောင်းသူများ မိသားစုနှင့် ဆက်သွယ်ခွင့်ရှိ မရှိ သိလိုကြောင်း မေးမြန်းမှုအပေါ် ဗိုလ်ကြီးအေးသဇင်မြင့်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ကြီးအေးသဇင်မြင့်က “ဘယ်မှာ ဖမ်းဆီးထားတယ် ဆိုတာကတော့ ဘက်တစ်ဘက်က လုံခြုံရေး အခြေအနေတွေကြောင့် ပြောကြားနိုင်ခြင်း မရှိတာတွေလည်း ရှိပါတယ်။ သေချာတာကတော့ ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်။ လက်ရှိ အချို့ကို စစ်ဆေးနေဆဲကာလလည်း ဖြစ်ပါတယ်။ အဲဒီထဲကမှ အပြစ်မရှိတဲ့ သူတွေကို ပြန်လည်စေလွှတ်မှာ ဖြစ်ပြီးတော့ အပြစ်ရှိတဲ့သူတွေကို ဥပဒေ နဲ့အညီပဲ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ထိန်းသိမ်းစစ်ဆေးမှုတွေကိုလည်း ဥပဒေနဲ့အညီ ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။

အလားတူ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းတွင် ဖေဖော်ဝါရီလမှ စတင်ကာ ဖမ်းဆီးခံထားရသူ အမျိုးသား ၂၅၀၀ ကျော်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်သည့်အတွက်ကြောင့် အမျိုးသားလူငယ်များ အဓိကဖမ်းဆီးခြင်းများ ပြုလုပ်နေသနည်းဟု AP သတင်းဌာနက မေးမြန်းခဲ့သည်။

ထိုသို့ AP သတင်းဌာန၏ မေးမြန်းအပေါ် ဗိုလ်ကြီးအေးသဇင်မြင့်က “ AAPP ရဲ့ စာရင်း ထုတ်ပြန်ချက်တွေက တကယ်ဟုတ် မဟုတ်ဆိုတာကို ဘယ်လို သက်သေပြနိုင်ပါသလဲ။ ပြီးတော့ သူတို့ထုတ်ပြန်တဲ့ အရေအတွက်နဲ့ ထွက်လာတဲ့ အမည်စာရင်းကကော တိုက်ဆိုင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးပါသလား။ အဲဒီလိုမျိုး တိကျတဲ့အဖြေကော ထုတ်နိုင်ပါလား။ ဒါကြောင့်မို့လို့ တရားဝင်ထုတ်ပြန်တဲ့ အစိုးရက သတင်းအချက်အလက်တွေ နဲ့ အခြေအမြစ်မရှိတဲ့ AAPP က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေက ဘယ်ဟာက ပိုပြီးတော့ ခိုင်မာမှုရှိလဲဆိုတာ စဉ်းစားစေလိုပါတယ်။ လုံခြုံရေးအဖွဲ့ဝင်တွေက တကယ်တော့ အမျိုးသား၊ အမျိုးသမီး၊ လူငယ်၊ လူကြီး ရွေးပြီး ဖမ်းဆီးတာ မရှိပါဘူး။ ဆူပူအကြမ်းဖက်တာတွေ၊ ဆူပူ ဆန္ဒပြတာတွေ၊ လှုံ့ဆော်တာတွေ အဲဒီလိုမျိုးတွေလုပ်တဲ့ အဲဒီလုပ်ငန်းစဉ်တွေမှာ ပါဝင်တဲ့သူတိုင်း ဥပဒေနဲ့အညီ ထိန်းသိမ်းထားတာပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent