စပါးအသင်းဥက္ကဋ္ဌ လီဗီသည် မော်ရင်ဟိုကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် အစားထိုးရန် နည်းပြသစ် ရှာဖွေနေရာတွင် တိုက်စစ်အားသန်သည့်နည်းပြကို ခန့်အပ်ရန် ဆန္ဒရှိနေပြီး အေဂျက်စ်နည်းပြ တန်ဟက်ဂ်ကို မျက်စိကျနေကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။
စပါးအသင်းသည် လက်ရှိအချိန်၌ ကစားသမားဟောင်း ရိုင်ယန်မေဆင်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ ခန့်အပ်ထားပြီး နွေ ရာသီ၌ နည်းပြသစ် ခေါ်ယူသွားမည်ဖြစ်သည်။
ယင်းအတွက် မူလက လိုက်ပ်ဇစ်နည်းပြ နာဂယ်စ်မန်းကို ပစ်မှတ်ထားခဲ့သော်လည်း ယခုအခါ ဘိုင်ယန်မြူးနစ်အသင်းက နာဂယ်စ်မန်း နည်းပြအဖြစ် ခန့်အပ်ခဲ့သည့်အတွက် အေဂျက်စ်နည်းပြ တန်ဟက်ဂ်ကို ပြောင်းလဲချိန်ရွယ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
စပါးအသင်းဥက္ကဋ္ဌ လီဗီသည် နည်းပြသစ်ကို ယူရို-၂၀၂၀ ပြိုင်ပွဲမတိုင်မီ ခန့်အပ်နိုင်ရန် လိုလားနေသည့်အတွက် ယခုအချိန်ကတည်းက ရွေးချယ်မှုပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
လီဗီသည် မော်ရင်ဟို ကိုင်တွယ်စဉ်အတွင်း အသင်း၏ ကစားပုံနှင့်ပတ်သက်၍ ဝေဖန်ပြစ်တင်ခြင်း ခံခဲ့ရသောကြောင့် တိုက်စစ်အားသန်နည်းပြကို အစားထိုးခန့်အပ်ရန် ရည်ရွယ်နေခြင်းဖြစ်ပြီး တန်ဟက်ဂ်ကို ဦးစားပေးပစ်မှတ်ထားနေသော်လည်း လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာနှင့် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်တို့ကိုလည်း ချိန်ရွယ်နေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
ထို့ပြင် ယာယီနည်းပြ ရိုင်ယန်မေဆင်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါက အမြဲတမ်းနည်းပြရာထူးအတွက် မျှော်လင့်ချက်ရှိကြောင်း သိရသည်။















